backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Clotrimazole လိမ်းဆေး (ကလိုထရိုင်မက်ဇော)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 24/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Clotrimazole လိမ်းဆေး (ကလိုထရိုင်မက်ဇော)

Clotrimazole လိမ်းဆေး (ကလိုထရိုင်မက်ဇော) ဆိုတာ မှိုသေဆေး အမျိုးအစားဖြစ်ပါတယ်။ လိမ်းဆေး၊ သောက်ဆေး၊ နားအတွင်းထဲထည့်ဆေး၊ မိန်းမကိုယ်ထဲထည့်ဆေး စသဖြင့် အမျိုးမျိုးရှိပါတယ်။ Clotrimazole က Azoleပါတဲ့ ဆေးဖြစ်ပြီး မှိုတွေ မပွားအောင် တားပေးနိုင်ပါတယ်။

အသုံးပြုပုံများ

Clotrimazole လိမ်းဆေး ကို ဘာအတွက် အသုံးပြုပါသလဲ။

Clotrimazole ကို အရေပြားမှိုစွဲတာတွေ ဖြစ်တဲ့ သဲဝဲစားတာ၊ ပေါင်ခြံပွေး၊ ပွေးကွက်နဲ့ အရေပြားမှက္ခရုလိုမျိုး ရောဂါတွေမှာ သုံးနိုင်ပါတယ်။ ဒါ့ပြင် ဂုတ်၊ ရင်ဘတ်၊ လက်နဲ့ ခြေထောက်တွေမှာ ဖြစ်တတ်တဲ့ ညှင်းရောဂါအတွက်လည်း သုံးနိုင်ပါတယ်။

Clotrimazole ကို ဘယ်လိုလိမ်းသင့်ပါသလဲ။

Clotrimazoleကို ဆေးညွှန်းအတိုင်း ဒါမှမဟုတ် ဆရာဝန် ညွှန်ကြားတဲ့အတိုင်း လိမ်းရပါတယ်။ ညွှန်ကြားတာထက် ပိုလိမ်းတာ၊ လျှော့လိမ်းတာ၊ စွဲလိမ်းတာမျိုး မလုပ်ရပါဘူး။

လိမ်းဆေးကို ပါးစပ်ထဲ မဝင်စေရပါဘူး။ သောက်ဆေးလို မသောက်ရပါဘူး။ မျက်လုံးထဲ၊ နှာခေါင်းထဲနဲ့ မိန်းမကိုယ်ထဲကို မထည့်ရပါဘူး။

  • ဆေးမလိမ်းခင်နဲ့ လိမ်းအပြီးမှာ လက်ကို သေချာဆေးပါ။ လက်မှာ လိမ်းထားရင်တော့ ပြီးရင် ရေမဆေးရပါဘူး။
  • ခြောက်သွေ့အောင် သုတ်ပြီး ညွှန်းထားတဲ့ ပမာဏကို တစ်နေ့ ၂ကြိမ်နဲ့ ၂-၄ပတ်အထိ  လိမ်းရပါမယ်။ ဒါမှမဟုတ် ညွှန်းထားတဲ့အတိုင်း လိမ်းပါ။
  • ဆရာဝန် ညွှန်ကြားချက်မရှိရင် ဆေးလိမ်းပြီးရင် ပတ်တီး၊ ပလာစတာနဲ့ အုပ်ထားစရာ မလိုပါ။

ဆေးကို ပုံမှန်လိမ်းပါ။ ရက်မပြည့်ခင် လက္ခဏာတွေ သက်သာလာတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဆေးပတ်လည်အောင် လိမ်းပါ။ မဟုတ်ရင် ဆေးယဉ်ပါးပြီး ဆေးမတိုးတာ ဖြစ်တတ်ပါတယ်။

လက္ခဏာတွေ ပိုဆိုးလာရင် ဒါမှမဟုတ် ၄ပတ်ကြာတာတောင် မသက်သာရင် ဆရာဝန်နဲ့ ပြန်ပြဖို့ လိုပါတယ်။

Clotrimazole လိမ်းဆေး ကို ဘယ်လိုသိမ်းဆည်းရမလဲ။

ဆေးကို အခန်းအပူချိန်မှာ သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Clotrimazole လိမ်းဆေး အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အသုံးမပြုခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။
  • ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်။
  • တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
  • ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင် (အထူးသဖြင့် Azole ပါတဲ့ ဆေးတွေနဲ့ ဓာတ်မတည့် ဖြစ်ဖူးရင်)
  • တခြားရောဂါအခံတွေ ရှိနေရင်

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Clotrimazole လိမ်းဆေး ကို သုံးစွဲဖို့ စိတ်ချရပါသလား

ဒီလိမ်းဆေးကို ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်တွင် သောက်တဲ့အခါ ဆိုးကျိုးများရှိမရှိအတွက် လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိသေးပါ။ ဒါကြောင့် ဆေးမသောက်သုံးမီမှာ ဖြစ်နိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဒီဆေးကို အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် B ရှိသည်ဟု သတ်မှတ်ထားပါတယ်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံးရန် မသင့်ပါ။
  • N=အခြေအနေကို မသိရသေးပါ။

Clotrimazoleက မိခင်နို့ရည်မှာ ပါနိုင်တယ်ဆိုတဲ့ လေ့လာချက်မျိုး မတွေ့ရသေးပါ။ ဒါပေမယ့် လိမ်းဆေးအနေနဲ့ အသုံးပြုတဲ့အခါ သောက်ဆေးတွေလိုပဲ သွေးထဲကို အနည်းငယ်တော့ ရောက်နိုင်ပါတယ်။ ဒါကြောင့် နို့တိုက်မိခင်တွေအနေနဲ့ သုံးမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

ဘေးထွက်ဆိုးကျိုးများ

Clotrimazole လိမ်းဆေး ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • အရေပြား ပူစပ်ပူလောင်ဖြစ်ခြင်း
  • စပ်ဖျင်းဖျင်းဖြစ်ခြင်း
  • ရောင်ရမ်းခြင်း
  • နေရထိုင်ရခက်ခြင်း
  • ဝက်ခြံလို အဖုများ ထွက်လာခြင်း
  • ဆေးလိမ်းထားတဲ့ နေရာမှာ နာကျင်ပြီး အရေပြားအဖက်လေးများ ကွာလာခြင်းတို့ ဖြစ်တတ်ပါတယ်။

အောက်ပါလက္ခဏာများ ခံစားရပါက ဆရာဝန်နဲ့ အမြန်ပြသပါ။

  • အနီကွက်များပေါ်လာခြင်း
  • ယားယံခြင်း
  • မျက်နှာ၊ လျှာနဲ့ လည်ပင်းမှာ ဖောပြီးရောင်ရမ်းလာခြင်း
  • ခေါင်းမူးလာခြင်း
  • အသက်ရှူရခက်ခြင်းတို့ ဖြစ်ပါတယ်။

ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးဝါးတွေက Clotrimazole နဲ့ ဓာတ်ပြုမှုတွေ ဖြစ်နိုင်သလဲ။

Clotrimazole က လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

ဓာတ်ပြုနိုင်တဲ့ ဆေးဝါးများ

  • Fentanyl
  • Tacrolimus
  • Trimetrexate

ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။

အစားအသောက်တွေနဲ့ အရက်က Clotrimazole နဲ့ ဓာတ်ပြုနိုင်သလား

Clotrimazoleက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဆေးလိမ်းနေတဲ့ရက်တွေမှာ အရက်သောက်တာကို ရှောင်ပါ။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Clotrimazole လိမ်းဆေး နဲ့ ဓာတ်ပြုနိုင်သလဲ

Clotrimazole က သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီးပါတယ်။

ဆေးလိမ်းရန်အညွှန်း

အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အသုံးပြုရမယ့်ပမာဏ

Clotrimazole လိမ်းရမယ့် ပမာဏက လူနာပေါ် မူတည်ပြီး အပြောင်းအလဲရှိနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဒါမှမဟုတ် ဆေးညွှန်းအတိုင်း လိမ်းသင့်ပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် မတူတာမျိုး ဖြစ်နိုင်ပါတယ်။

နောက်ပြီး ဆေးရဲ့ ပြင်းအား (%) နဲ့လည်း ဆိုင်ပါတယ်။ တစ်ရက်ကို လိမ်းရမယ့် အကြိမ်ရေ၊ တစ်ကြိမ်နဲ့ တစ်ကြိမ် ခြားရမယ့် အချိန်၊ လိမ်းရမယ့် ရက် စတာတွေကလည်း သင်ဖြစ်နေတဲ့ မှိုရောဂါအလိုက် ပြောင်းလဲနိုင်ပါတယ်။

များသောအားဖြင့်တော့ လိမ်းဆေးကို ကလေးဖြစ်ဖြစ်၊ လူကြီးဖြစ်ဖြစ် တစ်ရက် ၂ကြိမ် (မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ်) လိမ်းရလေ့ ရှိပါတယ်။

Clotrimazole ကို ဘယ်လိုရရှိနိုင်သလဲ။

Clotrimazole ကို အောက်ပါ ပမာဏများဖြင့် ရနိုင်ပါသည်။

  • 1% ကရင်မ်၊ လိုးရှင်း (%အပြောင်းအလဲရှိနိုင်ပါတယ်။)

ရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

ဆေးလိမ်းဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Clotrimazole ကို လိမ်းဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးလိမ်းပါ။ ဒါပေမယ့် နောက်တစ်ကြိမ်လိမ်းရမယ့်အချိန်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်လိမ်းပါ။ ဆေးနှစ်ဆ လိမ်း တာမျိုး မလုပ်ပါနဲ့။

ရေးသားသူ- Dr Su Sandy

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 24/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement