backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Diamicron (ဒိုင်ရာမိုင်ခရွန်)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Sandar Lin မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Diamicron (ဒိုင်ရာမိုင်ခရွန်)

Diamicron (ဒိုင်ရာမိုင်ခရွန်) ဆိုတာ Brand နာမည်ဖြစ်ပြီး ပါဝင်တဲ့ ဆေးကတော့ Gliclazide ဖြစ်ပါတယ်။ Gliclazideက ဆီးချိုဆေးဖြစ်ပြီး အင်ဆူလင်ကို ထွက်စေသလို ခန္ဓာကိုယ်က အင်ဆူလင်ကို တုံ့ပြန်တာကိုလည်း ကောင်းစေပါတယ်။

အသုံးပြုပုံများ

Diamicron(ဒိုင်ရာမိုင်ခရွန်) ကို ဘာအတွက် အသုံးပြုကြသလဲ

Diamicron ကို အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါလူနာတွေမှာ သွေးတွင်း သကြားဓာတ် ထိန်းညှိဖို့အတွက် အသုံးပြုပါတယ်။ အစားအသောက်ပုံစံပြောင်းတာ၊ လေ့ကျင့်ခန်းလုပ်တာတွေလုပ်ရုံနဲ့ သွေးတွင်းသကြားဓာတ်ကို ကောင်းကောင်းမထိန်းညှိနိုင်တဲ့အချိန်မှာ အသုံးပြုပါတယ်။

Diamicron (ဒိုင်ရာမိုင်ခရွန်) ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးသောက်နည်း အသေးစိတ်ကို ဆေးညွှန်းမှာ သေချာဖတ်ပါ။ ရက်လွန်မလွန် စစ်ဆေးပါ။

Gliclazide ကို အစာနဲ့တွဲပြီး သောက်သင့်ပါတယ်။ ဆေးပြားကို အမှုန့်ကြိတ်ခြင်း၊ ဝါးစားခြင်း၊ ရေနဲ့ ဖျော်ခြင်းမပြုဘဲ ရေနဲ့ တစ်ခါတည်းသောက်ချပါ။

Diamicron(ဒိုင်ရာမိုင်ခရွန်) ဘယ်လိုသိမ်းဆည်းရမလဲ

Diamicronကို အခန်းအပူချိန်မှာ သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Diamicron(ဒိုင်ရာမိုင်ခရွန်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Diamicron မသောက်သုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်။
  • Diet လုပ်နေတာ ဒါမှမဟုတ် လေ့ကျင့်ခန်းတစ်ခုခုလုပ်နေတာ (ဥပမာ အချိန်ပိုင်း အစာအငတ်ခံတာ၊ ကာဘိုဟိုက်ဒရိတ် လျှော့စားနေတာ)
  • တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
  • ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်
  • တခြားရောဂါအခံတွေ ရှိနေရင်

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Diamicron(ဒိုင်ရာမိုင်ခရွန်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

  • ကိုယ်ဝန်ဆောင်ချိန်

ဒီဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နဲ့ ကလေးနို့တိုက်နေချိန်မှာ အသုံးပြုရင် စိတ်ချရမှုရှိမရှိအတွက် လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်များ မရှိသေးပါ။ များသောအားဖြင့်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ အသုံးမပြုသင့်ကြောင်း တားမြစ်ထားပါတယ်။ ဆေးမသောက်ခင်မှာ ဖြစ်လာနိုင်တဲ့ ကောင်းကျိုးဆိုးကျိုးတွေကို ဆရာဝန်နဲ့ အမြဲတိုင်ပင်ပါ။

  • ကလေးနို့တိုက်ချိန်

မိခင်နို့ရည်ထဲမှာ ဆေးပျော်ဝင်မှုရှိမရှိဆိုတာကို ထုတ်ပြန်ထားခြင်းမရှိပါ။ ဒါပေမယ့် ကလေးနို့တိုက်နေစဉ်မှာ Diamicron ကို သောက်သုံးရင် ကလေးကိုထိခိုက်နိုင်ပါတယ်။ ဒါကြောင့် Gliclazideကို နို့တိုက်မိခင်များ သောက်သုံးရန် မသင့်ပါ။

ဘေးထွက်ဆိုးကျိုးများ

Diamicron (ဒိုင်ရာမိုင်ခရွန်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • ဓာတ်မတည့်ခြင်း
  • အရေပြားမှာ အနီကွက်များထွက်ခြင်း
  • ပျို့အန်ခြင်း
  • ဝမ်းလျှောခြင်း
  • အစာအိမ်နဲ့ အူလမ်းကြောင်း ပြဿနာများ ခံစားရခြင်း
  • သွေးတွင်းသကြားဓာတ်ကျခြင်း
  • ချွေးစေးထွက်ခြင်း
  • ရင်တုန်ခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • အမြင်အာရုံထိခိုက်ခြင်း
  • ကိုယ်အလေးချိန်တက်လာခြင်း

ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Diamicron (ဒိုင်ရာမိုင်ခရွန်) နဲ့ ဓါတ်ပြုနိုင်သလဲ

Diamicronက လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

ဓာတ်ပြုနိုင်တဲ့ ဆေးဝါးများ

  • St. John’s wort
  • Miconazole (မှိုသတ်ဆေး)
  • Phenylbutazone
  • Fluoroquinolones (ပိုးသတ်ဆေး)
  • MAOIs
  • H2-receptor blockers
  • NSAIDs (အကိုက်အခဲပျောက်ဆေး)
  • Beta-2 agonists
  • Glucocorticoids
  • Other sulfonylureas or sulfonamides
  • အခြားဆီးချိုဆေးများ
  • Warfarin

ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ ချက်ချင်းတိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။

အစားအသောက်တွေနဲ့ အရက်က Diamicron(ဒိုင်ရာမိုင်ခရွန်) နဲ့ ဓာတ်ပြုနိုင်သလား

Diamicronက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒီဆေးကို အစာနဲ့ တွဲပြီးသောက်သင့်ပါတယ်။ အရက်က သွေးတွင်းသကြားဓာတ်ကို ထိန်းရခက်စေတဲ့အတွက် ရှောင်သင့်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Diamicron (ဒိုင်ရာမိုင်ခရွန်) နဲ့ ဓာတ်ပြုနိုင်သလဲ

Diamicronက သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်

  • အမျိုးအစား ၁ ဆီးချိုရောဂါ
  • ဆီးချိုကြောင့် သတိလစ်တာ ဒါမှမဟုတ် ကီတုန်းအက်စစ်ဓာတ်များနေတာ
  • လက်တို့စ်မခံနိုင်တာ
  • အာဟာရချို့တဲ့တာ
  • သိုင်းရွိုက်ပြဿနာ
  • G6PD ချို့တဲ့တာ
  • သွေးတွင်းသကြားဓာတ်နည်းတာ
  • အသည်းက ပြင်းပြင်းထန်ထန် ပျက်စီးနေတာ
  • ကျောက်ကပ်က ပြင်းပြင်းထန်ထန် ပျက်စီးနေတာ
  • ပိုးဝင်ကူးစက်မှုရှိတာ စတာတွေပဲ ဖြစ်ပါတယ်။

သောက်သုံးရန်အညွှန်း

အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အရွယ်ရောက်ပြီးသူများ အသုံးပြုရမယ့်ပမာဏ

စစချင်းမှာတော့ တစ်နေ့ တစ်ပြားသောက်ရပါတယ်။ ၁၄ရက်လောက် ကြာရင်တော့ အခြေအနေပေါ် မူတည်ပြီး လိုအပ်ရင် ဆေးတိုးရနိုင်ပါတယ်။  တစ်ရက်ကို ၁ပြားကနေ ၄ပြားထိ သောက်ရနိုင်ပါတယ်။ များသောအားဖြင့် တစ်ရက်ကို ၂ပြားသောက်ရလေ့ရှိပါတယ်။

သက်ကြီးလူနာ (>၆၅နှစ်)တွေမှာတော့ စစချင်းမှာ ဆေးပြားတစ်ဝက် စတိုက်ပြီး ၁၄ရက်ကြာတဲ့အခါ လိုသလို ပြန်ညှိပေးရပါတယ်။

ကလေးများ အသုံးပြုရမယ့်ပမာဏ

ကလေးလူနာတွေအတွက် သောက်သုံးရမယ့် အချိုးအစားကို သတ်မှတ်ထားခြင်း မရှိပါ။ Diamicronက ကလေးတွေမှာ သောက်ဖို့ စိတ်မချရပါ။ သင့်ရဲ့ကလေးအတွက် အန္တရာယ် ရှိနိုင်ပါတယ်။ မသုံးစွဲခင်မှာ ဆေးရဲ့ ယုံကြည်စိတ်ချရမှုကို ကောင်းကောင်းနားလည်ထားဖို့အရေးကြီးပါတယ်။ ဆက်လက်သိရှိလိုတဲ့ အကြောင်းအရာတွေကို သင့်ရဲ့ ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

Diamicron(ဒိုင်ရာမိုင်ခရွန်)ကို ဘယ်လိုရရှိနိုင်သလဲ

Diamicronကို အောက်ဖော်ပြပါ ဆေးဝါးပုံစံ အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • ဆေးပြားပုံစံ ၃၀ မီလီဂရမ် (Modified-release: MR)
  • ဆေးပြားပုံစံ ၆၀ မီလီဂရမ် (Modified-release: MR)
  • ဆေးပြားပုံစံ ၈၀ မီလီဂရမ်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Diamicronကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်သောက်ရမယ့်အချိန်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သောက်ပါ။ ဆေးနှစ်ခါ သောက်တာမျိုး မလုပ်ပါနဲ့။

 

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Sandar Lin မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement