-ဒီလိုနဲ့ အဆင့်ဆင့်ကူးပြီး ကုမရတဲ့ရောဂါအခြေအနေဖြစ်သွားပါမယ်။ ဘာနဲ့တူမလဲဆိုရင် ပိုးသတ်ဆေးတွေမပေါ်ခင်ကလိုပဲ ရောဂါဖြစ်ရင်ကုရမယ့်ဆေးမရှိဘဲ ငုတ်တုတ်ထိုင်နေရမယ့်ခေတ်ကို ပြန်ရောက်သွားပါမယ်။
-
ဒါဆို လုံးဝမသောက်ရတော့ဘူးလား။
ဒီလိုဆိုလိုတာမဟုတ်ပါဘူး။ ပိုးသတ်ဆေးဆိုတာ အင်မတန်ကောင်းပါတယ်။ ပိုးသတ်ဆေးပေါ်ကတည်းက စပြီး ခုထိ လူ့အသက်ပေါင်းများစွာကိုကယ်တင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ပိုးသတ်ဆေးဆိုတာ နောက်အနာဂတ်အချိန်အထိ လိုနေဦးမှာပါပဲ။ ရှိနေရဦးမှာပဲ။
ဒါကြောင့် ဆေးယဉ်ပါးမဖြစ်အောင် သတိထားရမှာပါ။
-
ကမ္ဘာတစ်ဝန်းလုံးအတွက် အန္တရာယ်ရှိလာတဲ့ ဆေးယဉ်ပါးပြဿနာ
ခုဆိုရင် ဆေးယဉ်ပါးပြဿနာက တစ်ကမ္ဘာလုံး ခြိမ်းခြောက်နေတဲ့ ပြဿနာ ဖြစ်လာတဲ့အတွက် WHO က World Antimicrobial Awareness Week ဆိုပြီး နှစ်စဉ် နိုဝင်ဘာ ၁၈ရက်ကနေ ၂၄ရက်နေ့ထိ ကျင်းပပေးနေပါတယ်။
ဘာကြောင့် ကမ္ဘာ့ပြဿနာလို့ ပြောရလဲဆိုတာကတော့
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဆေးယဉ်ပါးဖြစ်ရတဲ့ အကြောင်းရင်းကတော့ ပိုးသတ်ဆေးတွေကို အလွယ်တကူ ဝယ်ယူလို့ရနေခြင်းပါပဲ။ သမားကိုင်ဆေးဖြစ်ပေမယ့် ဆရာဝန်လက်မှတ်မပါဘဲ ဝယ်လို့ရနေတာဖြစ်တဲ့အတွက် ကိုယ့်သဘောနဲ့ကိုယ်ရော၊ စပ်ဆေးအနေနဲ့ရော အလွယ်တကူဝယ်သောက်နေကြလို့ပဲ ဖြစ်ပါတယ်။
ဆရာဝန်က ညွှန်တဲ့အခါမှာလည်း ဆေးပတ်လည်အောင် မသောက်ဘဲ လက္ခဏာသက်သာတာနဲ့ ရပ်လိုက်ကြတာကြောင့်လည်း ပါပါတယ်။ နောက်တစ်ခုက ဆေးတွေ မျှဝေတာပါ။ ကိုယ်ချောင်းဆိုးတုန်းက ဒီဆေးနဲ့ သက်သာလို့ နောက်တစ်ယောက်ချောင်းဆိုးတဲ့အခါလည်း ဒီဆေးကို ပြန်မျှပေးပါတယ်။ ဖြစ်တဲ့ ရောဂါမတူနိုင်တဲ့အတွက် စေတနာကနေ ဝေဒနာပဲ ဖြစ်သွားပါတယ်။
လူတစ်ယောက်တည်းမှာတောင် ဒီတစ်ခါ ဖျားတာနဲ့ နောက်တစ်ခါ ဖျားတာ ပိုးခြင်းမတူနိုင်ပါဘူး။ ရှေ့တစ်ခေါက်က ဆေးစာကို သိမ်းထားပြီး နောက်တစ်ခါဖျားတော့ ဒီဆေးပဲ ပြန်ဝယ်သောက်တာက ရောဂါကို မသက်သာစေတဲ့အပြင် ပိုပြီး ကုရခက်တဲ့ အနေအထားကို ဖြစ်စေပါတယ်။
ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကို ထိန်းချုပ်ထားတဲ့အတွက် ဒီလောက်မဆိုးပါဘူး။ ဒါပေမယ့် သူတို့ဆီမှာက တိရစ္ဆာန်မွေးမြူရေးတွေမှာ (ဥပမာ ကြက်၊ဘဲ၊ဝက်၊ငါး အစာ) ပိုးသတ်ဆေးတွေ ထည့်ပြီးကျွေးတဲ့အတွက် ဒီအသားတို့၊ ဥတို့ကို စားရတဲ့ လူတွေလည်း ပိုးသတ်ဆေးကို ထိတွေ့ပြီး ဆေးယဉ်ပါးသွားပါတယ်။
ဒါတင်မကသေးပါဘူး။ အပင်တွေ စိုက်ပျိုးတဲ့အခါမှာလည်း ဒီလိုဆေးတွေ သုံးတဲ့အတွက် ဒီအသီးအရွက်တွေစားရာကနေ ဆေးယဉ်ပါးလာပါတယ်။ ဆေးယဉ်ပါးရုံတင် မကဘဲ မြေထု၊ လေထု၊ ရေထု ညစ်ညမ်းမှုတွေ ဖြစ်လာပါတော့တယ်။
-
ဆေးယဉ်ပါးမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ။
ဆေးယဉ်ပါးဆိုတာ ပိုးသတ်ဆေးကို မဆင်မခြင်သောက်ရာက အဓိကဖြစ်လာတာပါ။ ဒါကြောင့်
-ပိုးသတ်ဆေးကို မလိုအပ်ဘဲ မသောက်ပါနဲ့။ လိုမလိုသိရအောင် ဆရာဝန်နဲ့ပြသပါ။
-နေမကောင်းဖြစ်တိုင်း ပိုးသတ်ဆေးမသောက်ပါနဲ့။
-ဆေးတွေကို သူများကို မျှဝေမပေးပါနဲ့။
-ဆေးတွေကို သိမ်းထားပြီး နေမကောင်းတဲ့အခါတိုင်း ပြန်ပြန်မသောက်ပါနဲ့။
-ဆေးဆိုင်က စပ်ဆေးတွေ အလွယ်တကူဝယ်မသောက်ပါနဲ့။
-ပိုးသတ်ဆေးသောက်မယ်စဉ်းစားတိုင်း ဆရာဝန်နဲ့ တိုင်ပင်ပါ။
-ဆရာဝန်က လိုအပ်လို့ သောက်ခိုင်းတဲ့အခါ ဆေးပတ်လည်အောင် သောက်ပါ။ သောက်ရမယ့် ပမာဏ၊ အကြိမ်ရေ၊ ရက် အတိအကျသောက်ပါ။ နေပြန်ကောင်းသွားလို့ ပိုးသတ်ဆေးကို ရက်မပြည့်သေးဘဲ ရပ်လိုက်တာမျိုး လုံးဝမလုပ်ပါနဲ့။
-တိရစ္ဆာန်အစာနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ပိုးသတ်ဆေးတွေ အလွန်အကျွံ သုံးတာကိုလည်း ဥပဒေတစ်ခု ပြဌာန်းပြီး ထိန်းချုပ်ရပါမယ်။
ဆေးယဉ်ပါးပြဿနာဟာ ကမ္ဘာ့ကျန်းမာရေးပြဿနာ ဖြစ်တဲ့အတွက် လူတိုင်းပါဝင်ရပါမယ်။ ခုဆိုရင် ဒီပြဿနာအတွက် ဆရာဝန်တွေသာမကဘဲ မွေးမြူရေး ပညာရှင်တွေ၊ စိုက်ပျိုးရေး ပညာရှင်တွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်တွေနဲ့ တခြားတခြားသော ပညာရှင်တွေက ပူးပေါင်းပြီး အဖြေရှာနေကြပါပြီ။
ဒါတွေက superbugsတွေကြောင့် လူသားမျိုးနွယ် မပျက်သုဉ်းရေး အတွက်ပါပဲ။ ဆေးယဉ်ပါးပြဿနာ လျော့နည်းလာဖို့အတွက် သင့်မှာလည်း တာဝန်ရှိပါတယ်။ စွမ်းနိုင်တဲ့ဘက်က ကူညီပြီး ဆေးယဉ်ပါး ပြဿနာကို လျှော့ချဖို့ တိုက်တွန်းလိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။