backup og meta

ဆေးဘူးမှာပါတဲ့ ဆေးညွှန်းတွေကို ဘယ်လို မှန်မှန် ဖတ်ကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးဘူးမှာပါတဲ့ ဆေးညွှန်းတွေကို ဘယ်လို မှန်မှန် ဖတ်ကြမလဲ

    ဆေးဘူးမှာပါတဲ့ ဆေးညွှန်းတွေကို ဘယ်လို မှန်မှန် ဖတ်ကြမလဲ ……. ဆေးအညွှန်းတွေကို မှန်မှန်ကန်ကန် ဖတ်တတ်ခြင်းက အရမ်းအရေးကြီးတဲ့ အချက်တစ်ခုပါ။ ဆရာဝန်ကကျန်းမာရေး အခြေအနေနဲ့ ကိုက်ညီမယ့် ဆေးကို ဝယ်ဖို့ပဲ ညွှန်းလိုက်မှာဖြစ်ပါတယ်။ ဆေးမှာပါတဲ့ ဆေးညွှန်းက ဘယ်လို သောက်သုံးရမလဲ။ ဘယ်အချက်တွေကို သတိထားရမလဲဆိုတာ နဲ့ အခြားအရးပါတဲ့ အချက်အလက်တွေကို ပြောပြပေးမှာပါ။ ဆေးညွှန်းဖတ်တာက ရုတ်တရက်ကြည့်လိုက်ရင် သိပ်အရေးမကြီးတဲ့အရာလို့ ယူဆစရာ ရှိပေမယ့် ဆေးမှားသောက်တာ၊ ဆေးကို မှားယွင်း အသုံးပြုတာမျိုး မဖြစ်စေဖို့ ဒီအချက်က တော်တော်လေး အရေးကြီးပါတယ်။

    ဆေးဘူးမှာပါတဲ့ ဆေးညွှန်းတွေ ဆိုတာ ဘာလဲ!

    ဆေးဘူးမှာပါတဲ့ ဆေးညွှန်းဆိုတာက ဆေးဘူးခွံတွေပေါ်မှာ ဒါမှမဟုတ် ဆေးကတ်တွေအပေါ်မှာ ပုံနှိပ်ထားတဲ့ စာသားတွေပါ။ ဒီစာသားတွေက အတော်လေး သေးငယ်တယ်ဆိုပေမယ့် အရေးပါတဲ့ အချက်အလက်တွေကတော့ အများကြီး ပါဝင်နေပါတယ်။ ဆေးဝယ်ယူရာမှာ ပိုမို လွယ်ကူစေဖို့အတွက် ဆေးမဝယ်ခင်၊ မသောက်သုံးခင်မှာ သေချာစစ်ဆေးရမယ့် အရေးအပါဆုံးသော အချက်တွေကို ဆွေးနွေးလိုက်ရအောင်လား။
    ဒီနေရာမှာ သတိထားရမှာက ဆေးညွှန်းတွေက နိုင်ငံအလိုက် ကွာခြားပေမယ့် များသောအားဖြင့်ကတော့ တူကြပါတယ်။ ဆေးဘူးတွေမှာပါတဲ့ ဆေးညွှန်းတွေကို ဘယ်လို ဖတ်ရမလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။

    ဆေးအမည်

    ဆေးအမည်က ဆေးညွှန်း၊ ဆေးဘူးတွေမှာ ပထမဆုံး တွေ့ရမယ့် အရာပါ။ ဈေးကွက်အတွင်းမှာ ဝယ်ယူသူတွေရဲ့ စိတ်ဝင်စားမှု ရစေဖို့အတွက် ဆေးနာမည် (အမှတ်တံဆိပ်)ကို တစ်ကြိမ်ကြည့်တာနဲ့တင် သိရှိနိုင်စေဖို့ ဆေးအမည်ကို ထိပ်ဆုံးမှာ ရေးထားတာ ဖြစ်ပါတယ်။ ပြီးရင်တော့ အဓိက ပါဝင်ပစ္စည်းတွေနဲ့ ဆေးရဲ့ ဓာတုပစ္စည်း အမည်တွေကို ရေးသားထားပါတယ်။ ဆေးရဲ့အာနိသင်ကို ဖတ်ရလွယ်ကူစေဖို့ပါ။

    ဆေးရဲ့ ယေဘုယျအမည်ကိုတော့ များသောအားဖြင့် ဆေးရဲ့ဘူးအတွင်းမှာ စာလုံးကြီးကြီးနဲ့ ရေးသားထားလေ့ရှိပါတယ်။

    ဆေးရဲ့ အမှတ်တံဆိပ် နာမည် နဲ့ logo က မြင်သာပြီးသား ဖြစ်ပေမယ့် ဆေးမှာပါဝင်နေတဲ့ ပါဝင်ပစ္စည်းတွေ နဲ့ ဆေးရဲ့ အာနိသင်ပမာဏကိုတော့ သေချာလေး စစ်ဆေးဖို့ လိုပါမယ်။ အချို့သော ဆေးရဲ့ အမှတ်တံဆိပ်တွေကို ဆေးအမျိုးမျိုးအတွက် အသုံးပြုလေ့ရှိတာကြောင့် မှားယွင်း အသုံးပြုမိတာမျိုး ရှိနိုင်ပါတယ်။

    ဥပမာ ပါရာစီတမောနဲ့ ပတ်သက်ပြီး တံဆိပ်အများကြီးရှိပါတယ်။ ဒီတံဆိပ်တွေကို ဆေးဘူးပြင်ပမှာ နာမည်အကြီးနဲ့ ဖော်ပြထားပါတယ်။ ပါရာစီတမောဆိုတာ Generic nameပါ။ ထပ်ဖတ်ကြည့်ရင် Acetaminophenဆိုတာကို တွေ့မှာပါ။ ဒါက Active ingredientပါ။ ဒါကြောင့် ပါရာစီတမောပေးပါလို့ ပြောလိုက်ရင် ဘာတံဆိပ်ယူမလဲလို့ မေးတာပါ။ ဒါကို သိထားတာက အရေးကြီးပါတယ်။ ဆေးတွေမှာ တံဆိပ်တွေ မတူပေမယ့် ပါဝင်ပစ္စည်းတွေ တူနေတာကို မသိဘဲ သောက်မိရင် ဆေးလွန်တတ်လို့ပါ။

    ဆေးကို ရရှိနိုင်မယ့် ပုံစံနဲ့ အာနိသင်

    ဆေးညွှန်းဖတ်တဲ့အခါ နောက်ထပ် သတိထားရမယ့် အချက်တစ်ခုက သောက်သုံးရမယ့် ဆေးပုံစံ နဲ့ ဆေးရဲ့ အာနိသင်ပါ။ ဆရာဝန်ညွှန်းလိုက်တဲ့ ဆေးစာနဲ့ ကိုယ်ဝယ်လိုက်တဲ့ ဆေးရဲ့ ပမာဏနဲ့ ပုံစံ (ဥပမာ သောက်ဆေး၊ ထိုးဆေး) စတာတွေကို တိုက်စစ်ဖို့ လိုပါတယ်။ ဆေးတွေကို အတွေ့ရများတဲ့ ပုံစံက ဆေးပြားပုံစံ၊ ဆေးတောင့်ပုံစံ၊ ဆေးရည်၊ လိမ်းဆေး ခရင်မ်၊ လိမ်းဆေး အဆီပုံစံနဲ့ လိုရှင်းပုံစံပါ။ ဒါ့ပြင် ထိုးဆေးတွေ၊ မိန်းမကိုယ်ထဲ ထည့်တဲ့ ဆေးတောင့်တွေလည်း ရှိပါတယ်။

    ဆေးရဲ့ အာနိသင် ပြင်းအားကိုတော့ ကိန်းဂဏန်းတွေကို ယူနစ်တွေဖြစ်တဲ့ milligrams (mg)၊ grams (g)၊ ounces (oz.)၊ milliliters (mL) နဲ့ liters (L) စတာတွေနဲ့ ဖော်ပြလေ့ ရှိပါတယ်။ တကယ်လို့ သောက်သုံးရမယ့် ဆေးပမာဏက 200 mg ဖြစ်မယ်။ ဒါပေမယ့် ဆေးဆိုင်မှာက 100 mg ပုံစံ ဆေးပြားပဲ ရရှိမယ်ဆိုရင် ဆေးအာနိသင်တူစေဖို့အတွက် 100 mg ၂ ပြားသောက်သုံးတာမျိုး ဖြစ်နိုင်ခြေ ရှိပါတယ်။

    ဒါပေမယ့် သောက်သုံးရမယ့် ဆေးပမာဏ၊ ဆေးပုံစံစတဲ့ အရာရာတိုင်းကို ပြောင်းလဲတာမျိုးတော့ လုပ်လို့ မရပါဘူး။ ဆေးစာထဲကအတိုင်း အတိအကျ မရရှိနိုင်တဲ့ အခြေအနေမျိုးမှာ အစားထိုးသောက်သုံးဖို့အတွက် အလားတူ ဆေးဝါးတွေကို မသောက်သုံးခင်မှာ ဆရာဝန် ဒါမှမဟုတ် ဆေးဝါးပညာရှင်တွေနဲ့ တိုင်ပင်ဖို့ လိုပါမယ်။ တစ်ခု သတိထားရမှာက ဆေးစာထဲက ဆေးညွှန်းထက် အာနိသင်ပြင်းတဲ့ ဆေးတွေကို အသုံးမပြုပါနဲ့။ ဆေးတွေကို မသောက်သုံးခင်မှာ ဆေးညွှန်းတွေနဲ့ ဆေးရဲ့ အာနိသင်တွေကို သေသေချာချာ ဖတ်ဖို့ လိုပါမယ်။

    ဆေးဘူးမှာပါတဲ့ ဆေးညွှန်းတွေကို ဘယ်လို မှန်မှန် ဖတ်ကြမလဲ

    ဆေးညွှန်း၊ သတိပြုရန် အချက်၊ သိမ်းဆည်းနည်း လမ်းညွှန်

    ဆေးညွှန်းမှာတော့ ဒီဆေးကို ဘယ်လိုကျန်းမာရေး အခြေအနေအတွက် အသုံးပြုရတယ်ဆိုတာကို ရေးသားထားပါတယ်။ ဒီဆေးညွှန်းကို ဆေးကတ် ဒါမှမဟုတ် ဆေးဘူးမှာ ရေးသားထားပါတယ်။ ဥပမာ – ဆေးညွှန်းမှာ အဖျားသက်သာစေဖို့၊ ချောင်းဆိုးရင်ကျပ်တာ၊ အကိုက်အခဲသက်သာစေဖို့ စသဖြင့် ရေးသားထားပါတယ်။

    အသုံးမပြုသင့်တဲ့ အခြေအနေများ (ဘယ်လို အခြေအနေမျိုးမှာ ဒီဆေးကို အသုံးမပြုသင့်ဘူးလဲ) ဆိုတဲ့ သတိပေးချက်၊ သတိပြရန် အချက်များကိုလည်း ဖော်ပြထားဖို့ လိုအပ်ပါမယ်။ သတိပြုရန် အချက်များမှာ ကလေးတွေ မမီတဲ့နေရာမှာ ထားပါ။ ခန္ဓာကိုယ်ပြင်ပတွင်သာ အသုံးပြုရန် စတာတွေပါ။ ဆေးကို မသောက်သုံးခင်နဲ့ အသုံးမပြုခင်မှာ ဆေးညွှန်းကို သေချာ ဖတ်ဖို့ လိုပါမယ်။

    နောက်ဆုံးတစ်ချက်ကတော့ သိမ်းဆည်းနည်းပါ။ သိမ်းဆည်းနည်းကိုလည်း ဆေးညွှန်းမှာ ထည့်သွင်း ဖော်ပြထားပါတယ်။ ဒီဖော်ပြချက်မှာတော့ အထူးညွှန်ကြားချက်တွေ ပါဝင်နေနိုင်ပါတယ်။ဥပမာ – ရေခဲသေတ္တာထဲမှာ သိမ်းထားပါ။ နေရာင်နဲ့ တိုက်ရိုက် မထိတွေ့ပါနဲ့။ အပူချိန်ဘယ်လောက်မှာ သိမ်းဆည်းပါ ဆိုတာမျိုးတွေပါ။ များသောအားဖြင့်ကတော့ ဆေးဝါးတွေကို ဆေးဆိုင်တွေမှာ သိမ်းဆည်းထားသိုတဲ့ နည်းအတိုင်း အိမ်မှာလည်း သိမ်းဆည်းလို့ ရပါတယ်။

    ပါဝင်ပစ္စည်း စာရင်း

    များသောအားဖြင့် ဆေးအမည်မှာ အဓိက ပါဝင်ပစ္စည်း နာမည် ပါတတ်ပြီး အခြား ပါဝင်ပစ္စည်းတွေကတော့ ထည့်သွင်းထုတ်လုပ်ထားတဲ့ ပါဝင်ပစ္စည်း စာရင်းထဲမှာ ပါတတ်ပါတယ်။ ဒီစာရင်းထဲမှာ ဆိုးဆေး၊ တာရှည်ခံပစ္စည်းတွေ နဲ့ အနံ့တွေ ပါတတ်ပါတယ်။ အဓိက ပါဝင်ပစ္စည်းတွေရဲ့ ပမာဏ နဲ့ အချိုးအစားကို ဖော်ပြထားပါတယ်။ အဓိကမဟုတ်တဲ့ ထည့်သွင်းထုတ်လုပ်ထားတဲ့ ပစ္စည်းတွေရဲ့ ပမာဏကတော့ ဖော်ပြထားခြင်း မရှိပါဘူး။

    တကယ်လို့ သင်က ဓာတ်မတည့်မှု ဖြစ်တတ်တယ်ဆိုရင်တော့ ဆေးကို မဝယ်ယူခင် နဲ့ မသောက်သုံးခင်၊ အသုံးမပြုခင်တွေမှာ ပါဝင်ပစ္စည်းစာရင်းကို သေချာ ဖတ်ကြည့်ဖို့ လိုပါမယ်။ တကယ်လို့ ဓာတ်မတည့်တဲ့အရာတွေ ပါမယ်ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

    ဆေးညွှန်းကို ရေးသားဖော်ပြတဲ့ ဘာသာစကား

    မြန်မာနိုင်ငံမှာဆိုရင်တော့ ဆေးဘူးတွေပေါ်မှာ ဆေးအညွှန်းတွေကို မြန်မာလို ဒါမှမဟုတ် အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ဖော်ပြထားတတ်ပါတယ်။ ဒီထဲမှာ အဓိကကြည့်ရမှာက ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ အသုံးပြုပုံ အညွှန်းပါ။

    ဆေးစာနဲ့ ဝယ်ယူရတဲ့ ဆေး နဲ့ OTC ဆေးဝါးတွေရဲ့ ဆေးညွှန်းတွေကြားက ကွာခြားချက်

    ဆေးညွှန်းကတော့ OTC မှာရော ဆေးစာနဲ့ ဝယ်ယူရတဲ့ prescription drug တွေမှာပါ လိုအပ်မှာပါ။ အဓိက ကွာခြားချက်ကတော့ ဆေးစာနဲ့ ဝယ်ယူရတဲ့ prescription drug တွေက Rx symbol တွေ သတိပေးချက်တွေနဲ့ ရှင်းရှင်းလင်းလင်း ဖော်ပြထားတာပါ။

    သတိပေးချက်မှာ အစားအသောက်၊ ဆေးဝါး၊ ပစ္စည်းကိရိယာတွေ နဲ့ အလှကုန် အက်ဥပဒေ တားမြစ်ချက်တွေ ဆေးစာမပါဘဲ အသုံးမပြုရဘူးဆိုတဲ့ သတိပေးတားမြစ်ချက်တွေ ပါဝင်နေပါတယ်။ ဒီသတိပေးချက်တွေက ဆေးဘူး၊ ဆေးကတ် နဲ့ ဆေးရဲ့ အဓိက အညွှန်းတွေမှာ ပါဝင်မှာ ဖြစ်ပါတယ်။

    ကဲ ….. ဆေးဘူးမှာပါတဲ့ ဆေးညွှန်းတွေကို ဘယ်လို မှန်မှန် ဖတ်ကြမလဲ ဆိုတာ သိလောက်ပြီ ထင်ပါတယ်။

    သတင်းစကား

    ဆေးအညွှန်းတွေက ဆေးနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ အချက်တွေကို ရေးသားဖော်ပြထားတာပါ။ ဆေးတွေကို အသုံးမပြုခင်မှာ ဆေးညွှန်း၊ ဆေးစာစတာတွေကို သေသေချာချာ စစ်ဆေးဖို့ လိုပါမယ်။
    ဆေးစာတွေကို သေသေချာချာ နားမလည်တာမျိုး ဖြစ်မယ်ဆိုရင် ဆေးဝါးကျွမ်းကျင်ပညာရှင်တွေ၊ ဆရာဝန်တွေနဲ့ တိုင်ပင်ဖို့ လိုပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    ဆက်စပ် အကြောင်းအရာများ


    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement