backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Albendazole (အယ်လ်ဘန်ဒဇော)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Albendazole (အယ်လ်ဘန်ဒဇော)

Albendazole (အယ်လ်ဘန်ဒဇော) ဆိုတာက သန်ချဆေးတစ်မျိုးပါ။ လူ့ခန္ဓာကိုယ်ထဲက ကပ်ပါးပိုးတွေကို ဖယ်ရှားတိုက်ထုတ်ပေးပါတယ်။

အသုံးပြုပုံများ

Albendazole (အယ်လ်ဘန်ဒဇော)ကို ဘာအတွက်အသုံးပြုကြသလဲ

Albendazole (အယ်လ်ဘန်ဒဇော)ကို တုတ်ပြား သန်ကောင်ကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါတွေကို ကုသဖို့ အသုံးပြုကြပါတယ်။ Neurocysticercosis နဲ့ အခြားသန်ကောင်၊ တုတ်ကောင်ရောဂါတွေကို သက်သာစေဖို့ အသုံးပြုကြပါတယ်။

Albendazole ကို ဘယ်လိုသောက်သုံးသင့်ပါသလဲ

ဆေးဘူးမှာပါတဲ့ အညွှန်းကို သေသေချာချာ ပြည့်ပြည့်စုံစုံ ဖတ်ပါ။ ဆေးရဲ့ ပါဝင်ပစ္စည်း အညွှန်းဇယားတွေနဲ့ ကုန်ဆုံးရက်တွေကို သေချာ ဖတ်ပါ။

ဆေးလုံးအနေနဲ့ သောက်သုံးမယ်ဆိုရင် ဆေးကို သေချာကြေအောင် ဝါးပါ။ ပြီးရင် ရေတစ်ဖန်ခွက် ပြည့်ပြည့်သောက်ချလိုက်ပါ။ အစားစားပြီးမှ သောက်ပါ။ ဆေးပြားကို ဒီအတိုင်း မျိုချတာ၊ ရေနဲ့ပျော်အောင် ဖျော်တာမျိုး မလုပ်ရပါဘူး။

Albendazole (အယ်လ်ဘန်ဒဇော)ကို ဘယ်လိုသိုလှောင်သိမ်းဆည်းထားသင့်ပါသလဲ။

Albendazoleကို အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်အသိပေးချက်နှင့် သတိပြုရန်အချက်များ

Albendazole (အယ်လ်ဘန်ဒဇော)ကို မသောက်သုံးခင်မှာ ဘယ်အချက်တွေကို သိထားသင့်သလဲ။

Albendazole (အယ်လ်ဘန်ဒဇော)ကို  မသောက်သုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်
  • တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
  • ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်
  • တခြားရောဂါအခံတွေ ရှိနေရင်

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။

ဒီဆေးဝါးကို ကိုယ်ဝန်ဆောင် ပထမ သုံးလပတ်မှာ မသောက်သုံးသင့်ပါဘူး။ ဒီဆေးက မိခင်နို့ရည်ကနေတဆင့်လည်း ကလေးဆီကို ရောက်ရှိနိုင်ပါတယ်။ ဒါကြောင့် ဆေးမသောက်သုံးမီမှာ ဖြစ်နိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ကိုယ်ဝန်ပတ် ၁၃ပတ်ကျော်ရင်တော့ သောက်နိုင်ပါပြီ။

ဒီဆေးကို အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့်C ရှိသည်ဟု သတ်မှတ်ထားပါတယ်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံးရန် မသင့်ပါ။
  • N=အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Albendazoleက ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်လဲ။

တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • အော့အန်မယ်
  • ပျို့မယ်
  • မူးဝေမယ်
  • ခေါင်းကိုက်မယ်
  • အိပ်မပျော်တာမျိုး ဖြစ်မယ်
  • ကူးစက်ရောဂါတွေ ဝင်မယ်
  • အစာအိမ်နာမယ်
  • စိတ်တိုစိတ်ဆတ်မယ်
  • ယာယီအားဖြင့် ဆံပင်ကျွတ်မယ် စတာတွေ ခံစားရနိုင်ပါတယ်။

ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဆေးဝါးဓာတ်ပြုမှုများ

ဘယ်ဆေးဝါးတွေက Albendazoleနဲ့ ဓာတ်ပြုမှုတွေ ဖြစ်နိုင်သလဲ။

Albendazoleက လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဖက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

ဓာတ်ပြုနိုင်တဲ့ ဆေးဝါးများ

  • Cimetidine
  • Dexamethasone
  • Praziquantel
  • Carbamazepine
  • Ritonavir
  • Phenobarbital
  • Phenytoin

ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ ပြန်တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။

အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက Albendazole (အယ်လ်ဘန်ဒဇော) နဲ့ ဓာတ်ပြုနိုင်ပါသလား။

ဒီဆေးက အစားအစာတွေ ဒါမှမဟုတ် အယ်လ်ကိုဟောနဲ့ ဓာတ်ပြုနိုင်ပါတယ်။ ဒီလို ဓာတ်ပြုတာက ဆေးရဲ့ ဓာတ်ပြုမှု အာနိသင်နဲ့ ထိရောက်မှုကို ပြောင်းလဲစေနိုင်ပြီး ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆေးသောက်ချိန်မှာ အဆီများတဲ့ အစားအစာတွေ၊ ဂရိတ်ဖရုအသီးနဲ့ ပတ်သက်တာတွေကို ရှောင်ပါ။ ဆေးမသောက်မီမှာ ဖြစ်နိုင်ခြေရှိတဲ့ အစားအစာ၊ အယ်လ်ကိုဟောတို့နဲ့ ဓာတ်ပြုနိုင်ခြေကို ဆရာဝန် ဒါမှမဟုတ် ကျွမ်းကျင်သူတွေနဲ့ အရင်တိုင်ပင်ပါ။

ဘယ်လိုကျန်းမာရေးအခြေအနေတွေက Albendazole (အယ်လ်ဘန်ဒဇော) နဲ့ ဓာတ်ပြုမှုတွေရှိမလဲ။

Albendazoleက သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီပါတယ်။

သောက်သုံးရန်အညွှန်း

အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အရွယ်ရောက်ပြီးများအတွက် ဆေးပမာဏ

Echinococcosis အတွက်

လူကြီး ။ ကိုယ်အလေးချိန် ၆၀ ကီလိုဂရမ်အောက် ။ သောက်ဆေး ကိုယ်အလေးချိန်ကို လိုက်ပြီး တစ်နေ့ကို 15 mg/kg နှုန်းနဲ့ ၂ ကြိမ် ခွဲသောက်ပါ။ အများဆုံး အနေနဲ့ တစ်နေ့ကို 800 mg သောက်သုံးလို့ ရပါတယ်။

လူကြီး ။ ကိုယ်အလေးချိန် ၆၀ ကီလိုဂရမ်အထက် ။ သောက်ဆေး 400mg တစ်နေ့ ၂ကြိမ် သောက်ပါ။ ကုသမှု အနေနဲ့ ဆေးကို ၂၈ရက်သောက် ၁၄ရက်နား စနစ်နဲ့ ၃ကျော့သောက်ရမှာ ဖြစ်ပါတယ်။

Neurocysticercosis အတွက်

လူကြီး ။ ကိုယ်အလေးချိန် ၆၀ ကီလိုဂရမ်အောက် ။ သောက်ဆေး ကိုယ်အလေးချိန်ကို လိုက်ပြီး တစ်နေ့ကို 15 mg/kg နှုန်းနဲ့ ၂ ကြိမ် ခွဲသောက်ပါ။ အများဆုံး အနေနဲ့ တစ်နေ့ကို 800 mg သောက်သုံးလို့ ရပါတယ်။

လူကြီး ။ ကိုယ်အလေးချိန် ၆၀ ကီလိုဂရမ်အထက် ။ သောက်ဆေး 400mg တစ်နေ့ ၂ကြိမ် သောက်ပါ။ ကုသမှု ကာလ: ၈-၃၀ရက် ကြာမြင့်မှာပါ။

Ascariasis, Enterobiasis, Hookworm infections [ချိတ်ပြားသန်ကောင်], Trichuriasis အတွက်

ကုသမှုတွေအတွက် 400 mg တစ်ကြိမ် သောက်ရပါမယ်။

Clonorchiasis, Opisthorchiasis အတွက်

ဆေးတစ်ကြိမ်ကို 400 mg နဲ့ တစ်နေ့ ၂ ကြိမ်၊ ၃ ရက်ဆက်တိုက် သောက်ရပါမယ်။ အများဆုံးအနေနဲ့ တစ်နေ့ကို 800 mg ၊ ၃ ရက်တာအတွက် 1200 mg သောက်နိုင်ပါတယ်။ ၁ လကြာပြီးနောက်မှာ သန်ကောင်တွေ ကင်းစင်သွားလားဆိုတာကို ဆရာဝန်နဲ့ ပြန်ပြရပါမယ်။

Tapeworm infections အတွက်

အစားမစားခင် သောက်ရပါမယ်။ တစ်နေ့ကို 400 mg နဲ့ ၃ ရက်ဆက်တိုက် သောက်ရပါမယ်။ အများဆုံးအနေနဲ့ တစ်နေ့ကို 400 mg၊ ၃ ရက်တာအတွက် 1200 mg သောက်သုံးပေးရပါမယ်။ လုနာက ၃ ပတ်ကြာ​ပြီးတဲ့အထိမှ မသက်သာသေးဘူးဆိုရင် နောက်တစ်ကျော့ ဆေးထပ်မံသောက်ဖို့ လိုပါမယ်။  Hymenolepis nana infestations ဖြစ်မယ်ဆိုရင် ၁၀ ရက် ဒါမှမဟုတ် ၂၁ ရက်ကြာအောင် သောက်ရပါမယ်။

Cutaneous larva migrans အတွက်

တစ်နေ့ကို 400 mg နဲ့ တစ်ရက် ကနေ ၃ ရက်အထိ သောက်သုံးရပါမယ်။ တစ်နေ့တာအတွက် အများဆုံး 400 mg ၊ ၃ ရက်တာအတွက် 1200 mg အထိသောက်လို့ ရပါတယ်။

ကလေးများအတွက် ဆေးပမာဏ

Echinococcosis အတွက်

လူကြီးတွေ သောက်သုံးတဲ့ အညွှန်းအတိုင်း

Neurocysticercosis အတွက်

လူကြီးတွေ သောက်သုံးတဲ့ အညွှန်းအတိုင်း

Ascariasis, Enterobiasis, Hookworm infections, Trichuriasis အတွက်

အသက် ၁ နှစ် ကနေ ၂ နှစ်: 200 mg တစ်နေ့တစ်ကြိမ် ပါ။

အသက် ၂ နှစ် အထက်ဆိုရင် လူကြီးတွေ သောက်သုံးတဲ့ အညွှန်းအတိုင်း သောက်လို့ရပါတယ်။ အများဆုံး ပမာဏ 200 mg ပါ။

Clonorchiasis, Opisthorchiasis အတွက်

အသက် ၂ နှစ် နဲ့ အထက် လူကြီးတွေ သောက်သုံးတဲ့ အညွှန်းအတိုင်း

Tapeworm infections အတွက်

အသက် ၂ နှစ် နဲ့ အထက် လူကြီးတွေ သောက်သုံးတဲ့ အညွှန်းအတိုင်း

Cutaneous larva migrans အတွက်

အသက် ၂ နှစ် နဲ့ အထက် လူကြီးတွေ သောက်သုံးတဲ့ အညွှန်းအတိုင်း

Giardiasis အတွက်

အသင် ၁ နှစ် ကနေ ၁၂ နှစ်အထိ အစားမစားခင် 400 mg တစ်နေ့ကို  တစ်ကြိမ် ၅ ရက်ဆက်တိုက် သောက်ပေးလို့ ရပါတယ်။ အများဆုံး ပမာဏ အနေနဲ့ တစ်နေ့ကို 400 mg ၊ ၅ ရက်တာအတွက် 2000 mg ပါ။

Albendazole (အယ်လ်ဘန်ဒဇော)ကို ဘယ်လိုပုံစံမျိုး၊ အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။

Albendazole (အယ်လ်ဘန်ဒဇော)ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနဲ့ အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • ဝါးစားလို့ရတဲ့ ဆေးပြား : 200 mg, 400 mg
  • ဆေးရည် : 20 mg/ml အနေနဲ့ ရရှိနိုင်ပါတယ်။

အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Albendazole (အယ်လ်ဘန်ဒဇော)ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်သောက်ရမယ့်အချိန်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သောက်ပါ။ ဆေးနှစ်ခါ သောက်တာမျိုး မလုပ်ပါနဲ့။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement