backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Diethylpropion

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုခြင်း

Diethylpropion ကို မည်သည့်အကြောင်းအရာများအတွက် အသုံးပြုကြပါသလဲ။

Diethylpropion ကို ကယ်လိုရီအနည်းငယ်သာပါဝင်ပြီး ဆရာဝန် အသိအမှတ်ပြုထားတဲ့ အစားအစာများ၊ကိုယ်လက်လေ့ကျင့်ခန်းများ၊စားသောက်နေထိုင်မှုပြောင်းလဲခြင်း အစီအစဉ်များနဲ့ တွဲဖက်ပြီး ကိုယ်အလေးချိန်လျှော့ချဖို့ အများဆုံး အသုံးပြုလေ့ရှိပါတယ်။ ကိုယ်အလေးချိန်အရမ်းများပြီး အဝလွန်နေသူတွေအဖို့ ကိုယ်အလေးချိန်လျှော့ချရာမှာ အစားအသောက်နဲ့ လေ့ကျင့်ခန်းချည်းပဲ မလုံလောက်တဲ့အတွက် ဒီဆေးကို အသုံးပြုရပါတယ်။ ကိုယ်အလေးချိန်လျှော့ချခြင်းအားဖြင့် အဝလွန်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေဖြစ်တဲ့ နှလုံးရောဂါ၊ဆီးချို၊သွေးတိုးနဲ့ အသက်တိုခြင်း အစရှိတဲ့ ကျန်းမာရေးပြဿနာတွေကို လျော့နည်းသက်သာစေပါလိမ့်မယ်။ ဒီဆေးဟာ အစာစားလိုစိတ်ကို လျော့နည်းစေပြီး သင့်ခန္ဓါကိုယ်က အသုံးပြုတဲ့ စွမ်းအင်ပမာဏကို များပြားစေတဲ့အပြင် ဦးနှောက်ရဲ့ အချို့သော အစိတ်အပိုင်းတွေကိုလည်း အာနိသင်သက်ရောက်ပါတယ်။ ဒီဆေးဟာ အစာစားချင်စိတ်ကို လျှော့ချပေးပြီး sympathomimetic amines လို့ခေါ်တဲ့ ဆေးအုပ်စုဝင်အမျိုးအစား ဆေးတမျိုး ဖြစ်ပါတယ်။

Diethylpropion ကို ဘယ်လိုသောက်သုံးသင့်ပါသလဲ။

အလျင်အမြန်အာနိသင်ပြတဲ့ ဆေးပုံစံကို သောက်ဆေးအဖြစ် အသုံးပြုနိုင်ပြီး တနေ့ကို သုံးကြိမ်သောက်သုံးရမှာဖြစ်ကာ အစာမစားခင်တနာရီအလို ဒါမှမဟုတ် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သုံးစွဲရပါမယ်။ ညဖက်အစာစားခြင်းဟာ သင့်အတွက် အဆင်မပြေဘူးဆိုရင်တော့ ညနေဖက်မှာ ဆေးသောက်ဖို့ သင့်ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။ ဒီဆေးကို နေ့တနေ့ရဲ့ နှောင်းပိုင်းမှာ သောက်သုံးခြင်းအားဖြင့် ညဖက်အိပ်မပျော်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ကြာရှည်စွာအာနိသင်သက်ရောက်တဲ့ diethylpropion ဆေးပုံစံကို ယေဘုယျအားဖြင့် တနေ့ကိုတကြိမ်သောက်သုံးရပြီး နေ့လယ်လောက်မှာ သောက်ရတာများပါတယ်။ ကြာရှည်စွာအာနိသင်သက်ရောက်တဲ့ဆေးပြားတွေကို ဝါးစားခြင်း သို့မဟုတ် ချိုးခြေပစ်ခြင်း မပြုရပါဘူး။ ဒီလိုလုပ်လိုက်ရင် အထဲမှာပါဝင်တဲ့ ဆေးအားလုံး တပြိုင်နက်ထွက်လာမှာဖြစ်တဲ့အတွက် ဘေးထွက်ဆိုးကျိုးတွေ အများကြီး ပိုလာပါလိမ့်မယ်။ ဆေးပြားမှာ ချိုးဖို့အရာလေးမပါရင် ဒါမှမဟုတ် ဆရာဝန်ညွှန်ကြားထားခြင်းမရှိရင် ဆေးကို ထက်ခြမ်းချိုးခြင်း မပြုရပါဘူး။ ဆေးပြားတပြားလုံးကိုပဲဖြစ်ဖြစ် ထက်ခြမ်းချိုးထားတဲ့ ဆေးတခြမ်းကိုပဲဖြစ်ဖြစ် ချိုးခြေခြင်း၊ဝါးစားခြင်း မပြုရပါဘူး။ သင့်ကျန်းမာရေးအခြေအနေ၊ဆေးအပေါ်တုံ့ပြန်မှုတို့အပေါ် မူတည်ပြီး ဆေးပမာဏ အပြောင်းအလဲရှိနိုင်ပါတယ်။ သင့်အတွက် အသင့်တော်ဆုံး ဆေးပမာဏကို ရရှိနိုင်ဖို့အတွက် ဆရာဝန်က ချိန်ညှိပေးပါလိမ့်မယ်။ အထက်မြက်ဆုံးသော ဆေးအာနိသင်ကို ရရှိနိုင်စေဖို့အတွက် ဆေးကို အချိန်မှန်မှန် သောက်ရပါမယ်။ ဆေးပမာဏကိုလည်း ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း အတိအကျ သောက်သုံးရပါမယ်။ အချိန်သတ်သတ်မှတ်မှတ်ထားပြီး ဆေးသောက်မယ်ဆိုရင် မေ့စရာအကြောင်း မရှိတော့ဘူးပေါ့။

Diethylpropion ကို တခါသောက်ရင် ရက်သတ္တပတ်အနည်းငယ်ပဲ သောက်ရပါတယ်။ စားချင်စိတ်ကို လျှော့ချပေးတဲ့ အခြားသောဆေးများနဲ့ တွဲမသုံးစွဲရပါဘူး။ ဒီဆေးကို ကာလကြာရှည်စွာ သုံးစွဲခြင်း၊အခြားသော ကိုယ်အလေးချိန်ကျစေတဲ့ ဆေးများနဲ့ အတူတကွ သုံးစွဲခြင်းတို့ ပြုလုပ်မယ်ဆိုရင် ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။

ဒီဆေးဟာ စွဲတတ်တဲ့အတွက် ဖြတ်လိုက်ရင် ဆေးဖြတ်ဝေဒနာတွေကို ခံစားရတတ်ပါတယ် (အထူးသဖြင့် ဆေးပမာဏအများအပြားကို အချိန်ကြာမြင့်စွာ စွဲသုံးမယ်ဆိုရင် ပိုဖြစ်နိုင်ပါတယ်)။ ဒီလိုမျိုး စွဲသုံးရင် ဆေးကို ရုတ်တရက် ဖြတ်လိုက်တဲ့အခါ ဆေးဖြတ်လက္ခဏာတွေ(ဥပမာ စိတ်ကျဝေဒနာခံစားရခြင်း၊ပြင်းထန်စွာ ပင်ပန်းနွမ်းနယ်ခြင်း)နဲ့ ရင်ဆိုင်ရတတ်ပါတယ်။ ဒီလို ဆေးဖြတ်လက္ခဏာတွေကို ရှောင်ရှားနိုင်ဖို့အတွက် ဆေးပမာဏကို ဖြည်းဖြည်းချင်း လျှော့ချပြီးမှ ဖြတ်ဖို့ သင့်ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။ အသေးစိတ်ထပ်မံသိရှိဖို့ သင့်ဆရာဝန်ထံ မေးမြန်းပါ။ ဆေးဖြတ်လက္ခဏာတွေ ခံစားနေရရင် ဆရာဝန်ကို ချက်ချင်း အသိပေးပါ။

ဒီဆေးဟာ အဝလွန်သူတွေကို အကူအညီပေးပေမယ့် စွဲတတ်တဲ့ ဆေးတမျိုး ဖြစ်ပါတယ်။ သင့်အနေနဲ့ အရက်/ဆေးစွဲနေရင် ဒါမှမဟုတ် စွဲဖူးရင် ဒီဆေးကိုပါ စွဲဖို့ အခွင့်အလမ်းပိုများပါတယ်။ ဒါကြောင့် ဆရာဝန်ညွှန်ကြားတဲ့ ပမာဏထက် ပိုသောက်ခြင်း၊အကြိမ်ရေတိုးသောက်ခြင်း ဒါမှမဟုတ် ကာလကြာရှည်စွဲသောက်ခြင်းတွေကို မလုပ်သင့်ပါဘူး။ ဆရာဝန် ညွှန်ကြားတဲ့အတိုင်း ဆေးကို ဖြည်းဖြည်းချင်း စနစ်တကျ ဖြတ်ရပါမယ်။

ဆေးစသောက်ပြီး မကြာခင်မှာပဲ ကိုယ်အလေးချိန်ကျလာသင့်ပါတယ်။ တကယ်လို့ ဆေးစသောက်ပြီး လေးပတ်အတွင်း ကိုယ်အလေးချိန် အနည်းဆုံး လေးပေါင် ကျမသွားခဲ့ရင် ဆရာဝန်ကို အသိပေးပါ။ ဒါ့အပြင် ဆေးစသောက်ပြီး ကာလအနည်းငယ်အကြာမှာ ဆေးအာနိသင် ဆက်မပြတတ်တော့တာလည်း ဖြစ်တတ်ပါသေးတယ်။ ဒီလို အခြေအနေနဲ့ ရင်ဆိုင်ရရင် ဆရာဝန်ကို အကြောင်းကြားပါ။ ဆရာဝန် ညွှန်ကြားချက်မရှိဘဲ ဆေးပမာဏကို ကိုယ့်သဘောနဲ့ကိုယ် မတိုးပါနဲ့။ ဆေးရပ်ဖို့ အချိန်တန်ရင် ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။

Diethylpropion ကိုဘယ်လိုသိုလှောင်သိမ်းဆည်းထားသင့်ပါသလဲ။

ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။

Diethylpropion ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Diethylpropion ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Diethylpropion ဆးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Diethylpropion ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ။

Diethylpropion ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

သတိပြုရမည့်အချက်များနှင့် သတိပေးချက်များ။

Diethylpropion ကိုမသောက်သုံးခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။

Diethylpropion ဒါမှမဟုတ် အခြားသော sympathomimetic amines တွေနဲ့ (ဥပမာ pseudoephedrine ကဲ့သို့သော နှာခေါင်းပိတ်ပျောက်ဆေးများ၊amphetamine ကဲ့သို့သော စိတ်ကြွဆေးများ၊phentermine ကဲ့သို့သော အစာစားချင်စိတ်ကို ဖိနှိပ်ပေးတဲ့ ဆေးများ စသည်) ဓါတ်မတည့်တာမျိုးရှိရင် ဆရာဝန်ကို ကြိုပြောပါ။ တခြားဓါတ်မတည့်တာတွေရှိရင်လည်း ဆရာဝန်ကို အသိပေးပါ။ ဒီဆေးမှာ ပါဝင်တဲ့ ဓါတ်ပစ္စည်းတွေဟာ ဓါတ်မတည့်ခြင်း ဒါမှမဟုတ် အခြားသော ပြဿနာတွေကို ဖြစ်ကောင်းဖြစ်စေနိုင်ပါတယ်။ အသေးစိတ်ထပ်မံသိရှိနိုင်ဖို့အတွက် ဆရာဝန်ကို မေးမြန်းပါ။

သင့်မှာ အချို့သောရောဂါတွေရှိနေရင် ဒီဆေးကို အသုံးမပြုသင့်ပါဘူး။ သင့်မှာ (ထိန်းချုပ်ထားနိုင်ခြင်း မရှိသော)သွေးတိုးရောဂါရှိခြင်း၊ရေတိမ်ရှိခြင်း၊အရက်/ဆေးတို့ကို အလွန်အကျွံသုံးစွဲဖူး သို့မဟုတ် စွဲဖူးသော ရောဂါရာဇဝင်ရှိခြင်း၊နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများရှိခြင်း (ဥပမာ ရင်ဘတ်အောင့်ခြင်း၊နှလုံးထိခြင်း)၊စိတ်ပိုင်းဆိုင်ရာပြဿနာများ ရှိခြင်း (ဥပမာ အလွန်အမင်း စိုးရိမ်ပူပန်မှုများခြင်း၊စိတ်ကျလွယ်တက်လွယ်ဖြစ်ခြင်း၊စိတ်ကစဉ့်ကလျားဖြစ်ခြင်း စသည်)၊အဆုတ်သွေးကြောများအတွင်း သွေးပေါင်ချိန်မြင့်မားခြင်း၊လေဖြတ်ခြင်း၊သိုင်းရွိုက်ဂလင်း အလွန်အမင်း အလုပ်လုပ်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ဒီဆေးမသုံးစွဲခင်မှာ သင့်ရောဂါရာဇဝင်နဲ့ ပတ်သက်လို့ ဆရာဝန်ကို ဂရုတစိုက်အသိပေးပါ (အထူးသဖြင့် ဆီးချို၊သွေးတိုး၊နှလုံးရောဂါ (ဥပမာ ပုံမှန်မဟုတ်သော နှလုံးခုန်သံများ ရှိနေခြင်း၊နှလုံးခုန်မြန်ခြင်း/မမှန်ခြင်း၊နှလုံးအဆို့ရှင်ပြဿနာများရှိခြင်း)၊ကျောက်ကပ်ရောဂါရှိခြင်း၊အတက်ဝေဒနာရှိခြင်း စသည်)။ ဒီဆေးဟာ မူးဝေခြင်း၊အမြင်အာရုံဝေဝါးခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ရှားရှားပါးပါးဆိုသလို အိပ်ချင်ငိုက်မျဉ်းခြင်းတွေကိုလည်း ဖြစ်စေတတ်ပါသေးတယ်။ အရက် ဒါမှမဟုတ် ဆေးခြောက်တွေသုံးစွဲထားရင်တော့ ပိုမိုအိပ်ချင်ငိုက်မျဉ်းမူးဝေစေနိုင်ပါတယ်။ ဒါကြောင့် ကားမောင်းခြင်း၊စက်ကိရိယာများကို ကိုင်တွယ်မောင်းနှင်ခြင်းများ အပါအဝင် စိတ်ကြည်လင်လန်းဆန်းနေဖို့၊အမြင်အာရုံကြည်လင်နေဖို့ လိုအပ်တဲ့ အပြုအမူ၊လုပ်ဆောင်မှုတွေကို ဆေးအာနိသင်မပြယ်မချင်း မပြုလုပ်သင့်ပါဘူး။ အရက်သေစာသောက်စားခြင်းကို ရှောင်ကျဉ်ပါ။ ဆေးခြောက်သုံးစွဲနေပါက ဆရာဝန်ကို အသိပေးပါ။

တကယ်လို့ သင့်မှာ ဆီးချိုရှိရင် သွေးတွင်းအချိုဓါတ်ပမာဏကို အချိန်မှန်မှန်တိုင်းတာပါ။ ရလာဒ်တွေကို ဆရာဝန်အား အသိပေးပါ။ ဒီဆေးသုံးစွဲနေစဉ်ကာလအတွင်းမှာ သင့်ရဲ့သွေးတွင်းအချိုဓါတ်ပမာဏအပေါ်မူတည်ပြီး ဆီးချိုဆေးတွေကို လိုသလို ချိန်ညှိပေးပါလိမ့်မယ်။ ခွဲစိတ်မှုတခုခု ခံယူတော့မယ်ဆိုရင်လည်း ဒီဆေးသုံးစွဲနေကြောင်းကို ခွဲစိတ်ဆရာဝန် သို့မဟုတ် သွားဆရာဝန်ကို အသိပေးပါ။ သင့်အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ကျောက်ကပ်ရဲ့လုပ်ငန်းဆောင်တာတွေကလည်း ပျက်စီးချို့တဲ့စပြုလာပါပြီ။ ဒီဆေးကို ကျောက်ကပ်ကတဆင့် ဖယ်ရှားတာဖြစ်တဲ့အတွက် အသက်အရွယ်ကြီးရင့်သူတွေမှာ ဒီဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေ (ဥပမာ မူးဝေထိုင်းမှိုင်းခြင်း၊သွေးပေါင်ချိန်တက်ခြင်း စသည်)ကို ပိုမိုခံစားရနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ဒီဆေးကို မဖြစ်မနေ လိုအပ်မျှသာလျင် သုံးစွဲသင့်ပါတယ်။ ဒီဆေးဟာ သန္ဓေသားကို ထိခိုက်စေနိုင်တဲ့အတွက် မွေးရက်နီးလာတဲ့အချိန်မျိုးမှာ ဆေးပမာဏ အများအပြားသုံးစွဲတာမျိုး၊ကာလကြာရှည် စွဲသုံးတာမျိုး မလုပ်သင့်ပါဘူး။ ဆေးရဲ့ ကောင်းကျိုးဆိုးပြစ်တွေနဲ့ ပတ်သက်လို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးပမာဏအများအပြားသုံးစွဲတဲ့မိခင် ဒါမှမဟုတ် ဆေးကို ကာလကြာရှည်သုံးစွဲတဲ့ မိခင်တွေကနေ မွေးဖွားလာတဲ့ ကလေးငယ်တွေဟာ ဂျီကျခြင်း၊အလွန်အမင်း နွမ်းနယ်ခြင်းအစရှိတဲ့ ဆေးဖြတ်ဝေဒနာတွေကိုပါ ခံစားရနိုင်ပါတယ်။ တကယ်လို့ သင့်မွေးကင်းစကလေးမှာ အဆိုပါလက္ခဏာတွေ မြင်တွေ့နေရပြီဆိုရင် ဆရာဝန်ကို အမြန်ဆုံး အသိပေးပါ။

ဒီဆေးဟာ မိခင်နို့ထဲထိ ရောက်ရှိနိုင်ပြီး နို့စို့ကလေးအပေါ် ဆိုးကျိုးသက်ရောက်မှုတွေရှိနိုင်တဲ့အတွက် ဆေးသုံးစွဲနေစဉ်ကာလအတွင်းမှာ မိခင်နို့တိုက်ကျွေးခြင်းကို ရှောင်ရှားရပါမယ်။ မိခင်နို့မတိုက်ကျွေးခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် B ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

• A=ဆိုးကျိုးမရှိပါ။

• B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။

• C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။

• D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။

• X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။

• N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

Side effects

Diethylpropion က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။

မူးဝေထိုင်းမှိုင်းငိုက်မျဉ်းခြင်း၊အာခြောက်ခြင်း၊အိပ်မပျော်ခြင်း၊စိတ်တိုစိတ်ဆတ်ခြင်း၊ပျို့အန်မအီမသာဖြစ်ခြင်း၊ဝမ်းလျှောခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။ တကယ်လို့ ဒီဘေးထွက်ဆိုးကျိုးတွေ ပိုဆိုးလာမယ် ဒါမှမဟုတ် အချိန်အတော်ကြာ ဆက်လက်ရှိနေမယ်ဆိုရင် ဆရာဝန်ကို အသိပေးသင့်ပါတယ်။ ဆေးကပေးနိုင်တဲ့ အာနိသင်ကောင်းကျိုးတွေဟာ ဘေးထွက်ဆိုးကျိုးတွေထက် ပိုမိုများပြားသာလွန်တယ်လို့ သင့်ဆရာဝန်က ယူဆလို့သာ ဒီဆေးကို သုံးစွဲဖို့ ညွှန်ကြားခြင်းဖြစ်ပါတယ်။ ဒီဆေးကိုသုံးစွဲသူအများစုမှာတော့ ဆိုးရွားပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လေ့မရှိပါဘူး။

ဒီဆေးဟာ သွေးပေါင်တက်စေနိုင်ပါတယ်။ ဒါကြောင့် သွေးပေါင်ပုံမှန်ချိန်ဖို့ လိုအပ်ပြီး သွေးအရမ်းတက်နေရင် ဆရာဝန်ကို အသိပေးရမှာပဲ ဖြစ်ပါတယ်။

အောက်ဖော်ပြပါ ဘေးထွက်လက္ခဏာတွေ ပေါ်ပေါက်လာရင် ဆရာဝန်ကို ချက်ချင်းအကြောင်းကြားပါ။

-နှလုံးခုန်မြန်ခြင်း/မမှန်ခြင်း၊ရင်တဒိုင်းဒိုင်းခုန်ခြင်း၊စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ ရှိလာခြင်း (ဥပမာ စိတ်တိုစိတ်ဆတ်ခြင်း၊ဒေါသမထိန်းနိုင်ခြင်း၊ကယောင်ကတမ်းများ မြင်ယောင်ခြင်း၊ကတုန်ကယင်ဖြစ်ခြင်း စသည်)၊ကြွက်သားများအား မထိန်းချုပ်နိုင်ဘဲ တဆတ်ဆတ်တုန်ခြင်း၊လိင်ကိစ္စများအား စိတ်ဝင်စားမှု/လုပ်ဆောင်နိုင်စွမ်း အပြောင်းအလဲဖြစ်ခြင်း။

ရှားပါးပေမယ့် ဆိုးရွားတဲ့ အောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးလက္ခဏာတွေ ပေါ်ပေါက်လာရင်တော့ အရေးပေါ်ဆေးဝါးကုသမှုကို အမြန်ဆုံး ခံယူရမှာပဲ ဖြစ်ပါတယ်။

-ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊စကားပီသစွာ မပြောနိုင်တော့ခြင်း၊တက်ခြင်း၊ကိုယ်တခြမ်းကောင်းစွာ မလှုပ်နိုင်တော့ခြင်း၊အမြင်အာရုံပြောင်းလဲခြင်း (ဥပမာ အမြင်အာရုံဝေဝါးခြင်း)။

ဒီဆေးဟာ ပြင်းထန်တဲ့ အဆုတ်ဆိုင်ရာပြဿနာတွေ (အသက်အန္တရာယ်တောင် ရှိနိုင်ပါတယ်) နဲ့ နှလုံးဆိုင်ရာပြဿနာတွေ (ဥပမာ အဆုတ်သွေးကြောများအတွင်း သွေးပေါင်ချိန်မြင့်တက်ခြင်း၊နှလုံးအဆို့ရှင် ပြဿနာများရှိခြင်း စသည်)ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အစာစားချင်စိတ်ကို ဖိနှိပ်ပေးတဲ့ အခြားသော ဆေးများနဲ့ ဒီဆေးကို အတူတကွတွဲဖက်သုံးစွဲမယ်ဆိုရင် ဘေးထွက်ဆိုးကျိုးတွေကို ပိုမိုဖြစ်ပေါ်စေနိုင်ပါတယ်။ တကယ်လို့ အောက်ပါဘေးထွက်ဆိုးကျိုးတွေ ပေါ်ပေါက်လာရင် ဆေးသုံးစွဲခြင်းကို ချက်ချင်းရပ်ပြီး ဆရာဝန်ကို အသိပေးပါ။ ဘာလို့လဲဆိုတော့ ဒီဘေးထွက်ဆိုးကျိုးတွေဟာ ဖြစ်ခဲပေမယ့် ဖြစ်လာပြီဆိုရင်လည်း ဆိုးရွားပြင်းထန်လို့ပဲ ဖြစ်ပါတယ်။

-ရင်ဘတ်အောင့်ခြင်း၊အားကစားလေ့ကျင့်ခန်းလုပ်ချိန်တွင် အသက်ရှူရခက်ခြင်း၊ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများကို ကောင်းစွာ မပြုလုပ်နိုင်ခြင်း၊သတိလစ်ခြင်း၊ခြေထောက်/ခြေကျင်းဝတ်/ညို့သကျည်းနေရာများတွင် ဖောရောင်ခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးလက္ခဏာတွေပဲ ဖြစ်ပါတယ်။

ဒီဆေးကြောင့် ပြင်းထန်စွာ ဓါတ်မတည့်တာမျိုးကတော့ ဖြစ်ခဲပါတယ်။ ဒါပေမယ့် ပြင်းထန်စွာဓါတ်မတည့်ခြင်းလက္ခဏာတွေဖြစ်တဲ့ အနီစက်များထွက်လာခြင်း၊ယားယံရောင်ရမ်းခြင်း (အထူးသဖြင့် မျက်နှာ၊လျှာနဲ့ လည်ချောင်းတွေမှာ)၊ပြင်းထန်စွာ ငိုက်မျဉ်းခြင်း၊အသက်ရှုရခက်ခြင်းတို့ ဖြစ်ပေါ်လာရင်တော့ အရေးပေါ်ဆေးဝါးကုသမှုခံယူရပါမယ်။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

Interactions

ဘယ်ဆေးဝါးတွေက Diethylpropion နဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်သလဲ။

ဒီဆေးဟာ အချို့သော ဆေးတွေနဲ့ တွဲဖက်သုံးစွဲရင် အလွန်ပြင်းထန်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ အစာစားချင်စိတ်ကို ချိုးနှိမ်ဖိနှိပ်ပေးတဲ့ ဆေးတွေ (ဥပမာ phentermine, ephedra/ma huang)ကို တနှစ်အတွင်း သုံးစွဲခဲ့ဖူးရင် ဒီဆေးကို စတင်မသုံးစွဲခင်မှာ ဆရာဝန်ကို ကြိုပြောပါ။

MAO inhibitors ဆေးတွေနဲ့ ဒီဆေးကို တွဲဖက်သုံးစွဲရင် အလွန်ပြင်းထန်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ ဖြစ်ပေါ်လာတတ်ပါတယ် (အသက်အန္တရာယ်တောင် ရှိနိုင်ပါတယ်)။ ဒါကြောင့် MAO inhibitors ဆေးတွေဖြစ်တဲ့ isocarboxazid, linezolid, methylene blue, moclobemide, phenelzine, procarbazine, rasagiline, safinamide, selegiline, tranylcypromine တို့ကို ဒီဆေးသုံးစွဲနေစဉ်ကာလအတောအတွင်းမှာ အသုံးမပြုဖို့ သတိချပ်ရပါမယ်။ ဒီဆေးကို စတင်မသုံးစွဲမီ ရက်သတ္တပတ်နှစ်ပတ်လောက်အလိုကတည်းက MAO inhibitors ဆေးတွေကို ရပ်ထားသင့်ပါတယ်။ ဆေးကို ဘယ်အချိန်စသောက်ရမလဲ၊ဘယ်အချိန်ဖြတ်ရမလဲဆိုတဲ့ အချက်တွေနဲ့ ပတ်သက်လို့ သင့်ဆရာဝန်ကို မေးမြန်းပါ။ တကယ်လို့ အထက်ဖော်ပြပါဆေးတွေကို သုံးစွဲနေရင် ဒီဆေးကို စတင်မသုံးစွဲခင်မှာ ဆရာဝန်ကို ကြိုပြောပါ။

သင်လက်ရှိသုံးစွဲနေတဲ့ ဆေးတွေအားလုံး : အထူးသဖြင့် သွေးကျဆေးများ (guanethidine, methyldopa စသည်)၊phenothiazines (ဥပမာ prochlorperazine, chlorpromazine), အခြားသော စိတ်ကြွဆေးများ (ဥပမာ amphetamines, methylphenidate, ကိုကင်း၊အက်တက်စီ စသည်)အကြောင်း ဆရာဝန်ကို ကြိုတင် အသိပေးထားရပါမယ်။

မူးဝေထိုင်းမှိုင်းငိုက်မျဉ်းခြင်းကို ဖြစ်စေတဲ့ဆေးတွေ : ဥပမာ opioid အမျိုးအစား အကိုက်အခဲပျောက်ဆေးများ၊ချောင်းဆိုးပျောက်ဆေးများ (ဥပမာ codeine, hydrocodone)၊အရက်၊ဆေးခြောက်၊အိပ်ဆေးများ၊စိုးရိမ်ပူပန်စိတ်များခြင်းကို ဖြေလျှော့ပေးနိုင်သော ဆေးများ (ဥပမာ alprazolam, lorazepam, zolpidem)၊ကြွက်သားပျော့ပြောင်းဆေးများ (ဥပမာ carisoprodol, cyclobenzaprine)၊histamine ဆန့်ကျင်ဆေးများ (ဥပမာ cetirizine, diphenhydramine)ကို လက်ရှိသောက်သုံးနေရင်လည်း ဆရာဝန်ကို ကြိုတင်အသိပေးပါ။

သင်သောက်နေတဲ့ ဆေးအားလုံး (ဥပမာ ဓါတ်မတည့်ခြင်းကို သက်သာစေတဲ့ ဆေးများ၊နှာစေးချောင်းဆိုးပျောက်ဆေးများ စသည်)ရဲ့ ပါဝင်ပစ္စည်းနဲ့ ဆေးညွှန်းတွေကို သေချာစွာဖတ်ရှုပါ။ ဘာလို့လဲဆိုတော့ ဒီဆေးတွေမှာ သင့်ကို မူးဝေထိုင်းမှိုင်းငိုက်မျဉ်းစေနိုင်တဲ့ ဓါတ်ပစ္စည်းတွေ ပါဝင်နေလို့ပါပဲ။ ဒီဆေးတွေကို အန္တရာယ်ကင်းကင်းနဲ့ အသုံးပြုနိုင်မယ့် နည်းလမ်းတွေအကြောင်း သင့်ဆရာဝန်ကို မေးမြန်းပါ။

အချို့သော ဆေးဝါးတွေမှာ ပါဝင်တဲ့ ဓါတ်ပစ္စည်းတွေဟာ သင့်ရဲ့ နှလုံးခုန်နှုန်း သို့မဟုတ် သွေးပေါင်ချိန်ကို တက်စေနိုင်ပါတယ်။ သင်လက်ရှိသုံးစွဲနေတဲ့ ဆေးဝါးတွေအကြောင်းနဲ့ အဆိုပါ ဆေးဝါးတွေကို ဘယ်လိုမျိုး အန္တရာယ်ကင်းကင်း အသုံးပြုနိုင်မလဲဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သင့်ဆရာဝန်ကို မေးမြန်းပါ (အထူးသဖြင့် နှာစေးချောင်းဆိုးခြင်းအတွက် အသုံးပြုသော ဆေးများ၊ကိုယ်အလေးချိန်ကျစေသော ဆေးများ)။

ကဖင်းဓါတ်ဟာ ဒီဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပိုဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် ကဖင်းဓါတ်ပါဝင်တဲ့ သောက်စရာတွေ (ဥပမာ ကော်ဖီ၊လက်ဖက်ရည်၊ကိုလာ)ကို အလွန်အကျွံသောက်သုံးခြင်း မပြုပါနဲ့။ ချောကလက်တွေကိုလည်း အလွန်အကျွံမစားမိဖို့ သတိပြုရပါမယ်။

Diethylpropion ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက Diethylpropion နဲ့ ဓါတ်ပြုနိုင်ပါသလား။

Diethylpropion က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်လိုကျန်းမာရေးအခြေအနေတွေက Diethylpropion နဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိမလဲ။

Diethylpropion ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များနေရာတွင်အစားထိုးရန်မဟုတ်ပါ။ ဆေးမသောက်သုံးခင်မှာ ဆရာဝန်နှင့်ဖြစ်စေ ဆေးဝါးကျွမ်းကျင်သူနှင့်ဖြစ်စေ အမြဲ ဆွေးနွေးတိုင်ပင်ပါ။

အရွယ်ရောက်ပြီးသူတွေမှာ diethylpropion ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

အဝလွန်ခြင်းအတွက်

အလျင်အမြန်အာနိသင်ပြသော ပုံစံ : တခါသောက် ၂၅မီလီဂရမ် ပမာဏဖြင့် တနေ့လျင် ၃ ကြိမ်သောက်ရပါမယ်။ အစာမစားခင် ၁နာရီအလိုမှာ သောက်ရပါမယ်။ ညဖက်ဗိုက်ဆာတာကို ကာကွယ်ချင်တယ်ဆိုရင် ညနေလောက်မှာ သောက်ပါ။

ကြာရှည်စွာအာနိသင်ပြသော ပုံစံ : တခါသောက် ၇၅ မီလီဂရမ် ပမာဏဖြင့် တနေ့တကြိမ်သောက်ရပါမယ်။ မနက်ပိုင်းမှာ သောက်ပါ။ ဆေးတပြားလုံးကို မြိုချရပါမယ်။

မှတ်ချက်။

-ဒီဆေးကို တမျိုးတည်းပဲ သုံးစွဲပါ။ အခြားဆေးများနဲ့ တွဲမသုံးပါနဲ့။

-ဆေးစတင်သုံးစွဲပြီး ရက်သတ္တပတ်၄ပတ်အတွင်း ကျေနပ်လောက်တဲ့ ကိုယ်အလေးချိန်ပမာဏလျော့ကျမှုရှိမှသာ ဒီဆေးကို ဆက်လက်သုံးစွဲသင့်ပါတယ် (ဥပမာ အနည်းဆုံး ကိုယ်အလေးချိန် ၄ပေါင်ကျခြင်း သို့မဟုတ် ဆရာဝန်နဲ့ လူနာကြိုတင်သတ်မှတ်ထားတဲ့ ကိုယ်အလေးချိန်ပမာဏတခုခု ကျသွားခြင်း)။

-ဆေးမတိုးတဲ့ ပြဿနာမျိုးနဲ့ ရင်ဆိုင်ရရင် ဆေးကို ချက်ချင်းရပ်ပစ်ပါ။ အာနိသင်ပိုရအောင်ဆိုပြီး သတ်မှတ်ထားတဲ့ ဆေးပမာဏထက် ပိုသောက်တာမျိုး (လုံးဝ) မလုပ်ပါနဲ့။

အသုံးပြုခြင်း : ကိုယ်အလေးချိန်ညွှန်းကိန်း 30 kg/m2 နှင့်အထက် ရှိတဲ့ အဝလွန်လူနာတွေမှာ ကယ်လိုရီကန့်သတ်ခြင်းအားဖြင့် ကိုယ်အလေးချိန်လျှော့ချလိုတဲ့အခါမျိုးမှာ ဒီဆေးကို (ရက်သတ္တပတ် အနည်းငယ်ခန့်) တွဲဖက်သုံးစွဲပေးရတာ ဖြစ်ပါတယ်။ အစားအသောက်လျှော့စားခြင်း/ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ခြင်း သို့မဟုတ် ဒီနည်းလမ်းနှစ်မျိုးလုံး တွဲဖက်အသုံးပြုပေမယ့် ထိရောက်မှုမရှိတဲ့ လူနာတွေမှာလည်း ဒီဆေးကို သုံးစွဲနိုင်ပါတယ်။

ကလေးငယ်တွေမှာ medication ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

အဝလွန်ခြင်းအတွက်

အသက် ၁၆နှစ်နှင့် အထက် :

အလျင်အမြန်အာနိသင်ပြသော ပုံစံ : တခါသောက် ၂၅မီလီဂရမ် ပမာဏဖြင့် တနေ့လျင် ၃ ကြိမ်သောက်ရပါမယ်။ အစာမစားခင် ၁နာရီအလိုမှာ သောက်ရပါမယ်။ ညဖက်ဗိုက်ဆာတာကို ကာကွယ်ချင်တယ်ဆိုရင် ညနေလောက်မှာ သောက်ပါ။

ကြာရှည်စွာအာနိသင်ပြသော ပုံစံ : တခါသောက် ၇၅ မီလီဂရမ် ပမာဏဖြင့် တနေ့တကြိမ်သောက်ရပါမယ်။ မနက်ပိုင်းမှာ သောက်ပါ။ ဆေးတပြားလုံးကို မြိုချရပါမယ်။

မှတ်ချက်။

-ဒီဆေးကို တမျိုးတည်းပဲ သုံးစွဲပါ။ အခြားဆေးများနဲ့ တွဲမသုံးပါနဲ့။

-ဆေးစတင်သုံးစွဲပြီး ရက်သတ္တပတ်၄ပတ်အတွင်း ကျေနပ်လောက်တဲ့ ကိုယ်အလေးချိန်ပမာဏလျော့ကျမှုရှိမှသာ ဒီဆေးကို ဆက်လက်သုံးစွဲသင့်ပါတယ် (ဥပမာ အနည်းဆုံး ကိုယ်အလေးချိန် ၄ပေါင်ကျခြင်း သို့မဟုတ် ဆရာဝန်နဲ့ လူနာကြိုတင်သတ်မှတ်ထားတဲ့ ကိုယ်အလေးချိန်ပမာဏတခုခု ကျသွားခြင်း)။

-ဆေးမတိုးတဲ့ ပြဿနာမျိုးနဲ့ ရင်ဆိုင်ရရင် ဆေးကို ချက်ချင်းရပ်ပစ်ပါ။ အာနိသင်ပိုရအောင်ဆိုပြီး သတ်မှတ်ထားတဲ့ ဆေးပမာဏထက် ပိုသောက်တာမျိုး (လုံးဝ) မလုပ်ပါနဲ့။

အသုံးပြုခြင်း : ကိုယ်အလေးချိန်ညွှန်းကိန်း 30 kg/m2 နှင့်အထက် ရှိတဲ့ အဝလွန်လူနာတွေမှာ ကယ်လိုရီကန့်သတ်ခြင်းအားဖြင့် ကိုယ်အလေးချိန်လျှော့ချလိုတဲ့အခါမျိုးမှာ ဒီဆေးကို (ရက်သတ္တပတ် အနည်းငယ်ခန့်) တွဲဖက်သုံးစွဲပေးရတာ ဖြစ်ပါတယ်။ အစားအသောက်လျှော့စားခြင်း/ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ခြင်း သို့မဟုတ် ဒီနည်းလမ်းနှစ်မျိုးလုံး တွဲဖက်အသုံးပြုပေမယ့် ထိရောက်မှုမရှိတဲ့ လူနာတွေမှာလည်း ဒီဆေးကို သုံးစွဲနိုင်ပါတယ်။

ကြိုတင်သတိပေးချက်များ :

အသက်၁၆နှစ်အောက် ကလေးငယ်တွေမှာ ဒီဆေးရဲ့ အာနိသင်ထိရောက်မှုရှိမရှိ၊အန္တရာယ်ကင်းစိတ်ချရမှုရှိမရှိ မသိရသေးပါ။

အခြားမှတ်ချက်များ :

အထွေထွေ :

-ကိုယ်အလေးချိန်လျှော့ချရာမှာ ဒီဆေးကို ထည့်သွင်းသုံးစွဲခြင်းအားဖြင့် ဆေးစွဲတာမျိုး ဖြစ်လာနိုင်တဲ့အချက်ကိုလည်း သတိထားရပါမယ်။ အစာစားချင်စိတ်ကို ချိုးနှိမ်ပေးတဲ့ ဆေးတွေကို ကာလကြာရှည်စွာ သုံးစွဲခြင်းအားဖြင့် ပြင်းထန်သော အရေပြားရောဂါများ၊(ဆိုးရွားစွာ) ညဖက်အိပ်မပျော်ခြင်း၊စိတ်တိုစိတ်ဆတ်ခြင်း၊ကဏှာမငြိမ်ဖြစ်ခြင်း၊ကိုယ်ရည်ကိုယ်သွေးများပြောင်းလဲခြင်း၊စိတ်ကယောက်ကယက်ဖြစ်ခြင်း စတဲ့ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

-လတ်တလောဆေးလွန်ခြင်းကို ကုသတဲ့အခါ လက်ရှိခံစားနေရတဲ့ ရောဂါလက္ခဏာတွေကိုပဲ အဓိကအာရုံစိုက်ကုသရမှာဖြစ်ပြီး အစာအိမ်တွင်းဆေးကြောခြင်း၊barbiturate ဆေးများအသုံးပြုပြီး လူနာကို မှိန်းသွား၊ငြိမ်သွားအောင်လုပ်ခြင်း စတာတွေကို လုပ်ဆောင်ပေးရပါမယ်။ သွေးပေါင်တွေအရမ်းတက်နေရင် phentolamine ကို အကြောသွင်းဆေးအဖြစ် သွင်းပေးဖို့ စဉ်းစားရပါမယ်။ ကျောက်ကပ်ဆေးခြင်း၊ဝမ်းဗိုက်တွင်း ဆေးကြောခြင်း စတဲ့ ကုသမှုတွေနဲ့ မလုံလောက်တော့တဲ့အတွက် ဖြစ်ပါတယ်။

-ဒီဆေးကို ကြာရှည်သုံးရင် စွဲလာနိုင်တဲ့အတွက် ဆေးကိုရပ်တန့်လိုက်တဲ့အခါ ဆေးဖြတ်ဝေဒနာတွေကို ခံစားလာရနိုင်ပါတယ်။

အခြေအနေကို လေ့လာစောင့်ကြည့်ခြင်း :

-နှလုံးနှင့် သွေးကြောအဖွဲ့အစည်း : နှလုံးကျန်းမာရေးနဲ့ ပတ်သက်လို့ ရောဂါရာဇဝင်မေးမြန်းခြင်း၊စမ်းသပ်စစ်ဆေးခြင်း(ဆေးစတင်မသုံးစွဲခင် ပြုလုပ်ရမှာပါ)၊အက်ကိုးရိုက်ခြင်း (echocardiogram) – ဆေးသုံးစွဲနေစဉ်ကာလနဲ့ သုံးစွဲပြီးနောက်ပိုင်းမှာ ပြုလုပ်ရပါမယ်။ သွေးပေါင်ချိန်ခြင်း။

-ဇီဝဖြစ်စဉ်ဖြစ်ပျက်ဆိုင်ရာ : ကိုယ်အလေးချိန်တိုင်းတာခြင်း၊ခါးပတ်ပတ်လည် အတိုင်းအတာယူခြင်း။

-ကျောက်ကပ်ဆိုင်ရာ : သက်ကြီးရွယ်အိုများနဲ့ ကျောက်ကပ်မကောင်းတဲ့ လူနာတွေမှာ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတွေကို တောက်လျှောက်စောင့်ကြည့်နေခြင်း။

လူနာများအတွက် အကြံပြုချက် :

-ဒီဆေးဟာ မူးဝေထိုင်းမှိုင်းခြင်း၊ငိုက်မျဉ်းခြင်းနဲ့ အမြင်အာရုံဆိုင်ရာပြဿနာတွေကို ဖြစ်စေနိုင်တဲ့အတွက် ကားမောင်းခြင်း၊စက်ကိရိယာများကို ကိုင်တွယ်မောင်းနှင်ခြင်းများ အပါအဝင် စိတ်ကြည်လင်လန်းဆန်းနေဖို့၊အမြင်အာရုံကြည်လင်နေဖို့ လိုအပ်တဲ့ အပြုအမူ၊လုပ်ဆောင်မှုတွေကို ဆေးအာနိသင်မပြယ်မချင်း မပြုလုပ်သင့်ပါဘူး။

-ဒီဆေး သုံးစွဲနေစဉ်ကာလမှာ အရက်သောက်ခြင်းကို ရှောင်ကျဉ်ရပါမယ်။

Diethylpropion ကို ဘယ်လိုပုံစံမျိုး အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။

Diethylpropion ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • ဆေးပြားပုံစံ။

အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Diethylpropion ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement