backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Amitriptyline (အေမီထရစ်တလင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 22/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Amitriptyline (အေမီထရစ်တလင်း)

Amitriptyline (အေမီထရစ်တလင်း) က စိတ်ကျန်းမာရေးအခြေအနေတွေ သက်သာစေဖို့ အသုံးပြုတဲ့ ဆေးတစ်မျိုးပါ။ ဥပမာ စိတ်ကျရောဂါ လိုမျိုး စိတ်ရောဂါ အခြေအနေတွေ သက်သာစေဖို့ပါ။

အသုံးပြုနည်း

Amitriptyline (အေမီထရစ်တလင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Amitriptyline (အေမီထရစ်တလင်း) ကို စိတ်ဓာတ်ကျတာ၊ စိတ်အတက်အကျဖြစ်တာကို သက်သာစေဖို့ သုံးလေ့ရှိပါတယ်။

ဒီဆေးက စိတ်ခံစားမှု ကောင်းစေဖို့ ထောက်ကူပေးသလို စိုးရိမ်စိတ် များတာ၊ စိတ်တင်းအားများတာတွေကို သက်သာစေတာကြောင့် ကောင်းကောင်း အိပ်ပျော်စေပြီး ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ဒီဆေးက စိတ်ဓာတ်ကျသူတွေမှာ ဖြစ်တတ်တဲ့ ဦးနှောက်ထဲမှာ ဆီရိုတိုနင် ဟော်မုန်း မမျှတမှုကို  ထိန်းညှိပေးပါတယ်။

အခြားအသုံးပြုမှုတွေအနေနဲ့တော့ အာရုံကြောဆိုင်ရာရောဂါတွေ ဖြစ်ကြတဲ့ (ဥပမာ – peripheral neuropathy, ရေယုန်ကြောင့် နာတာ၊ ကျင်တာ)၊ စားသောက်မှုမူမမှန်တာ (ထိန်းမရအောင်စားတာ) နဲ့ အခြား စိတ်ခံစားမှုဆိုင်ရာ ပြဿနာတွေ ( စိုးရိမ်စိတ် များတာ၊ အကြောက်လွန်တာတွေကို သက်သာစေဖို့ အသုံးပြုကြပါတယ်။ ခေါင်းတစ်ခြမ်း မကိုက်အောင် ကာကွယ်ဖို့လည်း အသုံးပြုကြပါတယ်။

Amitriptyline (အေမီထရစ်တလင်း)ကို ဘယ်လိုသောက်သုံးသင့်သလဲ

Amitriptyline (အေမီထရစ်တလင်း)က ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သုံးရတဲ့ ဆေးဖြစ်ပါတယ်။

ဆေးသောက်မယ်လို့ မဆုံးဖြတ်ခင်မှာ ဆရာဝန်နဲ့ ဆေးရဲ့ ကောင်းကျိုးဆိုးပြစ်နဲ့ ဘယ်အချိန်မှာ သောက်ရင် အကောင်းဆုံး ဖြစ်မလဲဆိုတာကို ဆွေးနွေးတိုင်ပင်ပါ။

ဆေးကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း သောက်ပေးပါ။ ဆေးကြောင့် ထိခိုက်မှု နည်းစေဖို့အတွက် ဆရာဝန် ညွှန်ကြားချက် မပါဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆေးပမာဏ လျော့တာ၊ ဆေးရပ်တာ၊ ဆေးပမာဏတိုးတာတွေ မလုပ်ပါနဲ့။

Amitriptyline (အေမီထရစ်တလင်း)ကို ဘယ်လိုသိမ်းဆည်းရမလဲ

ဆေးကို အခန်းအပူချိန်မှာ သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျ စွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Amitriptyline (အေမီထရစ်တလင်း)ကို အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးမသုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်
  • တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
  • ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်
  • တခြားရောဂါအခံတွေ ရှိနေရင်ပါ။

ဒီဆေးက စိတ်တိုစိတ်ဆတ်တာ၊ ကတုန်ကရင်ဖြစ်တာတွေ ဖြစ်စေနိုင်ပါတယ်။ တချို့သူတွေမှာ စိတ်ပိုကျပြီး ကိုယ့်ကိုယ်ကို သတ်သေချင်စိတ်အထိ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ ဒီစိတ်တွေ ပေါ်လာရင် ဆရာဝန်နဲ့ ချက်ချင်းပြန်ပြပါ။

ဒီဆေးက ငိုက်မြည်းတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆေးသောက်ပြီးချိန်မှာ မတော်တဆ ထိခိုက်မိတာမျိုး မဖြစ်စေဖို့ ကားမောင်းတာ၊ စက်ယန္တရားတွေ မောင်းနှင်တာမျိုး မလုပ်ပါနဲ့။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Amitriptyline (အေမီထရစ်တလင်း)ကို သုံးစွဲဖို့ စိတ်ချရပါသလား

ဒီဆေးကို ကိုယ်ဝန်ဆောင်ချိန်မှာ အသုံးပြုတာ ဘေးကင်းရဲ့လားဆိုတာကို သေသေချာချာ လေ့လာထားတာမျိုး မရှိသေးပါဘူး။ ဆေးက ဗိုက်ထဲက ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုအပေါ် ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် ကိုယ်ဝန်ဆောင်နေမယ်။ ကလေးနို့တိုက်နေရမယ်ဆိုရင် ဆေးအသုံးမပြုခင်မှာ ဖြစ်နိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘေးထွက်ဆိုးကျိုးများ

Amitriptyline (အေမီထရစ်တလင်း) ကို အသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • ငိုက်မြည်းတာ
  • ညီးစီစီဖြစ်တာ
  • နှလုံးခုန် မြန်တာ
  • နှုတ်ခမ်းခြောက်တာ
  • ဝမ်းချုပ်တာ
  • ကိုယ်အလေးချိန် တက်တာ
  • ဆီးသွားရခက်တာ
  • အမြင်အာရုံဝါးတာမျိုးတွေ ခံစားရနိုင်ပါတယ်။

အပေါ်မှာပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက ပိုဆိုးလာမယ်ဆိုရင် ဆရာဝန် ဒါမှဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်တွေနဲ့ ချက်ချင်း ဆွေးနွေးပါ။

Amitriptylineကို အလွန်အကျွံ သုံစွဲမိရင် အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

  • နှလုံးခုန်နှုန်း မမှန်တာ
  • တက်တာ
  • ကိုမာဝင်တာ
  • အာရုံရှုပ်ထွေးတာ
  • အာရုံစိုက်ရခက်တာ
  • နားထဲမှာ မရှိတဲ့ အသံတွေ ကြားနေတာ
  • အာရုံစိုက်ရခက်တာ
  • အရမ်းအိပ်ချင်တာ
  • ကြွက်သားတောင့်တင်းတာ
  • အော့အန်တာ
  • အဖျားတက်တာ
  • ကိုယ်အပူချိန် ကျဆင်းတာတွေ ခံစားရနိုင်ပါတယ်။

ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Amitriptylineနဲ့ ဓာတ်ပြုနိုင်သလဲ

Amitriptylineက လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

ဓာတ်ပြုနိုင်တဲ့ ဆေးဝါးများ

  • ဓာတ်မတည့်မှု ပျောက်ဆေး
  • cimetidine,
  • disulfiram,
  • guanethidine,
  • ipratropium,
  • quinidine,
  • နှလုံးခုန်ထိန်းညှိဆေး
  • စိတ်ကျရောဂါဆေး
  • အိပ်ဆေး
  • သိုင်းရွိုက်ဆေး
  • စိတ်ငြိမ်ဆေး စတာတွေပါ။

ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။

အစားအသောက်တွေနဲ့ အရက်က Amitriptylineနဲ့ ဓာတ်ပြုနိုင်သလား

Amitriptyline (အေမီထရစ်တလင်း)က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဆေးသောက်နေစဉ်မှာ အရက်သောက်တာမျိုးကို ရှောင်ပါ။ ကဖင်းပါတဲ့ သောက်စရာတွေကိုလည်း ရှောင်သင့်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Amitriptylineနဲ့ ဓာတ်ပြုနိုင်သလဲ

Amitriptylineက သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့်

  • နှလုံးရောဂါ
  • ဆီးသွားရခက်တာ
  • သိုင်းရွိုက်ဟော်မုန်းများနေတာ
  • ဆီးချို
  • အသည်းရောဂါ
  • ရေတိမ်
  • ဆီးကျိတ်ကြီးတာ
  • ကျောက်ကပ်ရောဂါ
  • စိတ်ကစဉ့်ကလျားဖြစ်တာ စတာတွေရှိမယ်ဆိုရင် ဆရာဝန်ကို ပြောပြပါ။

ဆေးသုံးရန်အညွှန်း

အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အရွယ်ရောက်ပြီးသူတွေအတွက် အသုံးပြုရမယ့်ပမာဏ

  • အရွယ်ရောက်ပြီးသူ : စစချင်းမှာ တစ်နေ့ကို 75 mg ဆေးပမာဏကို ခွဲပြီး သောက်ပေးပါ။ ဒါမှမဟုတ် အိပ်ရာမဝင်ခင်မှာ  50-100 mg သောက်ပါ။ ဆရာဝန်က လိုအပ်သလို ညွှန်ကြားပေးပါလိမ့်မယ်။ အချို့လူနာတွေမှာ ဆေးပမာ ပိုတိုးပေးဖို့ လိုပါမယ်။
  • ဆယ်ကျော်သက်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက်  : 10 mg တစ်နေ့ ၃ ကြိမ် ဒါမှမဟုတ် အိပ်ရာမဝင်ခင်မှ 20 mg သောက်ပေးပါ။
  • ၁၂နှစ်အောက် ကလေး : ဆရာဝန်ညွှန်ကြားတဲ့ ပမာဏပဲ တိုက်ရပါမယ်။

Amitriptylineကို ဘယ်လိုရရှိနိုင်သလဲ

Amitriptyline (အေမီထရစ်တလင်း)ကို အောက်ပါ ပုံစံ၊ ပြင်းအားတွေနဲ့ ဝယ်ယူရရှိနိုင်ပါတယ်။

သောက်ဆေးပြား ပုံစံ နဲ့ အရည်ပုံစံ– 10 mg, 25 mg and 50 mg အသီးသီး ရရှိနိုင်ပါတယ်။

ရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Amitriptylineကို သောက်ဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်ပါ။ ဒါပေမယ့် နောက်တစ်ကြိမ်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သောက်ပါ။ ဆေးနှစ်ကြိမ် သောက်တာမျိုး မလုပ်ပါနဲ့။

Dr . Phyu Mon Latt

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 22/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement