backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Paracetamol (ပါရာစီတမော)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 08/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Paracetamol (ပါရာစီတမော)

Paracetamol (ပါရာစီတမော) ကို အဖျားပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေးအနေနဲ့ အသုံးပြုကြတာ များပါတယ်။ ပါရာစီတမောကို အက်ဆီတာမိုင်နိုဖန် (Acetaminophen)လို့ အသိများပြီး ဆေးစာမလိုဘဲ ဝယ်ယူနိုင်တဲ့ OTC ဆေးတစ်မျိုးပါ။

အသုံးပြုပုံများ

Paracetamol (ပါရာစီတမော)ကို ဘာအတွက်အသုံးပြုကြသလဲ

ပါရာစီတမောဟာ NSAID မဟုတ်ပါဘူး။ ဒါပေမယ့် အဖျားသက်သာစေပြီး ခန္ဓာကိုယ် နာကျင်မှုတွေကို သက်သာစေနိုင်ပါတယ်။

Paracetamol (ပါရာစီတမော) ကို ဘယ်လိုသောက်သုံးသင့်သလဲ

သောက်ဆေးပုံစံဖြစ်ပြီး ဝါးမစားဘဲ မျိုချတာမျိုး လုပ်လို့ ရသလို၊ ဆေးကို ချေပြီးသောက်တာ၊ အမှုန့်ကြိတ်ပြီး အရည်ဖျော်သောက်တာမျိုးလည်း ရပါတယ်။ အစားစားပြီးမှ သောက်လို့ ရသလို မစားဘဲလည်း သောက်လို့ ရပါတယ်။

လိုအပ်မယ်ဆိုရင် စအိုထဲကို ဆေးတောင့်ထည့်ပြီး အသုံးပြုပေးလို့လည်း ရပါတယ်။ ခန္ဓာကိုယ် အပူချိန်နဲ့ ဆေးတောင့်က ပျော်သွားမှာပါ။ စအိုထဲကို ဆေးတောင့် မတည့်ခင် နဲ့ တည့်ပြီးချိန်မှာ လက်ကို သေချာ ဆေးကြောပါ။

ပါရာစီတမော ထိုးဆေးလည်း ရှိပေမယ့်  ဆရာဝန်ညွှန်ကြားချက်ပါမှ အသုံးပြုလို့ရပါမယ်။

Paracetamol (ပါရာစီတမော)ကို ဘယ်လိုသိမ်းဆည်းရမလဲ

ပါရာစီတမောကို အခန်းအပူချိန်မှာ သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ဆေးဝါးအများစုကို ရေခဲသေတ္တာထဲမှာ သိမ်းဆည်းနိုင်ပါတယ်။ ရေခဲကန့်မှာ သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Paracetamol (ပါရာစီတမော)ကို အသုံးမပြုခင် ဘာတွေသိသင့်သလဲ

မသောက်သုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်။
  • တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
  • ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်
  • တခြားရောဂါအခံတွေ ရှိနေရင်

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။

ဒီဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်တွင် သောက်တဲ့အခါ ဆိုးကျိုးများရှိမရှိအတွက် လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိသေးပါ။ ဒါကြောင့် ဆေးမသောက်သုံးမီမှာ ဖြစ်နိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဒီဆေးကို အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် B ရှိသည်ဟု သတ်မှတ်ထားပါတယ်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံးရန် မသင့်ပါ။
  • N=အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Paracetamol (ပါရာစီတမော)ကို အသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • သွေးထဲမှာ သွေးဥမွှားလေးတွေ နည်းသွားတာ
  • ဆေးထိုးထားတဲ့နေရာက ဓာတ်ပြုတုံ့ပြန်တာ
  • မအီမသာဖြစ်တာ၊ အော့အန်တာ
  • ဝမ်းချုပ်တာ
  • ခေါင်းကိုက်တာ
  • အိပ်မပျော်တာ
  • ရှိန်းတိန်းဖိန်းတိန်းဖြစ်တာ
  • အရေပြားတွေ ယားတာ

အခုလို ပြင်းထန်တဲ့ လက္ခဏာတွေ တွေ့ရမယ်ဆိုရင် ချက်ချင်းကုသမှု ခံယူဖို့ လိုပါမယ်။

  • အသည်းပျက်စီးမယ်
  • ကျောက်ကပ်ပျက်စီးမယ်
  • ပြင်းထန်တဲ့ လက္ခဏာတွေဖြစ်မယ်။

အခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့ တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Paracetamol (ပါရာစီတမော)နဲ့ ဓာတ်ပြုနိုင်သလဲ

ပါရာစီတမောက လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

  • Acyclovir (ရေယုန်ဆေး)
  • Diazepam (ဒိုင်ရာဇီပန်)
  • Chlorpromazine (စိတ်ရောဂါကုသဆေး)

ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ပါရာစီတမောသောက်တာကို ရပ်ပြီး တခြားဆေးတွေကို ပုံမှန်အတိုင်း သောက်သုံးပါ။ တစ်ချိန်တည်းမှာပဲ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။

အစားအသောက်တွေနဲ့ အရက်က Paracetamol (ပါရာစီတမော)နဲ့ ဓာတ်ပြုနိုင်သလား

Paracetamol က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ပါရာစီတမောသောက်တဲ့ရက်တွေမှာ အရက်မသောက်သင့်ပါ။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Paracetamol (ပါရာစီတမော)နဲ့ ဓာတ်ပြုနိုင်သလဲ

Paracetamol က သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့် လက်ရှိမှာ

  • ပြင်းထန်တဲ့ အသည်းထိခိုက်မှု ရှိရင်ပါ။

သောက်သုံးရန်အညွှန်း

အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အရွယ်ရောက်ပြီးသူတွေအတွက် Paracetamol (ပါရာစီတမော)ရဲ့ အသုံးပြုရမယ့်ပမာဏက ဘယ်လောက်လဲ

ဖျားနာခြင်းနဲ့ နာကျင်မှုအတွက်

သောက်ဆေးအနေနဲ့

  • Immediate release (အာနိသင်ချက်ချင်းပြတဲ့ အမျိုးအစား) – 325mg မှ 1g ထိကို ၄ နာရီခြား (သို့မဟုတ်) ၆ နာရီခြား သောက်သုံး ရပါမယ်။

အများဆုံး အနေနဲ့ 1000 mg (1g) ထိ သောက်နိုင်ပြီး  ၂၄နာရီအတွင်းအများဆုံး သောက်လို့ရမယ့် ပမာဏက 4g ပါ။

  • Extended release (အာနိသင်ဖြည်းဖြည်းချင်းပြတဲ့ အမျိုးအစား) – တစ်ခါသောက် 1300mg ၈နာရီခြား သောက်သုံးနိုင်ပါတယ်။ အများဆုံး အသုံးပြုနိုင်မယ့် ပမာဏက ၂၄နာရီအတွင်းမှာ 3900mg ပါ။

စအိုထဲထည့်ပြီး အသုံးပြုမည်ဆိုပါက တစ်ကြိမ်ကို 650mg ၄နာရီ-၆နာရီခြား သုံးနိုင်ပါတယ်။ ၂၄ နာရီအတွင်း အများဆုံး အသုံးပြုနိုင်မယ့် ပမာဏက 3900 mg ပါ။

ကလေးတွေအတွက် Paracetamol (ပါရာစီတမော)ရဲ့ အသုံးပြုရမယ့်ပမာဏက ဘယ်လောက်လဲ

ဖျားနာတာနဲ့ နာကျင်ကိုက်ခဲတာအတွက်

ခန္ဓာကိုယ် အချိုးအစားကို လိုက်ပြီး ကွာခြားနိုင်ပါတယ်။ ၁၂နှစ်အောက် ကလေးဖြစ်မယ်ဆိုရင်

သောက်ဆေးအတွက် 10-15 mg/kg/dose (ကိုယ်အလေးချိန် 1kg အတွက် တစ်ခါသောက်ရင် ဆေးပမာဏ 10-15mg) ၄နာရီ-၆နာရီခြားတစ်ခါ သောက်သုံးနိုင်ပါတယ်။ အများဆုံးသောက်သုံးနိုင်တဲ့ ပမာဏက ၂၄နာရီအတွင်းမှာ ၅ ကြိမ်ပါ။

(တကယ်လို့ ကလေးက 10kg သို့ ပေါင် ၂၀စွန်းစွန်းရှိတယ်ဆိုရင် တစ်ခါသောက် 100-150mg)

တိုက်လို့ရတဲ့ ဆေးပမာဏ (ဒါတွေက ပုံသေပါ။)

အသက် ၃လအရွယ်(ခန္ဓာကိုယ်အလေးချိန် 2.4-5.3kg) ထိဆိုရင်

  • 40mg သောက်သုံးလို့ ရပါတယ်။

အသက် ၄လ ကနေ၁၁လအထိ (ခန္ဓာကိုယ်အလေးချိန် 5.4-8.1kg) ထိဆိုရင်

  • 80mgသောက်သုံးလို့ ရပါတယ်။

အသက် ၁၂လ ကနေ ၂၃လအထိ (ခန္ဓာကိုယ်အလေးချိန် 8.2-10.8kg) ထိဆိုရင်

  • 120mg သောက်သုံး လို့ ရပါတယ်။
  • ဝါးစားလို့ရတဲ့ ဆေးပုံစံမျိုးဆိုရင် (80 mg ဆေးပြားကို) ဆေးပြား ၁ ပြားခွဲ သောက်သုံးနိုင်ပါသည်။

အသက် ၂နှစ်မှ၃နှစ်အထိ (ခန္ဓာကိုယ်အလေးချိန် 10.9-16.3kg) ထိဆိုရင်

  • 160mg သောက်သုံး လို့ ရပါတယ်။
  • ဝါးစားလို့ရတဲ့ ဆေးပုံစံမျိုးဆိုရင် (80 mgဆေးပြားဆိုရင်) ဆေးပြား ၁ ပြားခွဲ သောက်သုံးနိုင်ပါသည်။ 160mg ဆေးပြားဆိုရင်  ၁ပြားသောက်သုံးလို့ ရပါတယ်။

အသက် ၄နှစ်မှ၅နှစ်အထိ (ခန္ဓာကိုယ်အလေးချိန် 16.4-21.7kg) ထိဆိုရင်

  • 240mgသောက်သုံး လို့ ရပါတယ်။
  • ဝါးစားလို့ရတဲ့ ဆေးပုံစံမျိုးဆိုရင် (80 mgဆေးပြားကို) ဆေးပြား ၃ ပြား သောက်သုံးနိုင်ပါသည်။ 160mg ဆေးပြားဆိုရင်  ၁ပြားခွဲသောက်သုံးလို့ ရပါတယ်။
  • အသက်၆နှစ်-၁၂နှစ်ထိဆိုရင် 325mg ကို ၄နာရီ-၆နာရီခြားတစ်ခါသောက်သုံးနိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားချက် မရှိဘဲ တစ်နေ့ကို အများဆုံး 1.625g ထက်မပိုရပါဘူး။ ၅ ရက်ဆက်တိုက် မသောက်သုံးရပါဘူး။

    ကလေးငယ်လေးတွေကို ပါရာစီတမောဆေးရည်တိုက်မယ်ဆိုရင် ပါတဲ့ mlနဲ့ mgနဲ့ကို ပြန်တွက်ပြီး တိုက်ရပါတယ်။ ဥပမာ 160mg/ 5mlဆိုရင် 1mlကို ပါရာစီတမော 32mgပါပါတယ်။ ကလေးသောက်ရမယ့်ပမာဏကို ပြန်တွက်ပါ။

    ၁၂နှစ်ထက်ကြီးသော ကလေးများအတွက်

    • ပုံမှန်သောက်သုံးလို့ရတဲ့ ပမာဏမှာ တစ်ခါသောက် 650mg ၄နာရီ-၆နာရီခြားတစ်ခါ သောက်သုံးလို့ ရပါတယ်။၂၄နာရီအတွင်း 3.25g ထက်မပိုရပါဘူး။ ဆရာဝန်ညွှန်ကြားမှုနဲ့ဆိုရင် တစ်နေ့ကို 4g ထိသောက်နိုင်ပါတယ်။
    • Extra strength ဆိုရင်တော့ တစ်ခါသောက် 1000mg ၆နာရီခြားတစ်ကြိမ် သောက်သုံးနိုင်ပါသည်။ ၂၄နာရီအတွင်း 3g ထက်မပိုရပါဘူး။ ဆရာဝန် ညွှန်ကြားမှုပါမယ်ဆိုရင် တစ်နေ့ကို 4g ထိသောက်နိုင်ပါတယ်။
    • Extended release ဆိုရင်တော့ တစ်ခါသောက် 1.3g  ၈နာရီခြား သောက်သုံးနိုင်ပါသည်။ ၂၄နာရီအတွင်း 3.9g ထက်မပိုရပါဘူး။

    Paracetamol (ပါရာစီတမော)ကို ဘယ်လိုရရှိနိုင်သလဲ

    • ပါရာစီတမောကို 325 mg-30 mg၊ 325 mg-60 mg၊ 120 mg-12 mg/5 ml၊ 300 mg-15 mg၊ 300 mg-30 mg၊ 300 mg-60 mg၊ 650 mg-30 mg၊ 650 mg-60 mg ပမာဏစသဖြင့် အသီးသီး ရနိုင်ပါတယ်။

    ရရှိနိုင်သောပုံစံများတွေကတော့

    • အရည်
    • ဆေးလုံး (ဝါးစားရသော ၊ ရေဆူဆေးပြား)
    • အရည်ပါသော ဆေးတောင့်များ
    • အမှုန့်ပုံစံ
    • အမှုန့်ကို အရည်ဖျော်ထားတဲပုံစံ
    • စအိုတောင့်
    • ဆေးရည်ပုံစံမျိုးတွေနဲ့ ရရှိနိုင်ပါတယ်။

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    ပါရာစီတမောကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်သောက်ရမယ့်အချိန်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သောက်ပါ။ ဆေးနှစ်ခါ သောက်တာမျိုး မလုပ်ပါနဲ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 08/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement