အသုံးပြုပုံများ
Bristopen (ဘရစ်ဆတိုပန်) ကို ဘာအတွက်အသုံးပြုကြသလဲ
Oxacillin သည် ပင်နီဆလင် အမျိုးအစား ပဋိဇီဝ ပိုးသတ်ဆေးတမျိုးဖြစ်ပြီး ဘက်တီးရီးယားပိုးမွှားများ၏ ဆဲလ်နံရံများကြီးထွားမှုကို ပိတ်ဆို့တားဆီးခြင်းဖြင့် အဆိုပါ ဘက်တီးရီးယားများကို ချေမှုန်းပစ်နိုင်ပါသည်။ အချို့သော ဘက်တီးရီးယား ပိုးမွှားများကြောင့် ဖြစ်သော ကူးစက်ရောဂါများကို ကုသရန်အတွက် Bristopen® ကို အသုံးပြုသည်။
Bristopen (ဘရစ်ဆတိုပန်) ဘယ်လိုသောက်သုံးသင့်သလဲ
Oxacillin ကို ထိုးဆေးအဖြစ် ဆေးရုံဆေးခန်းများတွင်သာ အသုံးပြုလေ့ရှိပြီး သင့်အနေဖြင့် Oxacillin ထိုးဆေးကို အိမ်တွင် မိမိဖာသာသုံးစွဲမည်ဆိုလျှင် အသုံးပြုနည်းကို ဆရာဝန်က သင့်အားသေချာစွာ သင်ပေးမည် ဖြစ်ပါသည်။
Oxacillin အသုံးပြုနည်းကို သေချာစွာ သိရှိနားလည်မှ မိမိဖာသာအသုံးပြုရမည်ဖြစ်ပြီး ညွှန်ကြားထားသော အချက်များကို အတိအကျ လိုက်နာပါ။ မရှင်းလင်းသည်များရှိပါက ဆရာဝန်ကို မေးမြန်းပါ။ ဆေးရည်ထဲတွင် အမှုန်များရှိနေလျှင်၊အရောင်နောက်နေလျှင် သို့မဟုတ် အရောင်ပြောင်းသွားလျှင်၊ဆေးပုလင်းတွင် အက်ကွဲရာရှိနေလျှင်၊ပျက်စီးနေလျှင် အဆိုပါ Oxacillin ဆေးပုလင်းကို မသုံးစွဲပါနှင့်။
သင့်ခန္ဓါကိုယ်ထဲရှိ ဘက်တီးရီးယားပိုးမွှားများကို အပြီးတိုင်ရှင်းလင်းသွားစေရန်အတွက် Oxacillin ကို သတ်မှတ်ထားသည့်ကာလအတိုင်း ဆေးပတ်လည်အောင် သုံးစွဲရပါမည်။ ဆေးစတင်သုံးစွဲပြီး ရက်အနည်းငယ်အကြာတွင် ရောဂါလက္ခဏာများ သက်သာသွားလျှင်ပင် သတ်မှတ်ရက်ပြည့်အောင် ဆေးကို ဆက်လက်သုံးစွဲရပါမည်။
ဆေးပုလင်းများ၊ဆေးထိုးအပ်များကို ကလေးများနှင့် အိမ်မွေးတိလေးများ အလှမ်းမမီသော နေရာတွင်ထားပါ။ ဆေးထိုးအပ်များ အပါအဝင် ဆေးထိုးရာတွင် အသုံးပြုသော မည်သည့်ပစ္စည်းကိုမှ နောက်တကြိမ် ထပ်မံအသုံးမပြုရပါ။ တခါသုံးပြီးလျှင် လွှင့်ပစ်ရပါမည်။ အဆိုပါ ပစ္စည်းများကို မည်သို့အန္တရာယ်ကင်းစွာ စွန့်ပစ်ရမည်ကို မသိလျှင် သင့်ဆရာဝန်အား မေးမြန်းပါ။ စည်ပင်သာယာမှ ချမှတ်ထားသော အမှိုက်စွန့်ပစ်ခြင်းဆိုင်ရာ စည်းကမ်းများကို လိုက်နာပါ။
Bristopen (ဘရစ်ဆတိုပန်) ဘယ်လိုသိမ်းဆည်းရမလဲ
Oxacillin ကို ပုံမှန်အားဖြင့် ဆရာဝန်များကသာ ကိုင်တွယ်သိမ်းဆည်းလေ့ရှိပါသည်။ ထို့ကြောင့် သင့်အနေဖြင့် Oxacillin ဆေးကို အိမ်တွင် သိမ်းဆည်းရတော့မည်ဆိုလျှင်း ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူက ညွှန်ကြားသည့်အတိုင်း တသွေမတိမ်းလိုက်နာပြီး သိမ်းဆည်းရပါမည်။Oxacillin ဆေးကို ကလေးများနှင့် အိမ်မွေးတိလေးများ အလှမ်းမမီသော နေရာတွင်ထားပါ။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Bristopen (ဘရစ်ဆတိုပန်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ
အောက်ပါအချက်တွေရှိပါက သင့်ဆရာဝန်ကို အသိပေးပါ။
- oxacillin သို့မဟုတ် အခြားသော ပင်နီဆလင် အမျိုးအစား ဆေးများနှင့် ဓါတ်မတည့်လျှင် (ဥပမာ amoxicillin)။
- tetracycline အမျိုးအစား ပဋိဇီဝပိုးသတ်ဆေးများ သောက်နေရလျှင် (ဥပမာ doxycycline)
- ဆေးဝါးကုသမှု သို့မဟုတ် သွားနှင့်ခံတွင်းပိုင်းဆိုင်ရာ ကုသမှု၊အရေးပေါ်ကုသမှု သို့မဟုတ် ခွဲစိတ်ကုသမှုတို့မပြုလုပ်မီ oxacillin ကို သောက်ထားလျှင်။
- သင့်တွင်ကိုယ်ဝန်ရှိနေလျှင်၊ကိုယ်ဝန်ရရန် ကြိုးစားနေလျှင် သို့မဟုတ် ကလေးနို့တိုက်နေလျှင်။
- ဆရာဝန်ညွှန်ကြားထားသောဆေးများ၊ဆရာဝန်ဆေးစာမလိုသောဆေးများ၊သဘာဝသစ်ဥသစ်ဖုများမှ ထုတ်လုပ်ထားသောဆေးများ သို့မဟုတ် အာဟာရဖြည့်စွက်စာများ သုံးစွဲနေလျှင်။
- ဆေး၊အစားအသောက် သို့မဟုတ် အခြားအရာတခုခုနှင့် ဓါတ်မတည့်လျှင်။
- ရေဓါတ်ခမ်းခြောက်နေလျှင်။
- cephalosporin အမျိုးအစား ပိုးသတ်ဆေးများ(ဥပမာ cephalexin) သို့မဟုတ် beta-lactam အမျိုးအစား ပိုးသတ်ဆေးများ (ဥပမာ imipenem) နှင့် ပြင်းထန်သော ဓါတ်မတည့်ခြင်းများ ရှိဖူးလျှင် (အနီစက်များထွက်လာခြင်း၊အင်ပျဉ်များထခြင်း၊အသက်ရှုရခက်ခြင်း၊မူးဝေထိုင်းမှိုင်းခြင်း စသည်)။
ပြောင်းဖူး သို့မဟုတ် ပြောင်းဖူးမှထုတ်လုပ်ထားသောပစ္စည်းများနှင့် ဓါတ်မတည့်လျှင်။ ထို့အပြင် အောက်ပါအချက်များကိုလည်း သိထားသင့်ပါသည်။
- Oxacillin သည် ပဋိဇီဝဆေးဖြစ်သဖြင့် ဘက်တီးရီးယားပိုးမွှားများကိုသာ နှိမ်နင်းနိုင်ပြီး ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ရောဂါများကို မကုသပေးနိုင်ပါ (ဥပမာ သာမန်အအေးမိခြင်း၊ရာသီတုပ်ကွေး စသည်)။
- Oxacillin ကို ဆေးပတ်လည်အောင် သောက်ရပါမည်။ ထိုသို့မဟုတ်လျှင် ဆေးအနေဖြင့် ဘက်တီးရီးယားပိုးမွှားများကို အကုန်အစင် သုတ်သင်နိုင်မည်မဟုတ်သည့်အတွက် ဆေးမတိုးတော့ခြင်းများ ဖြစ်လာနိုင်ပါသည်။ ထို့ကြောင့် ရောဂါလက္ခဏာများ ထပ်မံပေါ်ပေါက်လာပါက ပို၍ ကုသရ ခက်ပါလိမ့်မည်။
Oxacillin ကို ကာလကြာရှည်စွာ သုံးစွဲခြင်း သို့မဟုတ် အကြိမ်ကြိမ်သုံးစွဲခြင်းတို့ကြောင့် နောက်ဆက်တွဲကူးစက်ရောဂါများလည်း ဝင်လာနိုင်သဖြင့် အဆိုပါနောက်ဆက်တွဲလက္ခဏာများ
- ပေါ်ပေါက်လာပါက ဆရာဝန်ကို အသိပေးပါ။ ထိုအခြေအနေကို ကုသရန်အတွက်
- သင့်ဆရာဝန်အနေဖြင့် ဆေးပြောင်းပေးပါလိမ့်မည်။
- ပဋိဇီဝဆေးများကို သုံးစွဲသောအခါ အနည်းငယ်ဝမ်းလျှောတတ်သော်လည်း ပြင်းထန်စွာ ဝမ်းလျှောခြင်းမှာမူ ဖြစ်ခဲပါသည်။ ထိုသို့ဝမ်းလျှောခြင်းများမှာ ဆေးသောက်နေစဉ်ကာလတွင် ဖြစ်တတ်သလို ဆေးသုံးစွဲမှု ရပ်တန့်အပြီး လအတော်ကြာမှလည်း ဖြစ်ပေါ်နိုင်ပါသည်။
- အကယ်၍ ဗိုက်နာဗိုက်အောင့်ခြင်း၊ပြင်းထန်စွာ ဝမ်းလျှောခြင်း သို့မဟုတ် သွေးဝမ်းသွားခြင်းများ ဖြစ်ပေါ်လာပါက ဆရာဝန်ကို ချက်ချင်း အကြောင်းကြားပါ။ ဆရာဝန်နှင့် ဦးစွာမတိုင်ပင်ဘဲ ဝမ်းလျှောခြင်းကို မကုသပါနှင့်။
Oxacillin သည် သွေးခဲစေသော ဂုဏ်သတ္တိရှိသည့် သွေးမွှားဥများကို လျော့နည်းစေသဖြင့် ထိခိုက်ဒါဏ်ရာမဖြစ်အောင်၊သွေးခြေမဥအောင် တတ်နိုင်သမျှ ဆင်ခြင်ရပါမည်။ အကယ်၍ သင့်တွင် မူမမှန်သော သွေးခြေဥခြင်း သို့မဟုတ် သွေးထွက်ခြင်းများ ဖြစ်ပေါ်လာပါက ဆရာဝန်ကို အကြောင်းကြားပါ။ ကတ္တရာစေးကဲ့သို့ ဝမ်းမည်းမည်းများသွားခြင်း သို့မဟုတ် သွေးဝမ်းသွားခြင်းများ ဖြစ်ပေါ်လာပါကလည်းဆရာဝန်ကို အသိပေးပါ။
- oxacillin သည် ပဋိသန္ဓေတား ဟော်မုန်းဆေးများ၏ အာနိသင်ကို လျော့ကျစေသဖြင့် မတော်တဆ ကိုယ်ဝန်ရှိလာခြင်းမှ ကာကွယ်နိုင်ရန်အတွက် အခြားသော သားဆက်ခြားနည်းလမ်းများကိုလည်း အသုံးပြုသင့်ပါသည် (ဥပမာ ကွန်ဒုံး)။
oxacillin သုံးစွဲနေစဉ်ကာလတွင် ကျောက်ကပ်စစ်ဆေးခြင်း၊အသည်းစစ်ဆေးခြင်း၊သွေးဆဲလ်များ၏ပမာဏကို စစ်ဆေးခြင်း သို့မဟုတ် သွေးတွင်းelectrolyte ဓါတ်များ၏ ပမာဏကို တိုင်းတာခြင်းတို့ကို ပြုလုပ်ရပါမည်။ သို့မှသာ
- သင့်ရောဂါအခြေအနေတိုးတက်မှု ရှိမရှိကို သိရှိနိုင်မည်ဖြစ်ပြီး ဘေးထွက်ဆိုးကျိုးများရှိလာပါကလည်း အချိန်မှီ သိရှိနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် ဆရာဝန်ရက်ချိန်း သို့မဟုတ် သွေးစစ်ရန်၊ကျန်းမာရေး စစ်ဆေးရန် ရက်ချိန်းများကို မပျက်မကွက်သွားရောက်ရပါမည်။
- သက်ကြီးရွယ်အိုများတွင် oxacillin ၏ အကျိုးသက်ရောက်မှု အာနိသင်ပိုလာနိုင်၍ သတိထားပြီး အသုံးပြုရပါမည်။
- ကလေးငယ်များတွင် oxacillin အသုံးပြုရန် စိတ်ချရမှုရှိမရှိ သို့မဟုတ် အာနိသင်ရှိမရှိကို အတိအကျ မသိရသေးသဖြင့် သတိကြီးစွာထားပြီး သုံးစွဲရပါမည်။
ဝမ်းလျှောခြင်း သို့မဟုတ် အစာအိမ်နှင့် အူလမ်းကြောင်း ကူးစက်ပိုးဝင်ခြင်း ဝေဒနာကို ခံစားနေရသော အသက်ဆယ်နှစ်အောက် ကလေးများတွင်လည်း oxacillin ကို သတိကြီးစွာထား၍သုံးစွဲရပါလိမ့်မည်။
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Bristopen (ဘရစ်ဆတိုပန်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား
ကိုယ်ဝန်ဆောင်ချိန်
အကယ်၍ သင့်တွင်ကိုယ်ဝန်ရှိနေပြီဟု ယူဆပါက ဆရာဝန်ကို အသိပေးပါ။ ကိုယ်ဝန်ရှိနေချိန်တွင် oxacillin ကို သုံးစွဲခြင်း၏ အကျိုးအပြစ်များကို သင့်ဆရာဝန်က ပြောပြပါလိမ့်မည်။
ကလေးနို့တိုက်ချိန်
မိခင်နို့ထဲတွင် Oxacillin ပါဝင်လာနိုင်သဖြင့် Oxacillin သုံးစွဲနေစဉ် ကလေးနို့တိုက်နေရသည်ဆိုပါက ဆရာဝန်ကို အသိပေးတိုင်ပင်ပြီး ကလေးငယ်ကို ထိခိုက်နိုင်မှုရှိမရှိ ဆွေးနွေးတိုင်ပင်ပါ။
ဘေးထွက်ဆိုးကျိုးများ
Bristopen (ဘရစ်ဆတိုပန်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
ဆေးအားလုံးသည် ဘေးထွက်ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်သော်လည်း လူအများစုတွင် အဆိုပါ ဆိုးကျိုးများခံစားရလေ့မရှိပါ။ သို့မဟုတ် ဘေးထွက်ဆိုးကျိုး အသေးအဖွဲလောက်သာ ခံစားရလေ့ရှိပါသည်။ သို့သော် အောက်တွင်ဖော်ပြထားသော အဖြစ်များဆုံးဘေးထွက်ဆိုးကျိုးများကို ကာလကြာရှည်ခံစားရခြင်း သို့မဟုတ် ပိုမိုဆိုးရွားလာခြင်းတို့ဖြစ်ပေါ်လာပါက ဆရာဝန်ကို အသိပေးပြီး သင့်တော်သော ကုသမှုကို ခံယူရပါမည်။
- (မပြင်းထန်သော) ဝမ်းလျှောခြင်း။
- ပျို့အန်မအီမသာဖြစ်ခြင်း။
ဆေးထိုးထားသည့်နေရာတွင် နီရဲရောင်ရမ်းခြင်း။
အောက်ဖော်ပြပါ ပြင်းထန်ဆိုးရွားသော ဘေးထွက်ဆိုးကျိုးများကို ခံစားရပါက အရေးပေါ်ဆေးကုသမှုကို အမြန်ခံယူရပါမည်။
- အနီစက်များထွက်လာခြင်း။
- အင်ပျဉ်များထခြင်း။
- ယားယံခြင်း။
- အသက်ရှုရခက်ခဲခြင်း။
- ရင်ဘတ်ထဲ ပြည့်ကြပ်နေသလို ခံစားရခြင်း။
- မျက်နှာ၊ပါးစပ်၊နှုတ်ခမ်း သို့မဟုတ် လျှာတို့ဖောင်းကားရောင်ရမ်းခြင်း။
- လျှာမည်းခြင်း။
- ဆီးထဲသွေးပါခြင်း။
- သွေးဝမ်းသွားခြင်း။
- ရင်ဘတ်အောင့်ခြင်း။
- ဆီးအရောင်မည်းခြင်း။
- ချမ်းတုန်ဖျားခြင်း၊လည်ချောင်းနာခြင်း။
- ကြွက်သား သို့မဟုတ် အဆစ်အမြစ်များ နာကျင်ခြင်း။
- ပါးစပ်တခုလုံးနီရဲရောင်ရမ်းခြင်း။
- အရေပြားနီရဲရောင်ရမ်းခြင်း၊အရည်ကြည်ဖုများထခြင်း။
- တက်ခြင်း။
- ပြင်းထန်စွာ ဝမ်းလျှောခြင်း။
- ပြင်းထန်စွာ ပျို့အန်မအီမသာဖြစ်ခြင်း သို့မဟုတ် တောက်လျှောက် ပျို့အန်မအီမသာဖြစ်ခြင်း
- ပြင်းထန်စွာ ဗိုက်အောင့်ခြင်း။
- အာခံတွင်းရောင်ရမ်းခြင်း။
- အဆစ်အမြစ်များရောင်ခြင်း။
- မူမမှန်စွာ သွေးခြေဥခြင်း သို့မဟုတ် သွေးယိုစီးခြင်း၊သွေးထွက်ခြင်း။
- မိန်းမကိုယ်ယားယံခြင်း သို့မဟုတ် အဖြူဆင်းခြင်း။
- သွေးပြန်ကြောများ ဖောင်းကားရောင်ရမ်းခြင်း သို့မဟုတ် နာကျင်ခြင်း။
- အသားဝါခြင်း၊မျက်ဖြူသားဝါခြင်း။
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Bristopen (ဘရစ်ဆတိုပန်) နဲ့ ဓါတ်ပြုနိုင်သလဲ
Bristopen® ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။
ဤဆေးနှင့် ဓါတ်ပြုနိုင်သော ဆေးဝါးများမှာ
Tetracyclines (ဥပမာ doxycycline)
သွေးကျဲဆေးများ (ဥပမာ warfarin)
Heparin သို့မဟုတ် methotrexate
Aminoglycosides (ဥပမာ gentamicin)
ပဋိသန္ဓေတားဆေးများ
အစားအသောက်တွေနဲ့ အရက်က Bristopen (ဘရစ်ဆတိုပန်) နဲ့ ဓါတ်ပြုနိုင်သလား
Bristopen® က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။
Bristopen® ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်
- ပန်းနာရင်ကြပ်ရောဂါ။
- ကျောက်ကပ်ရောဂါများ။
- သွေးရောဂါများ။
- သွေးတွင်း electrolyte ဓါတ်များ မူမမှန်ခြင်း။
- ဆားအနည်းငယ်သာ စားခြင်း။
ဘယ်ရောဂါအခြေအနေတွေက Bristopen (ဘရစ်ဆတိုပန်) နဲ့ ဓါတ်ပြုနိုင်သလဲ
PasteTextHere
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Bristopen (ဘရစ်ဆတိုပန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
အရွယ်ရောက်ပြီးသူတွေမှာ Bristopen® ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။
သတ်မှတ်ထားသော ဆေးပမာဏမှာ သောက်ဆေး/အကြောထိုးဆေး/အသားထိုးဆေး —> ၂၅၀ – ၁၀၀၀ မီလီဂရမ်ကို ၄နာရီခြား သို့မဟုတ် ၆နာရီခြားတခါ ပေးရမည်။
ယေဘုယျအကြံပြုချက်
- ဆေးသောက်ချိန်တွင် အစာအိမ်တွင်း အစာမရှိရန် လိုသဖြင့် ဆေးကို အစာမစားမီ အနည်းဆုံးတနာရီ သို့မဟုတ် အစာစားပြီး နှစ်နာရီအကြာတွင် သောက်ရပါမည်။
- အသားထိုးဆေးအဖြစ် အသုံးပြုရန်အတွက် 250 mg/1.5 ml အချိုးအဆ ဖြစ်အောင် ဖျော်ပါ။ ထို့နောက် အပ်ကို အသားထဲခပ်နက်နက်စိုက်ပြီး ဖြည်းညင်းစွာ ထိုးပါ။ တစ်ရှူးရောင်ရမ်းထိခိုက်ခြင်းများကို ကာကွယ်ရန်အတွက် တနေရာတည်းကို အကြိမ်ကြိမ်ထိုးခြင်းမှ ရှောင်ကျဉ်ပါ။
အကြောထိုးဆေးအဖြစ် အသုံးပြုရန်အတွက် မိုးရေ သို့မဟုတ် ဆေးထိုးရာတွင် အသုံးပြုသော sodium chloride အရည်ဖြင့် ဖျော်ပါ။ သွေးကြောထိခိုက်ခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် ဆယ်မိနစ်ခန့် အချိန်ယူပြီး ဖြည်းညင်းစွာ ထိုးသွင်းပါ။
ကလေးတွေအတွက် Bristopen (ဘရစ်ဆတိုပန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
{ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။
(ကိုယ်အလေးချိန် ၄၀ကီလိုအောက်) ကလေးများအတွက်
သတ်မှတ်ထားသော ဆေးပမာဏမှာ သောက်ဆေး/အကြောထိုးဆေး/အသားထိုးဆေး —>စုစုပေါင်း 50 – 100 mg/kg/day ပမာဏကို ၄နာရီခြား သို့မဟုတ် ၆နာရီခြားတခါ ခွဲပြီး ပေးရမည်။
လမစေ့ဘဲမွေးဖွားသော ကလေးများနှင့် မွေးကင်းစကလေးများအတွက် :
သတ်မှတ်ထားသော ဆေးပမာဏမှာ အကြောထိုးဆေး/အသားထိုးဆေး —> 25 mg/kg/day ဖြစ်ပါသည်။
Bristopen (ဘရစ်ဆတိုပန်) ကိုဘယ်လိုရရှိနိုင်သလဲ
Bristopen® ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
- သောက်ဆေးတောင့် : Oxacillin Sodium ၅၀၀ မီလီဂရမ်။
- ထိုးဆေး : Oxacillin Sodium ၁ ဂရမ်။
သောက်ဆေးရည်ဖျော်ရန် ဆေးမှုန့် : Oxacillin Sodium 250 mg / 5 ml
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ)
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
Bristopen® ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။