backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Lorazepam (လိုရာဇီပန်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 27/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Lorazepam (လိုရာဇီပန်)

Lorazepam (လိုရာဇီပန်) က benzodiazepine အုပ်စုဝင် ဆေးတစ်မျိုးပါ။ Benzodiazepines တွေက  CNS depressants တွေဖြစ်ကြပြီး စိုးရိမ်စိတ်များတာ၊ အတက်ရောဂါ၊ အိပ်မပျော်တာနဲ့ ခွဲမစိတ်ခင်မှာ စိတ်ငြိမ်စေဖို့ ပေးတဲ့ဆေးတွေအဖြစ် အသုံးပြုကြပါတယ်။ လိုင်စင်ရဆရာဝန်ရဲ့  ညွှန်ကြားချက်နဲ့ပဲ သောက်သုံးလို့ရတဲ့ ဆေးဝါးမျိုးပါ။

အသုံးပြုပုံများ

Lorazepam (လိုရာဇီပန်) ကို ဘာအတွက်အသုံးပြုကြသလဲ

Lorazepam (လိုရာဇီပန်)ကို အခုလို ကျန်းမာရေးအခြေအနေတွေအတွက် အသုံးပြုကြပါတယ်။

  • အိပ်မပျော်တာ
  • စိုးရိမ်စိတ်များတာ
  • အတက်ရောဂါ
  • ခွဲစိတ်မှု မတိုင်ခင် နဲ့ သွားနဲ့ခံတွင်း ကုသမှုတွေအတွက်ပါ။

Lorazepam (လိုရာဇီပန်) ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးရဲ့ အချက်အလက် စုံစုံလင်လင် သိရနိုင်စေဖို့အတွက် ဆေးဗူးမှာပါတဲ့ အညွှန်းတွေကို သေချာဖတ်ပါ။ ဆေးရဲ့ ကုန်ဆုံးရက်ကို စစ်ဆေးပါ။

သောက်ဆေးအတွက် မျိုချရမယ့် ဆေးကို ဝါးစားတာ၊ ချေတာမျိုး၊ ရေနဲ့ ဖျော်သောက်တာမျိုး မလုပ်ပါနဲ့။

ထိုးဆေး၊ အကြောဆေးတွေအတွက် လိုင်စင်ရဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆရာဝန်ကိုယ်တိုင် လုပ်ဆောင်ပေးတာကို ခံယူပါ။

Lorazepam (လိုရာဇီပန်) ကို ဘယ်လိုသိမ်းဆည်းရမလဲ

ဆေးကို အခန်းအပူချိန်မှာ သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Lorazepam (လိုရာဇီပန်)ကို အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးမသုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်
  • တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
  • ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်
  • တခြားရောဂါအခံတွေ ရှိနေရင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Lorazepam (လိုရာဇီပန်)ကို သုံးစွဲဖို့ စိတ်ချရပါသလား

ဒီဆေးကို ကိုယ်ဝန်ဆောင်ချိန်မှာ မသုံးသင့်ပါဘူး။ လေ့လာချက်တွေအရ သန္ဓေသားကို ထိခိုက်စေနိုင်သလို ဆေးရပ်လိုက်ရင် ဘေးထွက်ဆိုးကျိုးတွေ ခံစားရတာမျိုးလည်း ရှိနိုင်ပါတယ်။ အထူးသဖြင့် ပထမကိုယ်ဝန် သုံးလပတ်မှာပါ။ ဆေးအသုံးမပြုခင်မှာ ဖြစ်နိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဒီဆေးကို အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် D ရှိသည်ဟု သတ်မှတ်ထားပါတယ်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံးရန် မသင့်ပါ။
  • N=အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Lorazepam (လိုရာဇီပန်)ကို အသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • ဆေးထိုးတဲ့နေရာက နာကျင် နီရဲနေတာ
  • မူးဝေတာ
  • သွေးပေါင်ကျတာ
  • အာရုံရှုပ်ထွေးတာ
  • ခေါင်းမူးတာ
  • တကယ်မရှိတဲ့ အသံတွေကြားတာ၊ မရှိတာတွေကို မြင်တာ၊ မရှိတဲ့ အနံ့တွေ ရတာ
  • သတိမကောင်းတာ
  • စိတ်ဓာတ်ကျတာ
  • အားမရှိသလို ခံစားရတာ
  • ကိုမာ
  • အိပ်ဟောက် အသက်ရှူပိတ်ရောဂါ
  • အသက်ရှူရပ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Lorazepamနဲ့ ဓာတ်ပြုနိုင်သလဲ

Lorazepam (လိုရာဇီပန်)က လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

ဓာတ်ပြုနိုင်တဲ့ ဆေးဝါးများ

  • မေ့ဆေး
  • Barbiturates
  • သွေးကျဆေးတွေ
  • MAOIs
  • စိတ်ရောဂါကုဆေး
  • စိတ်ကျရောဂါကုဆေး
  • အတက်ကျဆေး
  • HIV-protease inhibitors
  • Cisapride
  • CYP450 inhibitors
  • Levodopa
  • Theophylline, aminophylline
  • Scopolamine
  • အစာအိမ်အက်စစ်ပြယ်ဆေး
  • Narcotics, opioids (သေဆုံးနိုင်) စတာတွေပါ။

ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။

အစားအသောက်တွေနဲ့ အရက်က Lorazepam (လိုရာဇီပန်)ကို နဲ့ ဓာတ်ပြုနိုင်သလား

Lorazepam (လိုရာဇီပန်)က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဆေးသောက်နေစဉ်မှာ အရက်သောက်တာမျိုးကို ရှောင်ပါ။ ဂရိတ်ဖရုဖျော်ရည်တွေ၊ ကဖင်းပါတဲ့ သောက်စရာတွေကိုလည်း ရှောင်သင့်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Lorazepamနဲ့ ဓာတ်ပြုနိုင်သလဲ

Lorazepam (လိုရာဇီပန်)က သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့်

  • ရေတိမ်
  • အဆုတ်ရောဂါ
  • အိပ်ဟောက်အသက်ရှူပိတ်ရောဂါ
  • ကျောက်ကပ် ပျက်စီးတာ
  • အသည်းပျက်စီးတာ စတာတွေပါ။
  • ဆေးသုံးရန်အညွှန်း

    အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    အရွယ်ရောက်ပြီးသူတွေအတွက် အသုံးပြုရမယ့်ပမာဏ

    Status epilepticus (အတက်ရောဂါ)

    အကြောဆေး: တစ်ခါသွင်းရင် 4 mg ပေးနိုင်ပြီး တက်တာက မသက်သာဘူး။ ထပ်ဖြစ်မယ်ဆိုရင် ၁၀ မိနစ် ၁၅ မိနစ် ခြားပြီးချိန်မှာ နောက်တစ်ကြိမ် ထပ်ပေးရပါမယ်။

    မခွဲစိတ်ခင်

    အကြောဆေး : ခွဲခန်းမဝင်ခင် နာရီဝက် ၄၅ မိနစ် ကြိုတင်ပြီး အကြောဆေးအနေနဲ့ 0.05 mg/kg ပေးရပါမယ်။ အသားဆေး အနေနဲ့ဆိုရင် မခွဲခင် ၁ နာရီ ၁နာရီခွဲကြိုတင်ပြီး ပေးရပါမယ်။

    သောက်ဆေး : ခွဲခန်း မဝင်ခင် ၁ ညကြိုပြီး 2 t0 3 mg ပေးလို့ ရပါတယ်။ ခွဲခန်း မဝင်ခင် ၁ နာရီ ၂ နာရီ အလိုမှ 2-4 mg ပေးရပါမယ်။

    စိုးရိမ်စိတ် များတာ

    အကြောဆေး၊ အသားဆေး : ၆ နာရီတိုင်း တစ်ကြိမ် 0.025 to 0.03 mg/kg။ လိုအပ်ရင် ၆နာရီကြာတိုင်း ထပ်ပေးရပါမယ်။ ထိုးဆေးကို တစ်မိနစ်ကို 2 mg/minute နှုန်းထက် ပိုမပေးရပါဘူး။

    သောက်ဆေး : တစ်ခါသောက်ရင်  1 mg ကနေ 4 mg ကို ၂ ပတ် ဒါမှမဟုတ် ၄ ပတ် သောက်ပေးလို့ ရပါတယ်။

    အိပ်မပျော်တာ

    သောက်ဆေး : အိပ်ရာမဝင်ခင် 1-2 mg အထိ

    သက်ကြီးရွယ်အိုတွေအတွက် ဆေးပမာဏ

    ပုံမှန် အရွယ်ရောက်သူတွေအတွက် သုံးတဲ့ ဆေးပမာဏရဲ့ ထက်ဝက်ပဲ သုံးရပါမယ်။

    ကလေးတွေအတွက် အသုံးပြုရမယ့်ပမာဏ

    Status epilepticus (အတက်ရောဂါ)

    အကြောဆေး: တစ်ခါသွင်းရင် 2 mg ပေးနိုင်ပြီး တက်တာက မသက်သာဘူး။ ထပ်ဖြစ်မယ်ဆိုရင် ၁၀ မိနစ် ၁၅ မိနစ် ခြားပြီးချိန်မှာ နောက်တစ်ကြိမ် ထပ်ပေးရပါမယ်။

    မခွဲစိတ်ခင်

    အကြောဆေး : အသက် ၅ နှစ်ကနေ ၁၃ နှစ် အတွင်းဆိုရင် ကိုယ်အလေးချိန်ကို အနီးဆုံး 0.5 mg ယူပြီး  0.5 to 2.5 mgကို  0.05 mg/kgနှုန်းနဲ့ ပေးရပါမယ်။ ခွဲခန်းမဝင်ခင် ၁ နာရီ ကြိုတင်ပြီး ပေးရပါမယ်။

    Lorazepamကို ဘယ်လိုရရှိနိုင်သလဲ

    Lorazepam (လိုရာဇီပန်)ကို အောက်ပါ ပုံစံမျိုး၊ ပြင်းအားမျိုးတို့ဖြင့် ဝယ်ယူရရှိနိုင်ပါတယ်။

    သောက်ဆေးပြား – 0.5 mg, 1 mg, 2 mg

    ထိုးဆေးရည် – 2 mg/mL, 4 mg/mL အသီးသီး ရရှိနိုင်ပါတယ်။

    ရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

    ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

    Lorazepamကို သောက်ဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သောက်ပါ။ ဆေးနှစ်ကြိမ် သောက်တာမျိုး မလုပ်ပါနဲ့။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    ဆက်စပ် အကြောင်းအရာများ


    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 27/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement