backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Hydrocodone (ဟိုက်ဒရိုကိုဒုန်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Hydrocodone (ဟိုက်ဒရိုကိုဒုန်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Hydrocodoneကို ပြင်းထန်သောနာကျင်မှုကိုသက်သာစေရန်အတွက် အများဆုံးအသုံးပြုကြပါသည်။ Hydrocodoneသည် နာကိုတစ် (ဘိန်း) ဆေး အမျိုးအစားတွင်ပါဝင်၏။ ၎င်းက နာကျင်မှုအပေါ် ခန္ဓါကိုယ်မှတုန့်ပြန်ရာတွင် ပြောင်းလဲသွားစေရန် ဦးနောက်ကိုသက်ရောက်စေပါသည်။

Hydrocodone (ဟိုက်ဒရိုကိုဒုန်း) ဘယ်လိုသောက်သုံးသင့်သလဲ

ဤဆေးကို ဆရာဝန်ညွှန်ထားသည့် အစီအစဉ်အတိုင်းသုံးစွဲရပါမည်။ နာကျင်မှသုံးစွဲရသည်မျိုးမဟုတ်ပါ။ များသောအားဖြင့် ၁၂ နာရီခြားပြီးသောက်သုံးရမည် ဖြစ်သည်။ ဆေးကိုအစာပါပါမပါပါ သောက်နိုင်ပါသည်။ ပျို့လာပါကဆေးကိုအစာနှင့်တွဲသောက်နိုင်သည်။ ပျို့ခြင်းအားလျော့ချနိုင်ရန်အတွက် တခြားနည်းလမ်းများ (ဥပမာခေါင်းမလှုပ်ပဲအနည်းဆုံး ၁-၂ နာရီခန့်လှဲနေခြင်း) ကိုမေးမြန်းပါ။

ဆေးတောင့်တစ်တောင့်လုံးကိုမျိုချရမည်။ မခြေရ၊ မဝါးရ၊ ရေမဖျော်ရပါ။ ထိုသို့လုပ်ခြင်းကဆေးများကိုချက်ချင်းထွက်လာစေပြီးဘေးထွက်ဆိုးကျိုးများကိုပိုဖြစ်စေနိုင်ပါသည်။

ဆေးပမာဏမှာသင့်ကျန်းမာရေးအခြေအနေနှင့် ကုသမှုအားတုန့်ပြန်ခြင်းပေါ်တွင် မူတည်ပါသည်။ ဆေးပမာဏတိုးခြင်းသို့မဟုတ် သောက်ခိုင်းသည့်ကာလထက်ပိုကြာအောင်သောက်ခြင်းများမပြုလုပ်ရပါ။ ထိုသို့လုပ်ပါကရောဂါမြန်မြန်သက်သာမည်မဟုတ်သလို့ ဘေးထွက်ဆိုးကျိုးများလည်းပိုဖြစ်စေနိုင်ပါသည်။ ညွှန်ကြားသည့်အတိုင်းသူ့အချိန်နှင့်သူတွင်သာရပ်ပါ။

နာကျင်မှုစဖြစ်ဖြစ်ချင်းတွင် အကိုက်အခဲပျောက်ဆေးများကိုအရင်သုံးပါကအကောင်းဆုံးဖြစ်ပါမည်။ ဆိုးလာသည့်အချိန်ထိစောင့်နေမည်ဆိုပါကဆေးအာနိသင် ကောင်းကောင်းပြနိုင်မည်မဟုတ်ပါ။

ဆေးကိုမသောက်ခင် တခြားသောနာကိုးတစ်ဆေးများကိုပမာဏပြောင်းခြင်းဆေးပြောင်းခြင်းများလုပ်ရန်လိုမလို ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ကိုမေးပါ။ နာကျင်မှုပိုသက်သာစေရန် ဆရာဝန်သည် အာနိသင်အမြန်ပြသည့် နာကိုတစ် သို့မဟုတ် နာကိုးတစ်မဟုတ်သည့်ဆေးများ (ဥပမာပါရာစီတမော၊ ibuprofen) တို့ကိုပေးပါလိမ့်မည်။ Hydrocodone ကိုတခြားဆေးများနှင့်တွဲသုံးလျှင် စိတ်ချရမှုရှိမရှိသိလိုသည်များရှိပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ကိုမေးနိုင်ပါသည်။

ဆေးကိုဖြတ်လျှင် ဆေးဖြတ်သည့်လက္ခဏာများ ပြလာတတ်ပါသည်။ အထူးသဖြင့် အချိန်အကြာကြီးသုံးရလျှင် သို့မဟုတ် ပမာဏအများကြီးသုံးရလျှင်။ ထိုဖြစ်ရပ်များတွင် ဆေးကိုရုတ်တရတ် ရပ်လိုက်ပါကဆေးဖြတ်သည့်လက္ခဏာများ (ဂဏာမငြိမ်ခြင်း၊ မျက်ရည်ယိုခြင်း၊ နှာရည်ယိုခြင်း၊ ပျို့ခြင်း၊ ချွေးထွက်ခြင်း၊ ကြွက်သားကိုက်ခဲခြင်း) ဖြစ်လာနိုင်၏။ ထိုလက္ခဏာများကိုကာကွယ်ရန် ဆရာဝန်မှဆေးကို တဖြည်းဖြည်းချင်းလျော့ပေးပါလိမ့်မည်။ အသေးစိတ် အချက်အလက်များအတွက် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ကိုမေးပါ။ ဆေးဖြတ်လက္ခဏာများပေါ်လာလျှင်လည်းပြောပါ။ ဆေးအာနိသင် မပြတော့ပါက ဆရာဝန်နှင့်ဆွေးနွေးပါ။

ဆေး၏အကျိုးအာနိသင်များနှင့်အတူပုံမှန်မဟုတ်သည့် အပြုအမူများ (ဆေးစွဲခြင်း)ဖြစ်လာနိုင်ပါသည်။ ယခင်ကဆေးသုံးခြင်းအရက်စွဲခြင်းများရှိခဲ့လျှင် ထိုပြဿနာများပိုဆိုးလာနိုင်ပါသည်။ ဆေးဆွဲသည့်အန္တရာယ်ကိုလျော့ချနိုင်ရန်အတွက် ဆေးကိုအတိအကျသုံးစွဲပါ။

တောက်လျှောက်နာနေလျှင် သို့မဟုတ် ပိုဆိုးလာလျှင် ဆရာဝန်ကိုပြောပါ။

Hydrocodone (ဟိုက်ဒရိုကိုဒုန်း) ဘယ်လိုသိမ်းဆည်းရမလဲ

Hydrocodoneကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းကအကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထားပျက်ယွင်းမှုများမဖြစ်စေရန် Hydrocodoneကိုရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးမပြုလုပ်ပါနှင့်။ Hydrocodoneဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့်ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းသောပုံစံကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသောသိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်းသို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအားမေးမြန်းခြင်းကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့်ဝေးရာတွင်ထားပါ။

Hydrocodoneအားအိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမျိုးအားမလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့် အခါများတွင် စနစ်တကျစွန့်ပစ်ရန် အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Hydrocodone (ဟိုက်ဒရိုကိုဒုန်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဤဆေးအားမသုံးခင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပြပါ။

  • ကိုယ်ဝန်ရှိလျှင်၊ သို့မဟုတ် နို့တိုက်နေရလျှင်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ယူရန် ပြင်ဆင်နေစဉ် သို့မဟုတ် ကလေးနို့တိုက်နေရစဉ်၌ ဆရာဝန်ညွှန်ကြားသည့်ဆေးကိုသာသောက်သုံးရမည်ဖြစ်သည်။
  • တခြားဆေးများကိုသောက်နေရလျှင်။ ထိုဆေးများတွင် ဆရာဝန်အညွှန်းမပါပဲ ဝယ်ယူနိုင်သည့်ဆေးများဥပမာအပင်ထွက်ဆေးများနှင့် ဖြည့်စွက်ဆေးများ စသည်တို့ပါဝင်ပါသည်။
  • Hydrocordoneတွင်ပါသော active agent များ inactive agent များနှင့် ဓါတ်မတည့်မှုရှိလျှင်။
  • တခြားသောဖျားနာမှုများ၊ ကမောက်ကမရောဂါများ၊ တခြားကျန်းမာရေးအခြေအနေများရှိနေလျှင်။

သွေးတိုးခြင်း၊ ဆီးသွားရခက်ခြင်း၊ တက်ခြင်း၊ သိုင်းရွိုက်၊ သည်းခြေ၊ မုန့်ချိုအိတ်၊ အသည်း၊ ကျောက်ကပ်ရောဂါများရှိဖူးလျှင် သို့မဟုတ်ရှိနေလျှင် ဆရာဝန်ကိုပြောပါ။

ခွဲစိတ်မှုပြုလုပ်ရမည်ဆိုလျှင် (သွားခွဲစိတ်ခြင်း အပါအဝင်) Hydrocordoneသောက်နေကြောင်း ဆရာဝန်ကိုပြောပါ။

Hydrocordoneသောက်နေလျှင် အိပ်ငိုက်တတ်ကြောင်းသိထားသင့်ပါသည်။ ဆေးမှ မိမိအပေါ်အကျိုးသက်ရောက်မှုကိုကောင်းကောင်းမသိရသေးမချင်းကား၊ စက်မောင်းခြင်းများမပြုလုပ်ပါနှင့်။

Hydrocordoneသည် ခေါင်းမူးခြင်း၊ မူးမေ့လဲချင်သလို ဖြစ်ခြင်း၊ လှဲနေရာမှ မြန်မြန်ထလိုက်လျှင် မေ့လဲခြင်းစသည်တို့ဖြစ်တတ်ကြောင်းသိထားသင့်သည်။ Hydrocordoneကိုစသောက်သူများတွင် အဖြစ်များ၏။ ထိုပြဿနာများကိုရှောင်နိုင်ရန် အိပ်ယာမှဖြည်းဖြည်းချင်းထပါ။ မတ်တပ်မရပ်ခင် ခြေထောက်ကိုကြမ်းပြင်နှင့်ထိထားရင် ခဏတာနားနေရပါမည်။

Hydrocordoneသည် ဝမ်းချုပ်တတ်၏။ ဝမ်းချုပ်ခြင်းအားကာကွယ်ရန် သို့မဟုတ်ကုသရန် ဆေးများ၊ အစာများကို ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Hydrocodone (ဟိုက်ဒရိုကိုဒုန်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေရှိသောကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် Cရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Hydrocodone (ဟိုက်ဒရိုကိုဒုန်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အဖြစ်များသောဘေးထွက်ဆိုးကျိုးများ

  • ဝမ်းချုပ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း
  • အာခြောက်ခြင်း
  • ယားခြင်း
  • လက်ခြေတို့တွင် ဖောရောင်ခြင်း
  • ကြွက်သားနာခြင်း၊ နောက်ကျောနာခြင်း
  • နှာစေးခြင်း၊ နှာချေခြင်း၊ လည်ချောင်းနာခြင်းတို့လိုအအေးမိလက္ခဏာများ
  • အနည်းငယ် အိပ်ငိုက်ခြင်း၊ နွမ်းနွယ်သလိုခံစားရခြင်း
  • ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း

အောက်ပါတို့ဖြစ်လာပါကHydrocordoneကိုရပ်ပြီး ဆရာဝန်နှင့်ချက်ချင်းပြပါ။

  • အသက်မျှင်းမျှင်းရှူခြင်း
  • ဆီးသွားလျှင် ပူခြင်းနာခြင်း
  • စိတ်ရှုပ်ထွေးခြင်း၊ ခြေလက်တုန်ခြင်း၊ ဆိုးဆိုးဝါးဝါး အိပ်ငိုက်ခြင်း
  • မူးမေ့လဲချင်သလိုဖြစ်ခြင်း
  • ကလေးမရနိုင်ခြင်း၊ ရာသီမလာခြင်း
  • မြုံခြင်း၊ လိင်ပြဿနာများ၊ လိင်စိတ်ကုန်ခြင်း
  • ကော်တီဇော်လယ်ဗယ်ကျခြင်း – ပျို့ခြင်း၊ အန်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ မူးခြင်း၊ မောပန်းလွယ်ခြင်း၊ အားနည်းခြင်း။

Serotonin syndrome လက္ခဏာများဖြစ်သောစိတ်နောက်ခြင်း၊ ထင်ယောင်ထင်မှားမြင်ခြင်း၊ ဖျားခြင်း၊ ချွေးထွက်ခြင်း၊ တုန်ခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း၊ ကြွက်သားများတောင့်ခြင်း၊ လှုပ်ခြင်း၊ ကိုယ်ဟန်ပျက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်းသို့မဟုတ် ဝမ်းလျှောခြင်းများဖြစ်လာပါကဆေးကုသမှုခံယူပါ။

Hydrocordoneသည် လူအိုများနှင့် အပြင်းအထန် ဖျားနေသူ၊ အာဟာရချို့တဲ့သူ၊ တခြားပြဿနာရှိသူများတွင် အသက်ရှူသည့်ပြဿနာများကိုပိုဖြစ်စေနိုင်ပါသည်။

အောက်ပါပြင်းထန်ဓါတ်မတည့်လက္ခဏာများဖြစ်လာပါကအရေးပေါ်ကုသမှုများခံယူရပါမည် – အကွက်ထခြင်း၊ယားခြင်း၊ရောင်ခြင်း (အထူးသဖြင့်မျက်နှာ၊လျှာ၊လည်ချောင်း)၊ခေါင်းတအားမူးခြင်းနှင့်အသက်ရှူရခက်ခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Hydrocodone (ဟိုက်ဒရိုကိုဒုန်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Hydrocodoneသည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓါတ်ပြုမှုများမဖြစ်လာစေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကိုစာရင်းပြုစုထားပြီး (စာရင်းလုပ်သည့်အခါ ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအားအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်းများမပြုလုပ်ပါနှင့်။

ဤဆေးနှင့်ဓါတ်ပြုနိုင်သောပစ္စည်းများမှာ

  • တခြားနာကိုးတစ်များ – ဘိန်းပါသောအကိုက်အခဲပျောက်ဆေးများသို့မဟုတ် ချောင်းဆိုးပျောက်ဆေးများ
  • အိပ်ငိုက်စေသောသို့မဟုတ် အသက်ရှူနှေးစေသောဆေးများ – အိပ်ဆေး၊ ကြွက်သားပြေလျော့ဆေး၊ စိတ်ငြိမ်ဆေး၊ စိတ်ရောဂါကုဆေးများ
  • စီရိုတိုနင်လယ်ဗယ်ကိုထိစေသောဆေးများ – စိတ်ကျကုဆေးများ၊ ပါကင်ဆွန်ရောဂါဆေး၊ ခေါင်းတစ်ခြမ်းကိုက်ပျောက်ဆေးများ၊ ရောဂါပိုးသတ်ဆေးများ၊ အပျို့အအန် ကာကွယ်ဆေးများ

အစားအသောက်တွေနဲ့ အရက်က Hydrocodone (ဟိုက်ဒရိုကိုဒုန်း) နဲ့ ဓါတ်ပြုနိုင်သလား

Hydrocodone က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Hydrocodone (ဟိုက်ဒရိုကိုဒုန်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Hydrocodoneသည် သင်၏ နဂိုကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓါတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်းသို့မဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးရန်အရေးကြီးပါသည်။

ဤဆေးနှင့်ဓါတ်ပြုနိုင်သောကျန်းမာရေးအခြေအနေများမှာ

  • အရက်စွဲခြင်း
  • အသက်ရှူလမ်းကြောင်းပြဿနာများ (ဥပမာ – အဆုတ်ပွခြင်း၊ ကော်ပါမိုနယ်လေး၊ အောက်စီဂျင်မဝခြင်း)
  • နှလုံးညှစ်အားမကောင်းခြင်း
  • စိတ်ကျခြင်း
  • ဆေးစွဲခြင်း၊ အထူးသဖြင့် နာကိုးတစ်များ
  • လျှပ်ကူးသတ္တုဓါတ်များမညီမျှခြင်း
  • သည်းခြေအိတ်ပြဿနာများ
  • နှလုံးစည်းချက်ပြဿနာများ (ဥပမာ – မွေးရာပါ long QT syndrome, နှလုံးခုန်နှေးခြင်း)
  • စိတ်ရောဂါများ
  • မုန့်ချိုအိတ်ရောင်ခြင်း
  • အစာအိမ် သို့မဟုတ် အူပြဿနာများ (ဥပမာပိတ်ခြင်း)
  • မျိုချရခက်ခြင်း
  • ကိုယ်ခံအားနည်းခြင်း
  • ပန်းနာရင်ကြပ်
  • အသက်ရှူလမ်းကြောင်း ပြဿနာများ (ဥပမာhypercarbia)
  • Paralytic ileus (အူလုပ်ငန်းရပ်သွားပြီးပိတ်ခြင်း)
  • အသက်ရှူစနစ်ဖိနှိပ်ခံရခြင်း (အသက်ရှူ အလွန်နှေးခြင်း)
  • ဦးနှောက်အကျိတ်
  • ဦးခေါင်းထိခိုက်မိခြင်း
  • ဦးခေါင်းတွင်ဖိအားများခြင်း
  • သွေးပေါင်ကျခြင်း
  • တက်ခြင်း
  • ကျောက်ကပ်ရောဂါများ
  • အသည်းရောဂါများ

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Hydrocodone (ဟိုက်ဒရိုကိုဒုန်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကနဦးပမာဏ – ၁၂ နာရီခြားတိုင်း 10 mg သောက်ရန်

Titration – လိုအပ်သောနာကျင်မှုသက်သာသည့် အာနိသင်ကိုရရန် ၃-၇ ရက်ခြားတိုင်း ၁၂ နာရီတစ်ကြိမ် 10 mg တိုးသွားရမည်။ Hydrocodoneကိုလုံလောက်သောအာနိသင်ရရန်နှင့် ဘေးထွက်ဆိုးကျိုးနည်းစေရန် ပမာဏကိုချိန်ညှိရမည်။ လူနာများကိုနာကျင်မှုသက်သာစေသည့်အာနိသင်၊ ဘေးထွက်ဆိုးကျိုးနှင့် ဆေးစွဲခြင်း၊ အလွဲသုံးစားလုပ်ခြင်းစသည်တို့ရှိမရှိသိရန် မှန်မှန်စောင့်ကြည့်ရမည်။ ဆေးသောက်လျက်နှင့် ရုတ်တရတ်နာလာသောလူနာများတွင်တော့ ဆေးပမာဏတိုးပေးရန် လိုနိုင်ပါသည်။ သို့မဟုတ် ချက်ချင်းအာနိသင်ပြသောအရေးပေါ်ဆေးများကိုသင့်တော်သောပမာဏနှင့် ပေးရပါမည်။

အများဆုံးပမာဏ – Hydrocodone 40 – 50 mg ထက်များသောတစ်ကြိမ်တည်းသောက်ပမာဏသို့မဟုတ် နေ့စဉ်ခွဲသောက်သောပမာဏ 80 mg တို့မှာဘိန်းပါသောဆေးတစ်မျိုးမျိုးမတိုးသူများတွင်သာပေးရမည်ဖြစ်ကြောင်းဆိုထားပါသည်။

ကလေးတွေအတွက် Hydrocodone (ဟိုက်ဒရိုကိုဒုန်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများ၌ အချိုးအစားဘယ်လောက်ပေးရမည်ဆိုခြင်းကိုအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မည်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်၌ စိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ရန် လိုအပ်ပါသည်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

Hydrocodone (ဟိုက်ဒရိုကိုဒုန်း) ကိုဘယ်လိုရရှိနိုင်သလဲ

Hydrocodoneကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

  • Capsule Extended Release သောက်ဆေး: 10mg, 15 mg, 20 mg, 30 mg, 40 mg, 50 mg

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Hydrocodoneကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါကလွတ်သွားသောအကြိမ်ကိုကျော်ပြီးပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးတာမျိုးမလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement