backup og meta

၆ မျိုးစပ်ကာကွယ်ဆေး နဲ့ပတ်သက်ပြီး သိသင့်သမျှ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ၆ မျိုးစပ်ကာကွယ်ဆေး နဲ့ပတ်သက်ပြီး သိသင့်သမျှ

    ၅ မျိုးစပ်ကာကွယ်ဆေးက ရင်းနှီးပြီးသားဖြစ်ပေမယ့် ၆ မျိုးစပ်ကာကွယ်ဆေး ကို သိပ်မသိသေးတာမျိုး ဖြစ်နိုင်ပါတယ်။  ၆ မျိုးစပ် ကာကွယ်ဆေးကလည်း အခြားသော ကာကွယ်ဆေးတွေလိုပဲ ကလေးတွေကို ကြောက်စရာကောင်းတဲ့ ရောဂါဆိုးတွေကနေ ကာကွယ်ပေးတဲ့အရာပါ။

    ၆ မျိုးစပ်ကာကွယ်ဆေး ဆိုတာ

    ၆ မျိုးစပ်ကာကွယ်ဆေးဆိုတာ ဘေဘီလေးတွေကို ပြင်းထန်တဲ့ရောဂါ ၆ မျိုးကနေ ကာကွယ်ပေးမယ့် ကာကွယ်ဆေးတစ်မျိုးပါ။ ၆ မျိုးစပ်ကာကွယ်ဆေးကိုDTaP/IPV(polio)/Hib/Hep B ကာကွယ်ဆေး (သို့မဟုတ်) hexavalent ကာကွယ်ဆေးလို့ သိကြပါတယ်။

    ၆ မျိုးစပ်ကာကွယ်ဆေးက ဘေဘီလေးကို

    ဘယ်အရွယ်မှာ ၆ မျိုးစပ်ကာကွယ်ဆေး ထိုးပေးလို့ရလဲ။

    ဘယ်အရွယ်မှာ ၆ မျိုးစပ်ကာကွယ်ဆေး ထိုးပေးလို့ရလဲ။

    ဘေဘီလေးက ၂ လမှာ ပထမအကြိမ်၊ ၄လမှာ ဒုတိယအကြိမ်၊ ၆လမှာ တတိယအကြိမ် ထိုးပေးရပါမယ်။ ကလေးအနေနဲ့ ရောဂါတွေကို အထိရောက်ဆုံး ကာကွယ်နိုင်တဲ့အထိ ကိုယ်ခံအား ကောင်းကောင်းရနိုင်စေဖို့ ကာကွယ်ဆေးကို ၃ ကြိမ် ထိုးဖို့ လိုပါမယ်။ ကာကွယ်ဆေး တစ်ကြိမ် ထိုးပြီးတိုင်းမှာ ကလေးရဲ့ ကိုယ်ခံအားက ပိုပိုသန်မာလာမှာပါ။

    ထပ်ဆောင်းကာကွယ်ဆေးအနေနဲ့ ကလေးနဲ့ ၄နှစ်နဲ့ ၆နှစ်အတွင်းမှာ တစ်ကြိမ် ထပ်ထိုးရပါတယ်။

    ၆ မျိုးစပ်ကာကွယ်ဆေး ကို ဘယ်နေရာမှာ ထိုးရတာလဲ။

    ၆ မျိုးစပ် ကာကွယ်ဆေးကို ဘေဘီလေးရဲ့ ပေါင်မှာ ထိုးနှံရမှာ ဖြစ်ပါတယ်။

    ၆ မျိုးစပ်ကာကွယ်ဆေးက သားသားမီးမီးတို့ကို ဘယ်လို ကာကွယ်ပေးလဲ။

    ၆ မျိုးစပ်ကာကွယ်ဆေးက ကာကွယ်မှု ထိရောက်ပါတယ်။ ဆုံဆို့နာ၊ မေးခိုင်၊ ကြက်ညှာချောင်းဆိုး၊ ပိုလီယို၊ ပြင်းထန်ဦးနှောက်ရောင်ရောဂါ၊ အသည်းရောင် အသားဝါ ဘီ စတဲ့ရောဂါကို ခုခံနိုင်စေဖို့ ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးပါတယ်။

    ၆ မျိုးစပ်ကာကွယ်ဆေးက ဘေးထွက်ဆိုးကျိုး ရှိလား။

    ၆ မျိုးစပ်ကာကွယ်ဆေးတွေကလည်း အခြားကာကွယ်ဆေးတွေလိုပဲ သိပ်မပြင်းထန်တဲ့ လက္ခဏာလေးတွေ ခံစားရနိုင်ပါတယ်။ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေကို ခံစားရနိုင်တယ်ဆိုတာက အတော်လေး ဖြစ်ခဲပါတယ်။

    ကာကွယ်ဆေးထိုးပြီးတဲ့အခါ

    • ဆေးထိုးထားတဲ့နေရာက ရောင်တာ။ နီတာတွေ ခံစားရနိုင်ပါတယ်။
    • ဆေးထိုးတဲ့နေရာမှာ အသားမာတက်သလို အဖုလေးဖြစ်တာ (ဒါကလည်း သိပ်မကြာခင်မှာ ပျောက်သွားနိုင်ပါတယ်)
    • ကိုယ်ပူတာ၊ မအီမသာဖြစ်တာမျိုးလည်း ခံစားရနိုင်ပါတယ်။
    • အစားစားချင်စိတ် မရှိတာမျိုး ဖြစ်နိုင်ပါတယ်။
    • ကလေးက ဝမ်းနည်းနည်းသွားတာ၊ အန်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ (သိပ်မပြင်းထန်ပါဘူး)
    • ဆေးဓာတ်မတည့်တာ၊ ပြင်းထန်တဲ့လက္ခဏာတွေကတော့ ဖြစ်ခဲပါတယ်။

    ဒီလက္ခဏာတွေ သက်သာစေဖို့ ကလေးကို ကိုယ်အလေးချိန်အလိုက် ပါရာစီတမော (လိုအပ်မှ) တိုက်ပေးလို့ရပါတယ်။ ချည်သားပွပွချောင်ချောင်လေးတွေဝတ်ပေးတာမျိုး၊ သက်သောင့်သက်သာဖြစ်အောင် ထားပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။

    ၆ မျိုးစပ်ကာကွယ်ဆေးက ကာကွယ်ပေးထားတဲ့ ရောဂါတွေက ဘယ်လောက်ထိ ပြင်းထန်လဲ။

    ဆုံဆို့နာ

    ဆုံဆို့နာဆိုတာက Corynebacterium diphtheriae ဘက်တီးရီးယားကြောင့် လည်ချောင်းနဲ့ အဆုတ်ကို ထိခိုက်စေနိုင်တဲ့ ပြင်းထန်တဲ့ ကူးစက်ရောဂါ တစ်မျိုးပါ။ ဒီ ဘက်တီးရီးယားက အဆိပ်တစ်မျိုးကို ထုတ်လုပ်ပြီး နှလုံးနဲ့ အာရုံကြောက တစ်ရှူးတွေကို ထိခိုက်စေနိုင်ပါတယ်။ လေပြွန်အဝအဆုံမှာ အမြှေးပါးတွေနဲ့ ပိတ်စေတဲ့အတွက် အသက်ရှူမရဘဲ အသက်ဆုံးရှုံးတတ်ပါတယ်။

    မေးခိုင်

    မေးခိုင်ရောဂါဆိုတာ Clostridium tetani ဘက်တီးရီးယားကြောင့် ဖြစ်တတ်ပါတယ်။ ပြင်းထန်တဲ့ ဖျားနာမှုကို ဖြစ်စေပြီး ကြွက်သားတွေနဲ့ အာရုံကြောစနစ်ကို ထိခိုက်စေပါတယ်။ အပြင်းထန်ဆုံးအနေနဲ့ အသက်ရှူကြွက်သား အလုပ်မလုပ်တာကြောင့် အသက်ဆုံးရှုံးစေနိုင်ပါတယ်။

    ကြက်ညှာချောင်းဆိုး (pertussis)

    ကြက်ညှာချောင်းဆိုးရောဂါဆိုတာ Bordetella pertussis ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ကူးစက်မြန်ရောဂါ တစ်မျိုးပါ။ ချောင်းဆိုးတာကနေတဆင့် လူတစ်ဦးကနေ တစ်ဦးကို ကူးစက်ပါတယ်။ နာတာရှည်ချောင်းဆိုးတာကို ဖြစ်စေနိုင်သလို နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ အနေနဲ့ ပန်းနာရင်ကျပ်၊ ဦးနှောက်ပျက်စီးတာကို ဖြစ်စေနိုင်သလို သေဆုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။

    ပိုလီယို

    ပိုလီယိုရောဂါက ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပြင်းထန်တဲ့ရောဂါတစ်မျိုးပါ။ အူလမ်းကြောင်းထဲကို ဝင်ရောက်ကူးစက်ပြီး အူလမ်းကြောင်းကနေတဆင့် အာရုံကြောစနစ်ကို ရောက်ရှိလို့ အာရုံကြောတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ကြွက်သားတွေကို ထိခိုက်စေပြီး လက်မောင်း၊ ခြေထောက်စတဲ့ကြွက်သားတွေကို အကြောသေစေပါတယ်။ တစ်ခါတလေမှာ အသက်ရှူရခက်စေပြီး သေဆုံးသည်အထိ ပြင်းထန်ပါတယ်။

    Haemophilus influenza

    ဒီရောဂါက Haemophilus influenza type b (Hib) ဘက်တီးရီးယားကြောင့် ဖြစ်ရတာပါ။ အဆုတ်ရောင်ရောဂါကို ဖြစ်စေပြီး နောက်ဆက်တွဲ အနေနဲ့ ပြင်းထန်ဦးနှောက်ရောင်ရောဂါ ဖြစ်စေနိုင်ပါတယ်။

    အသည်းရောင်အသားဝါ ဘီ

    အသည်းရောင်အသားဝါ ဘီ ဗိုင်းရပ်စ်က အသည်းကို ထိခိုက်စေနိုင်ပါတယ်။ သွေး ဒါမှမဟုတ် ခန္ဓာကိုယ်အရည်တွေကနေတဆင့် ကူးစက်နိုင်ပါတယ်။ ပြင်းထန်တဲ့ အသည်းပျက်စီးမှုကို ဖြစ်စေနိုင်ပါတယ်။

    ဒီရောဂါတွေမှာ တချို့က ဖြစ်လာရင် ကုသဖို့ ဆေးဝါးမရှိပါဘူး။ အသိနောက်ကျရင် အသက်ဆုံးရှုံးနိုင်ခြေ များတဲ့အတွက်  ကာကွယ်ဆေးထိုးထားခြင်းကသာ ကလေးကို ဒီရောဂါဆိုးတွေကနေ ကာကွယ်ပေးနိုင်မှာပါ။ ဒါကြောင့် ဘေဘီလေးကို ကြောက်စရာ ရောဂါဆိုးတွေ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ဖို့ ၆ မျိုးစပ်ကာကွယ်ဆေး ထိုးပေးဖို့ အကြံပြုလိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement