backup og meta

ဖြည့်စွက်အားဆေးတွေ သောက်မယ်ဆိုရင်


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 04/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဖြည့်စွက်အားဆေးတွေ သောက်မယ်ဆိုရင်

    ခုတလော ကိုဗစ်ကာလဖြစ်တဲ့အတွက် ဖြည့်စွက်အားဆေးတွေကို အရင်ကထက် ပိုပြီးသောက်လာကြ၊ အားကိုးလာကြပါတယ်။ ဒါတွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေ၊ ထည့်သွင်းစဉ်းစားသင့်တဲ့အချက်တွေကို တူတူစဉ်းစားကြည့်ရအောင်။

    ဖြည့်စွက်အားဆေးဆိုတာ

    ဖြည့်စွက်အားဆေးဆိုတာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အဓိကပါဝင်ပါတယ်။ ဒီနှစ်မျိုးက micronutrientsလို့ခေါ်တဲ့ ခန္ဓာကိုယ်မှာ ပမာဏနည်းနည်းပဲ လိုအပ်တဲ့ အာဟာရတွေပါ။ သဘာဝအစားအစာတွေကနေလည်း ရနိုင်သလို ဖြည့်စွက်အားဆေးတွေကလည်း ရနိုင်ပါတယ်။

    ဘယ်အခါမှာ ဖြည့်စွက်အားဆေးတွေ ပေးကြသလဲ။

    ဖြည့်စွက်ဖို့လိုရင် ပေးကြတာပေါ့။ ဥပမာ

  • လူနာက မစားနိုင်တဲ့အခါ
  • အစားအသောက်တွေ ရှောင်တဲ့အခါ
  • အာဟာရတွေကို အူလမ်းကြောင်းက ကောင်းကောင်း မစုပ်ယူနိုင်တဲ့အခါ
  • ရောဂါလက္ခဏာအရ ချို့တဲ့တဲ့လက္ခဏာတွေ ရှိနေတဲ့အခါ
  • သွေးစစ်ကြည့်လို့ သွေးထဲမှာ ရှိသင့်တဲ့ ပမာဏထက် နည်းနေတဲ့အခါ
  • တချို့သောရောဂါတွေကို ကုသတဲ့နေရာမှာ အထောက်အကူပြုနိုင်တဲ့အခါ ပေးတတ်ကြပါတယ်။
  • သာမန်လူတွေ ဖြည့်စွက်အားဆေး သောက်မယ်ဆိုရင်

    သာမန်လူအနေနဲ့ ဖြည့်စွက်အားဆေးသောက်မယ်ဆိုရင် စဉ်းစားသင့်တာက

    • ငါတကယ်လိုလား (လိုလား မလိုလားဆိုတာကို သာမန်လူအနေနဲ့ သိဖို့ခက်ပါတယ်)
    • ဆေးသောက်မှလား၊ သဘာဝအစားအစာတွေကနေ မရနိုင်ဘူးလား
    • ငါ့မှာ ဘာရောဂါအခံတွေ ရှိလဲ
    • ငါဘာဆေးတွေ သောက်နေရလဲ စတဲ့အချက်တွေကို စဉ်းစားပါ။

    ဘာကြောင့်လည်းဆိုတော့ ဖြည့်စွက်အားဆေးတွေကို ဝယ်ယူဖို့ ဆရာဝန်လက်မှတ်မလိုပါဘူး။ လွတ်လွတ်လပ်လပ် ဝယ်လို့ရနေတဲ့အတွက် ကိုယ့်ဟာကိုယ်ဝယ်ပြီး ကိုယ့်ဟာကို သောက်မယ်ဆို ဒါတွေကို အရင်စဉ်းစားပါ။ လူတိုင်းအတွက် အဆင်ပြေချင်မှ ပြေမှာမို့လို့ပါ။

    မလိုဘဲ သောက်တဲ့အခါ ဘာတွေ ဖြစ်လာနိုင်သလဲ။

    ပြည့်နေတဲ့အိုးကို ရေထပ်ဖြည့်နေသလိုပါပဲ။ မလိုဘဲ သောက်တဲ့အခါ

    • ငွေကုန်ကြေးကျတွေ များပါတယ်။ စျေးကွက်ထဲမှာ ဖြည့်စွက်အားဆေးတစ်ဘူးက သောင်းဂဏန်းလောက်ရှိပါတယ်။ ရောဂါရှိလို့ တခြားဆေးတွေပါ သောက်နေရတဲ့သူဆိုရင် ဝန်ပိပါတယ်။ ဒီလောက်ငွေနဲ့ဆို သဘာဝကရတဲ့ အာဟာရတွေကို လုံလုံလောက်လောက် ဝယ်စားနိုင်ပါတယ်။
    • သူသူကိုယ်ကိုယ် လိုအပ်တယ်လို့ ထင်ပြီး ဝယ်သောက်ကြတဲ့အခါ စျေးတွေ တက်လာပါတယ်။ တကယ်ချို့တဲ့လို့ တကယ်သောက်ဖို့ လိုအပ်တဲ့သူတွေပါ အခက်အခဲဖြစ်လာပါတယ်။
    • မလိုဘဲသောက်ရင် ခန္ဓာကိုယ်မှာ ပိုလျှံလာပါတယ်။ ပိုလျှံလာတာကို ခန္ဓာကိုယ်က ဆီးတွေ၊ ဝမ်းတွေကတဆင့် ဒီတိုင်း စွန့်ထုတ်ပေးရပါတယ်။ အပြင်က စျေးကြီးပေးပြီး သောက်နေပေမယ့် ခန္ဓာကိုယ်မှာ မလိုအပ်တဲ့အခါ ရှူးရှူးပေါက်တော့ ဒီတိုင်းပါသွားတာပေါ့။ တစ်ခါတလေဆို ကိုယ်ထဲမှာ အဆိပ်သင့်တာတွေ ဖြစ်တတ်ပါတယ်။
    • ခန္ဓာကိုယ်က အသာတကြည်စွန့်ထုတ်ပေးရင် တော်ပါသေးတယ်။ တချို့ ဗီတာမင် (အထူးသဖြင့် အေ၊ ဒီ၊ အီး၊ ကေ)တွေက အဆီမှာ ပျော်တဲ့ဗီတာမင်တွေ ဖြစ်တဲ့အတွက် ဆီးကနေ စွန့်ထုတ်ဖို့ခက်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ အောင်းနေပြီး ကိုယ်တွင်းအင်္ဂါတွေကို ဒုက္ခပေးတတ်ပါတယ်။
    • တချို့သော ဗီတာမင်တွေက ရောဂါအခံရှိရင် မတည့်ပါဘူး။ ဥပမာ ပြောရရင် ဗီတာမင် စီက စွဲသောက်ရင် ဆီးကျောက်အမျိုးအစားတစ်ခုကို ပိုဖြစ်စေတတ်ပါတယ်။
    • တချို့ကျတော့လည်း ကိုယ်သောက်လက်စ ဆေးတွေနဲ့ ဓာတ်ပြုပါတယ်။ ဥပမာ ဗီတာမင် ကေက သွေးကျဲဆေး ဝါဖရင် (warfarin)ရဲ့ အာနိသင်ကို လျှော့စေပါတယ်။ ဒီဆေးက သွေးပျစ်ပြီး လေဖြတ်မှာစိုးလို့ ပေးထားတာပါ။ အာနိသင်လျှော့သွားရင် ဒုက္ခများပါတယ်။

    ကိုဗစ်နဲ့ ဖြည့်စွက်အားဆေးများ

    ကိုဗစ်ကာလမှာ ဖြည့်စွက်အားဆေးတွေကို အမျိုးအစား အဖုံဖုံသောက်လာကြတာကို တွေ့ရပါတယ်။ ကိုယ့်အနေအထားနဲ့ လိုအပ်လို့၊ ချို့တဲ့လို့ သောက်တာက ပြဿနာ မရှိပေမယ့် ခုနကပြောတဲ့အချက်တွေကို ထည့်သွင်းစဉ်းစားစေချင်ပါတယ်။

    ဥပမာ  ခုခံအားတက်အောင် ဗီတာမင် စီသောက်ကြတယ်။ သင့်တင့်တဲ့ ပမာဏဆို သောက်လို့ရပါတယ်။ မဖြစ်မနေတော့ မဟုတ်ပါဘူး။ ဘာကြောင့်လည်း ဆိုတော့ ကိုဗစ်ကို ဗီတာမင်စီသောက်ပြီး မကာကွယ်နိုင်ပါဘူး။ ဆေးရုံမှာ ကိုဗစ်လူနာတွေကို ပေးတယ်ဆိုတာက ရောဂါဝင်လာလို့ ခုခံအား ကျနေမှာစိုးလို့ ပေးတာပါ။လက္ခဏာတွေ မြန်မြန်သက်သာပြီး မြန်မြန်နာလန်ထူအောင် ထောက်ပံ့ပေးတဲ့သဘောပါ။

    စားနိုင်သောက်နိုင်ရင်တော့ အစားအသောက်က ယူတာ အန္တရာယ်အကင်းဆုံးပါ။ ကိုယ်က လူကြားထဲလည်း သွားနေရတယ်။ အစားအသောက်လည်း သေချာ မစားနိုင်ဘူးဆိုရင်တော့ ဆေးသောက်ချင်သောက်လို့ရပါတယ်။ ခုနကပြောသလို သင့်တင့်တဲ့ ပမာဏ (ဗီတာမင်စီဆို တစ်နေ့ ၁၀၀၀မီလီဂရမ်ထက် မပိုဘဲ)နဲ့ ရေရှည်မဟုတ်ဘူးဆိုရင် ပြီးတာပါပဲ။

    ဗီတာမင် ဒီလည်း ဒီလိုပါပဲ။ မြန်မာနိုင်ငံမှာဆိုရင်တော့ နေရောင်ခြည်ကနေ ဖောဖောသီသီရနေတော့ သာာမန်ဆို သိပ်မလိုပါဘူး။ သောက်မယ်ဆိုရင်တောင် သွေးစစ်ပြီး လိုမှ သောက်စေချင်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ သူက အဆီမှာပျော်တဲ့ ဗီတာမင်ပါ။ ပိုရင် ကိုယ်ထဲမှာ စုနေမှာပါ။ ဖြစ်သင့်တာက သွေးစစ်၊ လိုရင်သောက်၊ လုံလောက်တဲ့ ပမာဏ ရောက်ရင်ရပ် ဒီလိုဆို အန္တရာယ် ကင်းပါတယ်။

    ပြန်ခြုံပြီး ပြောရရင် ဖြည့်စွက်အားဆေးတွေက ကိုဗစ်ကာကွယ်ရေးမှာ ဇာတ်ဆောင်နေရာက မဟုတ်ပါဘူး။ ဇာတ်ပို့နေရာပါ။ မဖြစ်မနေသောက်ဖို့လိုတာတွေ မဟုတ်ပါဘူး။ အာဟာရပြည့်အောင် စားရုံနဲ့တင် လုံလောက်ပါတယ်။ သောက်ချင်သပဆိုရင်လည်း ပမာဏ မလွန်ဖို့၊ ရေရှည်မသောက်ဖို့ လိုပါတယ်။  ရောဂါအခံတွေ၊ သောက်လက်စဆေးတွေ ရှိရင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။ အဆီမှာ ပျော်တဲ့ ဗီတာမင်တွေ သောက်မယ်ဆိုရင် ကိုယ်ထဲမှာ ချို့တဲ့နေသလား အရင် စစ်ဆေးပြီး လိုမှသောက်ပါ။

    ကိုဗစ်ကာကွယ်ရေးမှာ ဇာတ်ဆောင်နေရာက ဖြစ်တဲ့ လက်ဆေးတာ၊ နှာခေါင်းစည်းတပ်တာ၊ အိမ်မှာနေတာ၊ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေတာတွေကို အဓိက လိုက်နာပေးကြပါ။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 04/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement