backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Ultram


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Ultram ကို ဘာအတွက်အသုံးပြုကြသလဲ

Ultram® (tramadol) ဟာနာကျင်ကိုက်ခဲမှုတွေကိုသက်သာစေတဲ့ ဆေးတမျိုးဖြစ်ပြီးစွဲလမ်းစေတတ်တဲ့ ဆေးဝါးအုပ်စုဝင် ဖြစ်ပါတယ်။ သာမန်နာကျင်မှုတွေကနေ ပြင်းထန်တဲ့နာကျင်မှုတွေအထိ Ultram® (tramadol) ကိုအသုံးပြုနိုင်ပါတယ်။ နာကျင်မှုဝေဒနာတွေကို၂၄နာရီ လျော့ပါးသက်သာစေဖို့လိုအပ်တယ်ဆိုရင်တော့ Ultram® ER – ကြာရှည်စွာအာနိသင်ပြတဲ့ ဆေးပုံစံကိုအသုံးပြုနိုင်ပါတယ်။Ultram® ER ကိုနာမှထသောက်တာမျိုးလုပ်လို့မရပါဘူး။

Ultram ဘယ်လိုသောက်သုံးသင့်သလဲ

Ultram® (tramadol) ကိုဆရာဝန်ညွှန်ကြားထားတဲ့အတိုင်းသုံးစွဲရပါမယ်။ ဆေးညွှန်းအတိုင်းအတိအကျလိုက်နာပါ။ ဒီဆေးဟာအသက်ရှူခြင်းကို နှေးစေဒါမှမဟုတ်ရပ်သွားစေနိုင်ပါတယ် (အထူးသဖြင့်ပထမဆုံးအကြိမ်စတင်သုံးစွဲချိန်ဒါမှမဟုတ် ဆေးပမာဏ ပြောင်းလဲလိုက်ချိန်တွေမှာပေါ့)။ ဆရာဝန်ညွှန်ကြားထားတဲ့ပမာဏဒါမှမဟုတ်ကာလအတိုင်းအတာထက်ပိုမသုံးစွဲပါနဲ့။ သင့်နာကျင်မှုကိုသက်သာပျောက်ကင်းစေဖို့အတွက်ဒီဆေးကိုအသုံးပြုရာမှာအာနိသင်ဆက်မပြတော့ဘူးဆိုရင်ဆရာဝန်ကိုအသိပေးရပါမယ်။ ပုံမှန် ဆေးပမာဏသုံးစွဲတယ်ဆိုရင်တောင် Tramadol ကိုစွဲသွားတတ်ပါတယ်။ ဒီဆေးကိုတခြားလူတွေနဲ့မျှဝေသုံးစွဲခြင်းမပြုရပါဘူး (အထူးသဖြင့် ဆေးစွဲဖူးသူတွေ၊ဆေးတလွဲသုံးဖူးသူတွေနဲ့မျှဝေသုံးစွဲခြင်းမပြုရပါဘူး)။ အကိုက်အခဲပျောက်ဆေးတွေကိုတလွဲသုံးရင်ဆေးစွဲခြင်း၊ဆေးလွန်ခြင်း၊အသက်ဆုံးရှုံးခြင်းတွေအထိ ဖြစ်လာနိုင်ပါတယ် (အထူးသဖြင့်ကလေးငယ်တွေဒါမှမဟုတ်ဆရာဝန်ညွှန်ကြားချက်မရှိဘဲသုံးစွဲသူတွေမှာ ဖြစ်ပါတယ်)။Ultram® (tramadol) ကို ရောင်းခြင်းဒါမှမဟုတ်အခြားသူတွေကို ပေးပစ်ခြင်းဟာဥပဒေနဲ့ဆန့်ကျင်ပါတယ်။Ultram® (tramadol) ကိုစတင်သုံးစွဲပြီဆိုရင်အခြားသောအကိုက်အခဲပျောက်ဆေးအားလုံးကိုရပ်လိုက်ရပါမယ်။

Ultram® ကိုအစာရှိသည်ဖြစ်စေ၊အစာမရှိသည်ဖြစ်စေသုံးစွဲနိုင်ပါတယ်။ ဒါပေမယ့်ပထမဆုံးတခါသောက်တဲ့ ပုံစံအတိုင်း နောက်အကြိမ်တွေမှာလည်းပုံသေ သောက်သုံးဖို့တော့လိုပါတယ်။ ကြာရှည်စွာ အာနိသင်ပြတဲ့ ဆေးပြားကိုချိုးချေခြင်း၊ဖွင့်လိုက်ခြင်းများမပြုရပါဘူး။ အထဲက ဆေးမှုန့်တွေကိုရှူဖို့ဒါမှမဟုတ် အရည်တမျိုးမျိုးနဲ့ ရောပြီး သွေးကြောထဲထိုးထည့်ဖို့အတွက် Ultram® ဆေးပြားကိုချိုးချေခြင်းမပြုရပါဘူး။ ဒီလိုလုပ်ရင် သေတတ်ပါတယ်။ ကြာရှည်စွာအာနိသင်ပြတဲ့ ဆေးပြားတွေကိုသုံးစွဲတဲ့အခါသင့်ဝမ်းထဲမှာ ဆေးပြား အပြင်ခွံပါလာတတ်ပါတယ်။ ဒါဟာပုံမှန်ပဲဖြစ်ပြီးသင်လက်ရှိသုံးစွဲနေတဲ့ ဆေးပမာဏဟာ လုံလောက်မှုမရှိဘူးလို့ဆိုလိုတာမဟုတ်ပါဘူး။Ultram® ကိုကာလကြာရှည်သုံးစွဲလာပြီးရုတ်တရက် ဖြတ်လိုက်တာမျိုးမလုပ်ရပါဘူး။ ဆေးဖြတ်လက္ခဏာတွေ ပေါ်ပေါက်လာနိုင်လို့ပဲ ဖြစ်ပါတယ်။ ဆေးကိုအန္တရာယ်ကင်းကင်းနဲ့ ဖြတ်နိုင်ဖို့အတွက်ဆရာဝန်ထံ မေးမြန်းရပါမယ်။

Ultram ဘယ်လိုသိမ်းဆည်းရမလဲ

ဆေးအများစုမှာအခန်းအပူချိန်တွင်သိုလှောင်ထားနိုင်ပါတယ်။

Ultram® (tramadol) ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Ultram® (tramadol) ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင်သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Ultram® (tramadol) ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကိုကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကိုကလေးတွေ၊အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Ultram® (tramadol) ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါဒါမှမဟုတ်သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကိုစနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင်သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင်သိမ်းဆည်းခြင်းတော့မပြုလုပ်ရပါ။

Ultram® (tramadol) ကိုရေခဲသေတ္တာထဲတွင်သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Ultram အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ဖော်ပြပါအချက်တွေရှိနေရင် ဆေးမသုံးစွဲခင်ဆရာဝန်ကိုကြိုပြောပါ။

  • ကိုယ်ဝန်ရှိခြင်းသို့မဟုတ်မိခင်နို့တိုက်ကျွေးနေခြင်း။ ဘာလို့လဲဆိုတော့ကိုယ်ဝန်ရှိချိန်၊နို့တိုက်ချိန်တွေမှာဆရာဝန်ညွှန်ကြားတဲ့ ဆေးဝါးတွေကိုပဲသုံးစွဲသင့်တာကြောင့် ဖြစ်ပါတယ်။
  • အခြားသော ဆေးဝါးတွေသုံးစွဲနေရခြင်း (ဆေးဝါးတွေဆိုရာမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်)။
  • Ultracet® (acetaminophen and tramadol) ရဲ့ပါဝင်ပစ္စည်းတွေဒါမှမဟုတ်အခြားသော ဆေးဝါးတွေနဲ့ဓါတ်မတည့်ခြင်း။
  • အခြားသောနာမကျန်းမှုများ၊ရောဂါပြဿနာများရှိနေခြင်းစတာတွေပဲ ဖြစ်ကြပါတယ်။

အောက်ဖော်ပြပါအချက်တွေရှိနေရင် Ultram® ကိုမသုံးစွဲသင့်ပါဘူး။

  • ပြင်းထန်သောပန်းနာရင်ကျပ် ရောဂါရှိခြင်းသို့မဟုတ်အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများရှိနေခြင်း။
  • အစာအိမ်သို့မဟုတ်အူလမ်းကြောင်းပိတ်ဆို့ခြင်း။
  • မကြာသေးမီအချိန်ကအရက်၊အိပ်ဆေး၊စိတ်ငြိမ်ဆေးသို့မဟုတ်စွဲလမ်းစေတတ်သော ဆေးဝါးများကိုသုံးစွဲထားခြင်း။
  • MAO inhibitor အုပ်စုဝင် ဆေးဝါးများကိုလွန်ခဲ့တဲ့နှစ်ပတ်အတွင်းသုံးစွဲထားခြင်း (ဥပမာ isocarboxazid, linezolid, methylene blue injection, phenelzine, rasagiline, selegiline, or tranylcypromine)

အသက်၁၂နှစ်အောက်ကလေးတွေမှာ Ultram® ကိုမသုံးစွဲသင့်ပါဘူး။Ultram® ER ကိုအသက်၁၈နှစ်ကျော်မှသုံးစွဲရပါမယ်။ ပသိသို့မဟုတ်အဒီနွိုက်ဂလင်းတွေကိုမကြာသေးခင်ကမှ ဖြတ်တောက်ခွဲစိတ်ကုသမှုခံယူထားရတဲ့အသက်၁၈နှစ်အောက်ကလေး/လူငယ်တွေမှာ tramadol အသုံးမပြုရပါဘူး။

Ultram® သောက်သုံးသူအချို့မှာ လေသင်တုန်းဖြတ်ခြင်း ဖြစ်ပေါ်တတ်ပါတယ်။ လေသင်တုန်းဖြတ်နိုင်ချေနဲ့ပတ်သက်လို့သင့်ဆရာဝန်ထံ မေးမြန်းဆွေးနွေးနိုင်ပါတယ်။ အောက်ဖော်ပြပါအချက်တွေရှိနေရင် လေသင်တုန်းဖြတ်နိုင်ချေပိုများပါတယ်။

  • ဦးခေါင်းထိခိုက်ဒါဏ်ရာရခြင်း၊အတက်ဝေဒနာခံစားရခြင်း။
  • ဆေး/အရက်စွဲနေခြင်း။
  • ဇီဝဖြစ်စဉ်ဆိုင်ရာမူမမှန်ပြဿနာများရှိနေခြင်း။

အချို့သောပဋိဇီဝပိုးသတ်ဆေးများသုံးစွဲနေရခြင်း၊မှိုစွဲရောဂါကု ဆေးဝါးများသုံးစွဲနေရခြင်း၊နှလုံးရောဂါကုဆေးများ၊သွေးကျဆေးများသုံးစွဲနေရခြင်း၊ခုခံအားကျဆင်းမှုကူးစက်ရောဂါကိုကုသနိုင်မယ့် ဆေးတွေကိုသုံးစွဲနေရခြင်း။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Ultram ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကိုကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်တွင်အသုံးပြုလျှင်ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက်လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက်သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည်အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏သတ်မှတ်ချက်အရကိုယ်ဝန်ဆောင်များတွင်ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ကိုယ်ဝန်ဆောင်များတွင်ထိခိုက်နိုင်ချေအဆင့်သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့်အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်များတွင်စိတ်ချရမှုရှိမရှိကိုမသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့်ဆိုးကျိုးများကိုချိန်ဆနိုင်ရန်အတွက်သင်၏ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Ultram ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အင်ပြင်ထခြင်း၊အသက်ရှူရခက်ခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ၊လည်ချောင်းစသည် ဖောင်းကားဖောရောင်လာခြင်းစတဲ့ဓါတ်မတည့်လက္ခဏာတွေ ပေါ်ပေါက်လာရင်အရေးပေါ် ဆေးဝါးကုသမှုကိုအမြန်ဆုံးခံယူရပါမယ်။ အခြားသောစွဲလမ်းစေတတ်တဲ့ ဆေးများနည်းတူ Ultram® (tramadol) ဟာလည်းသင့်ရဲ့အသက်ရှူနှုန်းကို နှေးစေနိုင်ပါတယ်။ အသက်ရှူတာသိပ်အားနည်းလာရင်တော့အသက်အန္တရာယ်ထိရှိနိုင်ပါတယ်။ ဒါကြောင့်အသက်ရှူနှေးလွန်းပြီးအချိန်အတန်ကြာရပ်ရပ်သွားတတ်ခြင်း၊နှုတ်ခမ်းပြာလာခြင်း၊အလွယ်တကူနှိုးမရတော့ခြင်းစတဲ့အခြေအနေတွေနဲ့ တွေ့ကြုံလာရပြီဆိုရင်တော့အရေးပေါ်ဆေးဝါးကုသမှုကိုခံယူရပါမယ်။

အောက်ဖော်ပြပါလက္ခဏာတွေရှိနေရင်ဆရာဝန်ကိုအမြန်ဆုံးခေါ်ပါ။

  • အသက်ရှူချိန်မှာအသံများဆူညံစွာထွက်နေခြင်း၊သက်ပြင်းချခြင်း၊အသက်ရှူအားနည်းခြင်း။
  • နှလုံးခုန်နှေးခြင်း၊သွေးခုန်နှုန်းအားနည်းခြင်း။
  • သတိလစ်သွားတော့မယောင်မိုက်ခနဲ ဖြစ်သွားခြင်း။
  • တက်ခြင်း။
  • မျိုးမအောင်ခြင်း၊ဓမ္မတာထိန်ခြင်း။
  • မြုံခြင်း၊လိင်ပိုင်းဆိုင်ရာ ပြဿနာများရှိခြင်း၊လိင်စိတ်နည်းပါးခြင်း။
  • ကော်တီဇောပမာဏနည်းပါးခြင်း – ပျို့အန်မအီမသာဖြစ်ခြင်း၊အစားအသောက်ပျက်ခြင်း၊လေးလံထိုင်းမှိုင်းခြင်း၊ငိုက်မျဉ်းခြင်း၊ပိုမိုပင်ပန်းနွမ်းနယ်လာခြင်း၊အားနည်းလာခြင်း။

ပြင်းထန်သောအရေပြားတုံ့ပြန်မှုများ – ဖျားနာခြင်း၊လည်ချောင်းနာခြင်း၊မျက်နှာသို့မဟုတ်လျှာ ဖောရောင်ဖောင်းကားလာခြင်း၊မျက်စိပူခြင်း၊အရေပြားနာကျင်ခြင်း၊အနီစက်/ခရမ်းရောင်အစက်များထွက်လာခြင်း (မျက်နှာဒါမှမဟုတ်ခန္ဓါကိုယ်အပေါ်ပိုင်းမှာအဓိကပျံ့နှံ့သွားပါလိမ့်မယ်)။ နောက်ဆက်တွဲအနေနဲ့အရည်ကြည်ဖုများဖြစ်ခြင်း၊အရည်ပြားကွာကျခြင်းတွေပါ ဖြစ်ပေါ်လာနိုင်ပါတယ်။

Serotonin syndrome လို့ခေါ်တဲ့ ရောဂါလက္ခဏာပေါင်းစုရဲ့လက္ခဏာတွေ ပေါ်ပေါက်လာရင် ဆေးဝါးကုသမှုအမြန်ဆုံးခံယူရပါမယ်။ အဆိုပါလက္ခဏာတွေကတော့စိတ်တိုစိတ်ဆတ်ခြင်း၊ကယောင်ကတမ်းများဖြစ်ခြင်း၊အဖျားတက်ခြင်း၊ချွေးစေးများပျံခြင်း၊ချမ်းတုန်ခြင်း၊နှလုံးခုန်မြန်ခြင်း၊ကြွက်သားတောင့်တင်းခြင်း၊အကြောလိုက်ခြင်း၊ခန္ဓါကိုယ်လှုပ်ရှားမှုများကိုဦးနှောက်နှင့်အာရုံကြောမှ ကောင်းစွာမထိန်းချုပ်နိုင်ခြင်း၊ပျို့အန်မအီမသာဖြစ်ခြင်း၊ဝမ်းလျှောခြင်းစတာတွေပဲ ဖြစ်ကြပါတယ်။ သက်ကြီးရွယ်အိုတွေ၊အဝလွန်သူတွေ၊အာဟာရချို့တဲ့သူတွေနဲ့မလှုပ်မရှားနိုင်သူတွေမှာ ဘေးထွက်ဆိုးကျိုးတွေပိုမိုဖြစ်ပေါ်တတ်ပါတယ်။ ဒီဆေးတွေကိုကာလကြာရှည်စွဲသုံးမယ်ဆိုရင်အမျိုးသားရော၊အမျိုးသမီးမှာပါ မြုံခြင်း၊မျိုးမအောင်ခြင်း ဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်ခြင်းဟာယာယီလား၊အမြဲတမ်းအတွက်လားဆိုတာကိုတော့မသိရှိရသေးပါဘူး။ အခြားဖြစ်လေ့ရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • ခေါင်းကိုက်ခြင်း၊ငိုက်မျဉ်းခြင်း၊လေးလံထိုင်းမှိုင်းခြင်း၊ပင်ပန်းနွမ်းနယ်သလိုခံစားရခြင်း။
  • ဝမ်းချုပ်ခြင်း၊ဝမ်းလျှောခြင်း၊ပျို့အန်မအီမသာဖြစ်ခြင်း၊ဗိုက်နာ/အောင့်ခြင်း။
  • ဂဏှာမငြိမ်ဖြစ်ခြင်း။
  • ယားယံခြင်း၊ချွေးစေးများပျံခြင်း၊နီရဲပူနွေးခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင်မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Ultram နဲ့ ဓါတ်ပြုနိုင်သလဲ

Ultram® (tramadol) ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကိုလုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန်ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကိုဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ရပ်ဆိုင်းခြင်း၊ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

Ultram® (tramadol) နဲ့ဓါတ်ပြုနိုင်တဲ့ ဆေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ကြပါတယ်။

  • စွဲလမ်းစေတတ်သော ဆေးအမျိုးအစားများ – opioid အုပ်စုဝင်အကိုက်အခဲပျောက်ဆေးများသို့မဟုတ်ဆရာဝန်ညွှန်ကြားချက်ရှိမှ သောက်ရမယ့် ချောင်းဆိုးပျောက်ဆေးများ။
  • အိပ်ငိုက်စေတတ်သော ဆေးများသို့မဟုတ်အသက်ရှူနှေးစေသော ဆေးများ – အိပ်ဆေး၊ကြွက်သားပျော့ဆေး၊စိတ်ငြိမ်ဆေး၊စိတ်ရောဂါကု ဆေးဝါးများ။
  • သင့်ခန္ဓါကိုယ်ထဲမှာရှိတဲ့ serotonin ပမာဏအပေါ်သက်ရောက်မှုရှိတဲ့ ဆေးများ – စိတ်ကျရောဂါပျောက်ဆေး၊ပါကင်ဆန်ရောဂါအတွက်အသုံးပြုသောဆေး၊မိုင်ဂရိန်းခေါင်းတခြမ်းကိုက်ခြင်းအတွက်သုံးစွဲသောဆေး၊ပြင်းထန်သောကူးစက်ပိုးဝင်ခြင်းအတွက်သုံးစွဲသောဆေး၊ပျို့အန်မအီမသာဖြစ်ခြင်းကိုကာကွယ်ဖို့အတွက်အသုံးပြုသောဆေးစသည်။

အစားအသောက်တွေနဲ့ အရက်က Ultram နဲ့ ဓါတ်ပြုနိုင်သလား

Ultram® (tramadol) ကအစားအသောက်ဒါမှမဟုတ်အရက်သေစာနဲ့ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့အစားအသောက်၊အရက်သေစာတွေနဲ့ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Ultram နဲ့ ဓါတ်ပြုနိုင်သလဲ

Ultram® (tramadol) ဟာသင့်ရဲ့နဂိုကျန်းမာရေးအခြေအနေများနဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန်ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့အရေးကြီးပါတယ်။ အောက်ဖော်ပြပါကျန်းမာရေးအခြေအနေတွေကဒီဆေးနဲ့ဓါတ်ပြုနိုင်ပါတယ်။

  • အသည်းသို့မဟုတ် ကျောက်ကပ်ရောဂါ။
  • အစာအိမ်ဆိုင်ရာ ပြဿနာများ။
  • စိတ်ပိုင်းဆိုင်ရာ ဝေဒနာတစုံတရာရှိခြင်း၊မိမိကိုယ်ကို သေကြောင်းကြံရန်ကြံစည်ဖူးခြင်း။
  • အိပ်ဆေးများသုံးစွဲနေရခြင်း – ဥပမာ Valium (diazepam, alprazolam, lorazepam, Ativan, Klonopin, Restoril, Tranxene, Versed, Xanax, and others)
  • သောက်သုံးရန်အညွှန်း

    ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

    အရွယ်ရောက်ပြီးသူတွေအတွက် Ultram ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    နာကျင်ကိုက်ခဲခြင်းအတွက် :

    အလျင်အမြန်အာနိသင်ပြသောပုံစံ : ၅၀ – ၁၀၀မီလီဂရမ်ကို၄ – ၆နာရီခြားတခါ သောက်ရပါမယ်။

    အများဆုံးသုံးစွဲနိုင်တဲ့ပမာဏကတော့တနေ့ကို၄၀၀မီလီဂရမ် ဖြစ်ပါတယ်။

    ကာလတာရှည်နာကျင်ခြင်းအတွက် :

    အကိုက်အခဲပျောက်အာနိသင်ကိုချက်ချင်းရရှိဖို့မလိုအပ်တဲ့လူနာတွေ (သာမန်နာကျင်ခြင်းသို့မဟုတ်အနည်းငယ် ပြင်းထန်တဲ့ကာလတာရှည်နာကျင်ခြင်း ဝေဒနာကိုခံစားနေရတဲ့လူနာတွေ)မှာဆိုရင်တော့ ဆေးဒါဏ်ခံနိုင်စေဖို့အတွက် ဆေးပမာဏကို ဖြည်းဖြည်းချင်းတိုးသွားနိုင်ပါတယ်။

    အလျင်အမြန်အာနိသင်ပြသောပုံစံ :

    • ကနဦးသုံးစွဲရမယ့် ဆေးပမာဏ : ၂၅မီလီဂရမ်ပမာဏကိုတနေ့တကြိမ်သုံးစွဲရပါမယ်။ သုံးရက်တခါ၂၅မီလီဂရမ်တိုးပေးသွားရမှာဖြစ်ပြီး၂၅မီလီဂရမ်ပမာဏကိုတနေ့လေးကြိမ်သုံးစွဲရမယ့်အနေအထားရောက်သည်အထိတိုးသွားရပါမယ်။ ဒီနောက်မှာတော့သုံးရက်တခါ၅၀မီလီဂရမ်တိုးပေးသွားရမှာဖြစ်ပြီး၅၀မီလီဂရမ်ပမာဏကိုတနေ့လေးကြိမ်သုံးစွဲရမယ့်အနေအထားရောက်သည်အထိတိုးသွားရပါမယ်။
    • ဆက်လက်သုံးစွဲသွားရမယ့်ပမာဏ : အထက်မှာ ပြောခဲ့သလိုတိုးတိုးသွားပြီးနောက်မှာတော့နာကျင်မှုအခြေအနေပေါ်မူတည်ပြီး၅၀ – ၁၀၀မီလီဂရမ်ပမာဏကို၄ – ၆နာရီခြားတခါသုံးစွဲသွားရပါမယ်။
    • အများဆုံးသုံးစွဲနိုင်တဲ့ပမာဏကတော့တနေ့ကို၄၀၀မီလီဂရမ် ဖြစ်ပါတယ်။

    ကြာရှည်စွာအာနိသင်ပြသော ဆေးပုံစံ :

    • ကနဦး ဆေးပမာဏ : ၁၀၀မီလီဂရမ်ပမာဏကိုတနေ့တကြိမ်သုံးစွဲရပါမယ်။
    • အာနိသင်ထက်မြက်ပြီး ဘေးထွက်ဆိုးကျိုးတွေကိုလည်းတတ်နိုင်သမျှအနည်းဆုံး ဖြစ်စေဖို့အတွက်၅ရက်တခါ၁၀၀မီလီဂရမ်စီတိုးပေးသွားရပါမယ်။
    • အများဆုံးသုံးစွဲနိုင်တဲ့ ဆေးပမာဏကတော့တနေ့ကို၃၀၀မီလီဂရမ် ဖြစ်ပါတယ်။

    လျင်မြန်စွာအာနိသင်ပြသော ဆေးပုံစံကိုလက်ရှိသုံးစွဲနေတဲ့လူနာတွေအတွက်ကနဦးဆေးပမာဏ : ၂၄နာရီအတွင်းလိုအပ်တဲ့လျင်မြန်စွာအာနိသင်ပြသော ဆေးပမာဏကိုတွက်ထုတ်ပါ။ ဒီပမာဏကို နောက်ထပ်အနည်းဆုံး၁၀၀မီလီဂရမ်တိုးရမယ့်ပမာဏနဲ့စတင်သုံးစွဲပါ။ တနေ့ကိုတကြိမ်သောက်ရပါမယ်။

    အခြားသော Opioid အုပ်စုဝင် ဆေးများကိုလက်ရှိသုံးစွဲနေတဲ့လူနာတွေအတွက်ကနဦးဆေးပမာဏ : အခြားသော Opioid အုပ်စုဝင် ဆေးများကိုဆက်မသောက်ပါနဲ့တော့။ ကာလကြာရှည်စွာအာနိသင်ပြတဲ့ ဆေးပုံစံကိုတနေ့လျှင်၁၀၀မီလီဂရမ်တကြိမ်ပမာဏနဲ့စတင်သုံးစွဲပါ။ အာနိသင်ထက်မြက်ပြီး ဘေးထွက်ဆိုးကျိုးတွေကိုလည်းတတ်နိုင်သမျှအနည်းဆုံး ဖြစ်စေဖို့အတွက်၅ရက်တခါ၁၀၀မီလီဂရမ်စီတိုးပေးသွားရပါမယ်။

    အများဆုံးသုံးစွဲနိုင်တဲ့ ဆေးပမာဏကတော့တနေ့ကို၃၀၀မီလီဂရမ် ဖြစ်ပါတယ်။

    သက်ကြီးရွယ်အိုများအတွက် :

    နာကျင်မှုကိုသက်သာစေရန် : အသက်၇၅နှစ်နှင့်အထက်လူနာတွေမှာအများဆုံးသုံးစွဲရမယ့်ပမာဏကတော့တနေ့ကို၃၀၀မီလီဂရမ် ဖြစ်ပါတယ်။

    ကာလတာရှည်နာကျင်မှုကိုသက်သာစေရန် : အသက်၇၅နှစ်နှင့်အထက်လူနာတွေမှာအများဆုံးသုံးစွဲရမယ့်ပမာဏကတော့တနေ့ကို၃၀၀မီလီဂရမ် ဖြစ်ပါတယ်။

    ကလေးတွေအတွက် Ultram ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    အသက်၁၇နှစ်နှင့်အထက်လူနာတွေမှာနာကျင်ကိုက်ခဲခြင်းအတွက် :

    အလျင်အမြန်အာနိသင်ပြသောပုံစံ : ၅၀ – ၁၀၀မီလီဂရမ်ကို၄ – ၆နာရီခြားတခါ သောက်ရပါမယ်။

    အများဆုံးသုံးစွဲနိုင်တဲ့ပမာဏကတော့တနေ့ကို၄၀၀မီလီဂရမ် ဖြစ်ပါတယ်။

    အကိုက်အခဲပျောက်အာနိသင်ကိုချက်ချင်းရရှိဖို့မလိုအပ်တဲ့လူနာတွေ (သာမန်နာကျင်ခြင်းသို့မဟုတ်အနည်းငယ် ပြင်းထန်တဲ့ကာလတာရှည်နာကျင်ခြင်း ဝေဒနာကိုခံစားနေရတဲ့လူနာတွေ)မှာဆိုရင်တော့ ဆေးဒါဏ်ခံနိုင်စေဖို့အတွက် ဆေးပမာဏကို ဖြည်းဖြည်းချင်းတိုးသွားနိုင်ပါတယ်။

    အလျင်အမြန်အာနိသင်ပြသောပုံစံ :

    • ကနဦးသုံးစွဲရမယ့် ဆေးပမာဏ : ၂၅မီလီဂရမ်ပမာဏကိုတနေ့တကြိမ်သုံးစွဲရပါမယ်။ သုံးရက်တခါ၂၅မီလီဂရမ်တိုးပေးသွားရမှာဖြစ်ပြီး၂၅မီလီဂရမ်ပမာဏကိုတနေ့လေးကြိမ်သုံးစွဲရမယ့်အနေအထားရောက်သည်အထိတိုးသွားရပါမယ်။ ဒီနောက်မှာတော့သုံးရက်တခါ၅၀မီလီဂရမ်တိုးပေးသွားရမှာဖြစ်ပြီး၅၀မီလီဂရမ်ပမာဏကိုတနေ့လေးကြိမ်သုံးစွဲရမယ့်အနေအထားရောက်သည်အထိတိုးသွားရပါမယ်။
    • ဆက်လက်သုံးစွဲသွားရမယ့်ပမာဏ : အထက်မှာ ပြောခဲ့သလိုတိုးတိုးသွားပြီးနောက်မှာတော့နာကျင်မှုအခြေအနေပေါ်မူတည်ပြီး၅၀ – ၁၀၀မီလီဂရမ်ပမာဏကို၄ – ၆နာရီခြားတခါသုံးစွဲသွားရပါမယ်။
    • အများဆုံးသုံးစွဲနိုင်တဲ့ပမာဏကတော့တနေ့ကို၄၀၀မီလီဂရမ် ဖြစ်ပါတယ်။

    Ultram ကိုဘယ်လိုရရှိနိုင်သလဲ

    Ultram® (tramadol) ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့်အချိုးအစားများဖြင့်ရရှိနိုင်ပါတယ်။

    • အပေါ်ယံလွှာတထပ်ပါဝင်တဲ့ ဆေးပြား : tramadol hydrochloride ၅၀မီလီဂရမ်။

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့သွားရောက်ကုသမှုခံယူပါ)

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    Ultram® (tramadol) ကို သောက်သုံးဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီးပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကိုနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement