backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Glucosamine (ဂလူကိုဆာမင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Dr . Phyu Mon Latt မှ ရေးသားသည်။ · 11/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Glucosamine (ဂလူကိုဆာမင်း)

အသုံးပြုပုံများ

Glucosamine (ဂလူကိုဆာမင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Glucosamine (ဂလူကိုဆာမင်း) ဆိုတာက အရိုးနုလေးတွေထဲမှာ သဘာဝအတိုင်း တွေ့ရတဲ့ အရာတစ်ခုပါ။ ဒါ့အပြင် Glucosamine (ဂလူကိုဆာမင်း)ကို သဘာဝဆေးဖက်ဝင် ဖြည့်စွက်စာတွေထဲမှာ တွေ့ရတတ်ပါတယ်။

သဘာဝဆေးဖက်ဝင် ဖြည့်စွက်စာတွေထဲမှာ တွေ့ရတတ်တဲ့ Glucosamine (ဂလူကိုဆာမင်း)ကို ရေနေအခွံမာ သတ္တဝါတွေရဲ့ အခွံတွေကနေ ရရှိပါတယ်။ ဖြည့်စွက်စာတွေမှာ Glucosamineကို glucosamine sulfate၊  glucosamine hydrochloride နဲ့ N-acetyl-glucosamine ဆိုပြီး အမျိုးမျိုးတွေ့ရတတ်ပါတယ်။

ဒီလိုမတူတဲ့ သဘာဝဆေးဖက်ဝင် ဖြည့်စွက်စာ (၃) မျိုးက မတူတဲ့ အာနိသင်တွေကို ပေးပါတယ်။ များသောအားဖြင့်တော့ Glucosamine (ဂလူကိုဆာမင်း)က အဆစ်တွေနဲ့ အရိုးနုတွေကျန်းမာစေဖို့ အသုံးပြုကြပါတယ်။

ဒီ Glucosamineကို ရောင်ရမ်းတာ၊ အရိုးနုတွေ ထိခိုက်ပျက်စီးတာ၊ အဆစ်နာလိုမျိုး ကျန်းမာရေး ပြဿနာတွေကြောင့် အရိုးနုတွေ ဆုံးရှုံးတာကို သက်သာစေဖို့ အသုံးပြုကြပါတယ်။ သောက်ဆေးအပြင် လိမ်းဆေး၊ ထိုးဆေးတွေ အနေနဲ့လည်း ရရှိနိုင်ပါတယ်။

Glucosamine (ဂလူကိုဆာမင်း)က သဘာဝဆေးဖက်ဝင် ဖြည့်စွက်စာ တစ်မျိုးဖြစ်ပြီး ဆရာဝန်ဆီက ဆေးညွှန်းမလိုဘဲ  ဆေးဆိုင်တွေမှာ ဝယ်ယူလို့ ရပါတယ်။

Glucosamine (ဂလူကိုဆာမင်း) ဘယ်လိုသောက်သုံးသင့်သလဲ

အခြားဆေးတွေလိုပဲ Glucosamine (ဂလူကိုဆာမင်း)ကို အသုံးပြုမယ်ဆိုရင် ဒီအချက်လေးတွေကို သတိထားဖို့ လိုပါမယ်။

  • Glucosamine (ဂလူကိုဆာမင်း)ကို ဆေးစာမလိုဘဲ ဝယ်ယူလို့ ရတယ်ဆိုပေမယ့် ဆေးဝါးကျွမ်းကျင်သူတွေဆီကနေ အကြံဉာဏ် ရယူဖို့ လိုပါမယ်။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်းပဲ Glucosamine (ဂလူကိုဆာမင်း)ကို သောက်ပေးပါ။ ဆေးညွှန်းကို သေချာဖတ်ပြီး ဆေးညွှန်းအတိုင်း သောက်ပေးပါ။
  • Glucosamine အမျိုးအစား တစ်ခုကို သောက်သုံးမယ်ဆိုရင် တစ်ချိန်တည်းမှာပဲ နောက်ထပ် Glucosamine (ဂလူကိုဆာမင်း)တစ်မျိုးကို သောက်တာမျိုး မလုပ်ပါနဲ့။ တစ်ချိန်တည်းမှာ အမျိုးအစားမတူတဲ့ Glucosamine (ဂလူကိုဆာမင်း)ကို အသုံးပြုတာက ဆေးလွန်တာမျိုး ဖြစ်စေနိုင်ပါတယ်။
  • ထိရောက်မှု ကောင်းစေဖို့အတွက် အနည်းဆုံး အချိန် ၈ ပတ်လောက် ပုံမှန်သောက်ပေးဖို့ လိုပါတယ်။
  • သွေးတွင်းသကြားဓာတ်အပေါ်မှာ သက်ရောက်မှု ရှိစေနိုင်တာကြောင့် ဆီးချိုရှိမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ အသုံးပြုပေးပါ။
  • ဆေးပမာဏကတော့ အသုံးပြုပုံနဲ့ အမျိုးအစားပေါ်လိုက်ပြီး ကွာခြားနိုင်ပါတယ်။
  • ဆေးကို တစ်ရက် ဒါမှမဟုတ် တစ်ရက်ထက်ကျော်ပြီး သောက်ဖို့ မေ့နေမယ်ဆိုရင်လည်း ဘေးထွက်ဆိုးကျိုး တစ်စုံတရာ ရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အာနိသင်ရဖို့ နေ့စဉ်ပုံမှန် သောက်ဖို့လိုပါတယ်။

Glucosamine (ဂလူကိုဆာမင်း) ကို ဘယ်လိုသိမ်းဆည်းရမလဲ

ဆေးကို အခန်းအပူချိန်မှာ သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Glucosamineကို အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးမသုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်
  • တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
  • ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်
  • တခြားရောဂါအခံတွေ ရှိနေရင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Glucosamineကို သုံးစွဲဖို့ စိတ်ချရပါသလား

ဒီဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်တွင် သောက်တဲ့အခါ ဆိုးကျိုးများရှိမရှိအတွက် လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိသေးပါ။ ဒါကြောင့် ဆေးမသောက်သုံးမီမှာ ဖြစ်နိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဒီဆေးကို အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် C ရှိသည်ဟု သတ်မှတ်ထားပါတယ်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံးရန် မသင့်ပါ။
  • N=အခြေအနေကို မသိရသေးပါ။

နို့တိုင်မိခင်တွေမှာဆိုရင် ဒီဆေးက မိခင်နို့ကနေတဆင့် ကလေးဆီကို ရောက်ရှိသွားနိုင်ပါတယ်။ ဒါကြောင့် ကလေးနို့တိုက်နေချိန်မှာ ဒီဆေးကို သောက်သုံးချင်တယ်ဆိုရင် ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ပြီး ဖြစ်နိုင်ခြေတွေကို သိရှိနားလည်အောင် လုပ်ဆောင်ဖို့ လိုပါမယ်။

ဘေးထွက်ဆိုးကျိုးများ

Glucosamineကို အသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • ဓာတ်မတည့်မှုဖြစ်တာ။ တကယ်လို့ ဓာတ်မတည့်မှုကြောင့် အသက်ရှူရခက်တာ၊ မျက်နှာ၊ နှုတ်ခမ်း၊ လည်ချောင်းတွေ ရောင်တာ၊ အရေပြားမှာ အဖုအပိမ့်တွေ ဖြစ်တာမျိုး ဖြစ်မယ်ဆိုရင် ဆေးရုံ၊ ဆေးခန်း ချက်ချင်းသွားပါ။
  • မအီမသာဖြစ်တာ၊ အော့အန်တာ
  • ဝမ်းပျက်ဝမ်းလျှော ဖြစ်တာ၊ ဝမ်းချုပ်တာ
  • ရင်ပူတာ
  • ငိုက်မြည်းတာ
  • ခေါင်းကိုက်တာတွေ ခံစားရနိုင်ပါတယ်။

ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Glucosamineနဲ့ ဓာတ်ပြုနိုင်သလဲ

Glucosamineက လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။

ဓာတ်ပြုနိုင်တဲ့ ဆေးဝါးများ

  • anisindione
  • dicumarol
  • warfarin သွေးမခဲဆေးတွေပါ။

ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။

အစားအသောက်တွေနဲ့ အရက်က Glucosamineနဲ့ ဓာတ်ပြုနိုင်သလား

Glucosamineက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Glucosamineနဲ့ ဓာတ်ပြုနိုင်သလဲ

Glucosamineက သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီးပါတယ်။

  • ကိုယ်ဝန်ဆောင်နေရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရရင် ဆေးက စိတ်ချရမလားဆိုတာကို ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။
  • ဆီးချိုရောဂါ ရှိရင်
  • သွေးတွင်းကိုလက်စထရော များရင်
  • ကင်ဆာရှိရင်
  • အသည်းရောင် အသားဝါလိုမျိုး အသည်းရောဂါ ရှိရင်
  • ပန်းနာရင်ကျပ်နဲ့ အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာ ရှိရင်
  • ရေနေအခွံမာသတ္တဝါတွေနဲ့ ဓာတ်မတည့်ရင်
  • သွေးမခဲဆေးသောက်နေရရင်ပါ။

ဆေးသုံးရန်အညွှန်း

အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Glucosamine သောက်ဆေး (သဘာဝ ဆေးဖက်ဝင်ဖြည့်စွက်စာ)

အဆစ်နာရောဂါ ရှိသူ အရွယ်ရောက်ပြီးသူအတွက်

  • 1500 milligrams (mg) တစ်နေ့ တစ်ကြိမ် ဒါမှမဟုတ်  500 mg တစ်နေ့ ၃ ကြိမ်
  • ဒီဆေးကို တစ်မျိုးတည်း သောက်လို့ ရသလို  chondroitin sulfate 400 mg နဲ့အတူ တစ်နေ့ကို ၂ ကြိမ် ကနေ ၃ ကြိမ်အထိ သောက်ပေးလို့လည်း ရပါတယ်။ အများဆုံး ၃ နှစ်အထိ သောက်ပေးလို့ ရပါတယ်။
  • Glucosamine sulfateကို အများဆုံး 750 mg တစ်နေ့ကို ၂ ကြိမ်သောက်သုံးပေးလို့ ရသလို နနွင်းတက်အဆီအနှစ် 500 mg နဲ့ တစ်နေ့ကို ၂ ကြိမ် အများဆုံး ၆ ပတ်အထိ သောက်ပေးလို့ ရပါတယ်။

Glucosamine လိမ်းဆေးအဆီ

အဆစ်နာရောဂါ ရှိသူ အရွယ်ရောက်ပြီးသူအတွက်

  • Glucosamine လိမ်းဆေးကို 30 mg/gram glucosamine sulfate, 50 mg/gram chondroitin sulfate, 140 mg/gram chondroitin sulfate, 32 mg/gram camphor ,9 mg/gram peppermint oilတို့နဲ့အတူ  ပေါင်းစပ်တွေ့ရတတ်ပြီး တစ်နေ့ တစ်ကြိမ် ပုံမှန် ၆ ပတ်လောက် အရေပြားပေါ်မှာ လိမ်းကျံ အသုံးပြုပေးရပါမယ်။

Glucosamine ထိုးဆေး

အဆစ်နာရောဂါ ရှိသူ အရွယ်ရောက်ပြီးသူအတွက်

400 mg  glucosamine sulfate တစ်ပတ် ၂ ကြိမ် ၆ ပတ် ထိုးပေးရပါမယ်။ ဆရာဝန်ကို ထိုးခိုင်းရပါမယ်။

ကလေးတွေအတွက် အသုံးပြုရမယ့်ပမာဏ

ကလေးတွေအတွက် ဆေးပမာဏ တိတိကျကျ ဖော်ပြထားတာမျိုး မရှိပါဘူး။ ကလေးတွေအတွက် ဘေးကင်းစိတ်ချရမှု ရှိမရှိကို မသိရသေးပါဘူး။ ဆေးတွေကို အသုံးမပြုခင်မှာ ဘေးကင်းမှု ရှိမရှိကို အရင်သိထားဖို့ လိုပါတယ်။ ဆေးနဲ့ပတ်သက်ပြီး ပိုမိုသိရှိနိုင်စေဖို့ ဆရာဝန် ဒါမှမဟုတ် ဆေးဝါးပညာရှင်တွေနဲ့  သေချာလေး ဆွေးနွေးဖို့ လိုပါမယ်။

Glucosamine (ဂလူကိုဆာမင်း) ကို ဘယ်လိုရရှိနိုင်သလဲ

Glucosamineကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • Glucosamine HCl 250 mg, 500 mg ဆေးပြား
  • Glucosamine sulfate 1500 mg
  • ဆေးမှုန့် : 1.5g
  • ဆေးရည်၊ အကြောဆေး : 400 mg/3mL တို့ပါ။

ရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Glucosamineကို သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သုံးပါ။ ဆေးနှစ်ကြိမ် သုံးတာမျိုး မလုပ်ပါနဲ့။

ရေးသားသူ− Dr . Phyu Mon Latt

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Hello Sayarwon Panel


Dr . Phyu Mon Latt မှ ရေးသားသည်။ · 11/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement