များသောအားဖြင့်တော့ ဒီဆေးက သန္ဓေသားကို ထိခိုက်ခြင်း မရှိပါဘူး။ ဒါပေမယ့် မမွေးခင်တစ်ပတ်အလိုမှာ ဒီဆေးကို အသုံးပြုတာတာက မိခင်မှာ သွေးမတိတ်တာမျိုး ဖြစ်စေနိုင်ပါတယ်။
ဒီဆေးက မိခင်နို့ထဲမှာ ဘယ်လောက်ပါလဲဆိုတာကိုတော့ မသိရသေးပါဘူး။ ဒါကြောင့် ဆေးသောက်မယ်ဆိုရင် ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်ဖို့ လိုပါတယ်။
ဘေးထွက်ဆိုးကျိုးများ
Clopidogrel (ကလိုပီဒိုဂရဲလ်)ကို အသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ။
တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့
- နှာခေါင်းသွေးယိုခြင်း၊ အခြားနေရာမှ သွေးယိုခြင်း၊ သွေးမတိတ်ခြင်း။
- သွေးဝမ်းသွားခြင်း၊ ဆီးထဲတွင် သွေးပါခြင်း။
- ချောင်းဆိုးသွေးပါခြင်း၊ ကော်ဖီရောင်အန်ခြင်း
- အသက်ရှူရခက်ခြင်း
- ရင်ဘတ်အောင့်ခြင်း၊ လက်မောင်း၊ ပခုံးတွင် အောင့်ခြင်း၊ ပျို့အန်ခြင်း၊ ချွေးစေးပြန်ခြင်း၊ နေလို့မကောင်းခြင်း။
- ရုတ်တရက် ကိုယ်တခြမ်းထုံခြင်း။
- ရုတ်တရက်ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အမြင်ဝါးခြင်း၊ စကားပြောမပီသခြင်း၊ ဟန်ချက်ပျက်ခြင်း။
- အသားအရေ ဖျော့တော့ခြင်း၊ အားနည်းခြင်း၊ ဖျားခြင်း၊ အသားဝါခြင်း။
- သွေးခြည်ဥခြင်း၊ နှာခေါင်း၊ ပါးစပ်၊ မိန်းမကိုယ်၊ စအိုမှ သွေးယိုခြင်း၊ အနီစက်များထွက်ခြင်း။
အခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့ တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။
ဆေးဓာတ်ပြုမှုများ
ဘယ်ဆေးတွေက Clopidogrel (ကလိုပီဒိုဂရဲလ်)နဲ့ ဓာတ်ပြုနိုင်သလဲ
Clopidogrel က လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။
မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။
ဓာတ်ပြုနိုင်တဲ့ ဆေးဝါးများ
- esomeprazole
- omeprazole
- fluvoxamine
- carbamazepine
- efavirenz
- paclitaxel
- morphine
ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆေးသောက်တာကို ရပ်လိုက်ပါ။ တစ်ချိန်တည်းမှာပဲ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။
အစားအသောက်တွေနဲ့ အရက်က Clopidogrel (ကလိုပီဒိုဂရဲလ်)နဲ့ ဓာတ်ပြုနိုင်သလား
Clopidogrelက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ Clopidogrelကို ဂရိတ်ဖရုအသီး ဒါမှမဟုတ် ဂရိတ်ဖရုဖျော်ရည်နဲ့ အချိန်ခြားပြီးမှ သောက်ပါ။ ဂရိတ်ဖရုက ဆေးအာနိသင်ကို လျော့စေနိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို မေးမြန်းတိုင်ပင်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။