backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သွေးတွင်းအဆီကျစေနိုင်တဲ့ ဆေးတွေက ဘယ်လို ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်လဲ!

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 19/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သွေးတွင်းအဆီကျစေနိုင်တဲ့ ဆေးတွေက ဘယ်လို ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်လဲ!

သွေးထဲမှာ အဆီများတာက နှလုံးသွေးကြောကျဉ်းတာ အပါအဝင် အမျိုးမျိုးသော ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ သွေးတွင်းအဆီကျဆေးတွေကို ညွှန်လာကြတာ ဖြစ်ပါတယ်။ သွေးတွင်းအဆီကျစေနိုင်တဲ့ ဆေးတွေက ဘယ်လို ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်လဲ! ဆိုတာကို အတူတူ လေ့လာလိုက်ရအောင်နော်။

သွေးတွင်းအဆီကျစေတဲ့ဆေးတွေက ဘာကောင်းကျိုးရှိလဲ!

သွေးတွင်းအဆီကျစေနိုင်တဲ့ ဆေးတွေကို သွေးထဲမှာ ကိုလက်စထရော များတဲ့သူတွေ သောက်သုံးရတာပါ။ သွေးတွင်းအဆီကျဆေးတွေက သွေးထဲက ကိုလက်စထရောတွေကို လျှော့ချပေးနိုင်ပြီး နှလုံးသွေးကြောကျဉ်းတာမျိုး မဖြစ်အောင် လုပ်ဆောင်ပေးသလို နှလုံးရောဂါ၊ လေဖြတ်တာနဲ့ သွေးကြောပိတ်တာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ 

ဒါက သာမန်အဆီကျဆေး၊ ပိန်ဆေးတွေနဲ့ မတူပါဘူး။ သွေးတွင်းက ကိုလက်စထရောပမာဏကိုပဲ ကျစေတာ ဖြစ်ပြီး ကိုယ်အလေးချိန်ပေါ် သက်ရောက်မှု မရှိပါဘူး။

လေ့လာမှုတွေအရ သွေးတွင်းအဆီကျဆေးတွေက လူတော်တော်များများမှာတော့ ကြီးကြီးမားမား ဘေးထွက်ဆိုးကျိုးတွေတော့ မရှိပါဘူး။ ဒါပေမယ့် အနည်းအကျဉ်းတော့ ရှိတာပေါ့။ ဒီတော့ ဘယ်လို ဆိုးကျိုးတွေ ရှိလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

သွေးတွင်းအဆီကျစေနိုင်တဲ့ ဆေးတွေက ဘယ်လို ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်လဲ!

သွေးတွင်းအဆီကျစေနိုင်တဲ့ ဆေးတွေက အမျိုးအစား အများကြီး ရှိပါတယ်။ ဒီထဲမှာ အသုံးများတာကတော့ Statinsဆိုတဲ့ ဆေးအမျိုးအစားပါ။ ဒီဆေးက ဘေးထွက်ဆိုးကျိုးအနေနဲ့ 

ကြွက်သားတွေ နာကျင်စေနိုင်တယ်

သွေးတွင်းအဆီကျဆေး သောက်လို့ ကြွက်သားနာတာက ဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုး တစ်ရပ်ပေါ့။ ဒါပေမဲ့ ရှားတော့ ရှားပါတယ်။ ကြွက်သားကိုက်ခဲနာကျင်တာက များသောအားဖြင့်ကတော့ သိပ်မပြင်းထန်ပါဘူး။ အချိန်ကြာလာရင် အလိုလိုသက်သာသွားကြပါတယ်။

တချို့တွေမှာတော့ ဆေးကြောင့် ကြွက်သားတွေ ရောင်ရမ်းပျက်စီးလို့ နာတာပါ။ ဒါဆိုရင်တော့ သတိထားဖို့ လိုပါတယ်။ ကျောက်ကပ်ပျက်တတ်လို့ပါ။ 

သွေးတွင်းအဆီကျဆေးသောက်ရင် ဘာကြောင့် ကြွက်သားနာရတာလဲဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ သုတေသီတွေကတော့ မျိုးဗီဇကြောင့် ဖြစ်နိုင်သလို ဗီတာမင် D ချို့တဲ့တာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်။ 

ခေါင်းကိုက် စေနိုင်တယ်

ခေါင်းကိုက်တာက သွေးတွင်းအဆီကျဆေးတွေရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဘေးထွက်ဆိုးကျိုးတစ်ရပ်ပါ။ အဆီကျဆေးသောက်သူ ၁၀၀ မှာ ၁၇ ယောက်လောက် ခံစားရတဲ့ ဘေးထွက်ဆိုးကျိုးတစ်ရပ်ပေါ့။ အများစုကတော့ ပါရာစီတမောသောက်ပြီး ဖြေရှင်းလို့ ရပါတယ်။ 

ခေါင်းကိုက်တာ ပြင်းထန်မယ်၊ အချိန်အတော်ကြာ ကိုက်နေမယ်ဆိုရင်တော့ လိုအပ်တဲ့ ကုသမှုကို ခံယူဖို့ လိုပါမယ်။ 

ခြေကုန်လက်ပမ်းကျ စေနိုင်တယ်

တစ်ခါတလေမှာ သွေးတွင်းအဆီကျဆေးသောက်တာက ခြေကုန်လက်ပမ်းကျတာကို ခံစားရနိုင်ပါတယ်။ အထူးသဖြင့် လေ့ကျင့်ခန်းရင်၊ ကိုယ်လက်လှုပ်ရှားမှု ပင်ပင်ပန်းပန်း လုပ်ရင် ပိုဆိုးတတ်ပါတယ်။ ဆေးသောက်ပြီးမှ နုံးတာကို ခံစားရတယ်ဆိုရင်တော့ ဆေးကြောင့် ဖြစ်ဖို့ များပါတယ်။ 

အစာခြေစနစ်ပြဿနာတွေ ခံစားရနိုင်တယ်

သွေးတွင်းအဆီကျဆေးတွေက တခြားဆေးတွေလိုပဲ မအီမသာဖြစ်တာ၊ အော့အန်တာ၊ ဝမ်းပျက်တာ၊ ဝမ်းချုပ်တာတွေ ဖြစ်စေနိုင်ပါတယ်။  

ဒီလက္ခဏာတွေက ပြင်းထန်လာရင်ဖြစ်ဖြစ် အချိန်တော်တော်ကြာတဲ့အထိ မသက်သာရင်ဖြစ်ဖြစ် ဆရာဝန်နဲ့ တိုင်ပင်ပါ။

အသည်း အင်ဇိုင်းတက်စေနိုင်တယ် 

သွေးတွင်းအဆီကျဆေးတွေက အသည်းအင်ဇိုင်းတစ်မျိုးကို မြင့်တက်စေနိုင်ပါတယ်။ သွေးတွင်းအဆီကျဆေးကြောင့် အသည်းပျက်စီးတာက ဖြစ်ခဲပေမယ့် ဆေးပမာဏ အရမ်းများရင်တော့ ဖြစ်နိုင်ပါတယ်။ 

ဒါကြောင့် သွေးတွင်းအဆီကျဆေး သောက်နေရင်း ဆီးက အရောင်ရင့်လာတာ၊ ဗိုက်အောင့်တာ၊ ခြေကုန်လက်ပမ်းကျတာ၊ အစားစားချင်စိတ် မရှိတာ၊ မျက်ဖြူသားနဲ့ အသားတွေ ဝါလာတာမျိုး ဖြစ်မယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်ပါ။

ကျောက်ကပ် ပျက်စီးစေနိုင်တယ်

အင်မတန်ရှားပါတယ်။ ဆေးကြောင့် ကျောက်ကပ်ထိတာထက် အပေါ်မှာ ပြောခဲ့တဲ့ ကြွက်သားတွေ ရောင်ရမ်းပျက်စီးတာရဲ့ အကျိုးဆက်ကြောင့် ဖြစ်တာများပါတယ်။ 

ကျောက်ကပ် ထိခိုက်တာကို ဘယ်လို သိနိုင်မလဲဆိုတော့ ဆီးသွားနည်းလာတာ၊ မအီမသာဖြစ်တာ၊ စိတ်ရှုပ်ထွေးတာ၊ ခြေလက်တွေ အဆစ်တွေရောင်တာ၊ မျက်လုံးတဝိုက် ရောင်တာ၊ တက်တာ၊ ခြေကုန်လက်ပမ်းကျတာ၊ အသက်ရှူ စည်းချက် မမှန်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ 

ဆံပင်ကျွတ် စေနိုင်တယ်

ဆံပင်ကျွတ်တယ်ဆိုတာကလည်း သွေးတွင်းအဆီကျဆေးရဲ့ ရှားပါးတဲ့ ဘေးထွက်ဆိုးကျိုး တစ်ရပ်ပါ။ သွေးတွင်းအဆီကျဆေးမှ မဟုတ်ပါဘူး။ အခြားသော ဆေးတွေကလည်း ဆံပင်ကျွတ်တာကို ဖြစ်စေနိုင်ပါတယ်။ တစ်ခါတလေမှာ ဆေးဝါးတွေကြောင့် ဆံပင်ကျွတ်စေနိုင်သလို အသက်အရွယ်ရလာတာ၊ မျိုးဗီဇ နဲ့ ဟော်မုန်းပြောင်းလဲမှုတွေကြောင့်လည်း ဆံပင်ကျွတ်နိုင်ပါတယ်။ 

အမျိုးအစား – ၂ ဆီးချို ဖြစ်စေနိုင်တယ်

အဆီကျဆေးက ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်ဆိုပေမယ့် လေ့လာမှု အချို့အရ သိရတာက ‌သွေးတွင်းအဆီကျဆေးက တစ်ခါတလေမှာ အမျိုးအစား – ၂ ဆီးချို ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။ အထူးသဖြင့် နဂိုတည်းက ဆီးချိုဖြစ်နိုင်ခြေ ရှိတဲ့သူတွေ၊ ပြင်းအားများတဲ့ Statinsတွေ သောက်နေတဲ့ သူတွေမှာပါ။ 

အကြောင်းက​တော့ ‌သွေးတွင်းအဆီကျဆေး အင်ဆူလင် ထုတ်လွှတ်မှုကို အဟန့်အတား ဖြစ်စေနိုင်တာကြောင့် အမျိုးအစား-၂ ဆီးချို ဖြစ်နိုင်ခြေ တိုးစေနိုင်တာပါ။ 

ဆီးချို ဖြစ်နိုင်ခြေနဲ့ လေဖြတ်တာ၊ နှလုံးသွေးကြောကျဉ်းတာတွေကို ကာကွယ်နိုင်တာနဲ့ ယှဉ်ရင် ကောင်းကျိုးက ပိုများပါတယ်။ ဒါကြောင့် Statinsတွေကို တော်တော်များများ သောက်နေကြတာ ဖြစ်ပါတယ်။

မှတ်ဉာဏ် ထိခိုက်စေနိုင်တယ်

သွေးတွင်းအဆီကျဆေးတွေကြောင့် မေ့တတ်တာ၊ စိတ်ရှုပ်ထွေးတာတွေ ဖြစ်တတ်တယ် ဆိုပေမယ့် တိတိကျကျ လေ့လာတွေ့ရှိထားတာမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် သွေးတွင်းအဆီကျဆေးသောက်ရင်း အရင်ကထက် မေ့တတ်လာတယ်လို့ ခံစားရမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်ဖို့ ပြောပါရစေ။

အခုပြောပြတဲ့ ဘေးထွက်ဆိုးကျိုးတွေကို လူတိုင်း ခံစားရမယ်တော့ မဟုတ်ပါဘူး။ အထက်ပါ လက္ခဏာတွေ ခံစားလာရရင် ဆရာဝန်နဲ့ ပြန်တိုင်ပင်ပါ။ မိမိသဘောနဲ့ မိမိ ဆေးလျှော့တာ၊ ရပ်ပစ်တာတွေ မလုပ်ပါနဲ့။ နှလုံးနဲ့ ဆက်စပ်ရောဂါတွေအတွက်  သွေးတွင်းအဆီကျဆေးရဲ့ အခန်းကဏ္ဍက အရေးကြီးတာကြောင့် ကောင်းကျိုး ဆိုးကျိုး ချိန်ဆပြီးမှ ဆေးကို ရပ်တာ၊ ပြောင်းတာလုပ်ဖို့ သင့်ပါတယ်။ 

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 19/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement