backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

2

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Cetirizine (စီထရစ်ဇင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 20/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Cetirizine (စီထရစ်ဇင်း)

Cetirizine ဆိုတာ  Antihistamine ဓာတ်မတည့်မှုဖြစ်ရင် သောက်တဲ့ဆေးတစ်မျိုးပါ။ Cetirizine (စီထရစ်ဇင်း) က ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်အမျိုးမျိုး အထူးသဖြင့် ပင်မအာရုံကြောစနစ်၊ အဆုတ်တွေ၊ သွေးဖြူဥဆဲလ်တွေထဲမှာ ရှိတဲ့  histamine H1-receptors နဲ့ သွားပေါင်းလိုက်ပါတယ်။ ဒီ H1-receptors တွေနဲ့ ပေါင်းပြီး Histamine မထွက်အောင် တားဆီးလိုက်တာက ဓာတ်မတည့်မှု လက္ခဏာတွေဖြစ်ကြတဲ့ နှာချေတာ၊ ယားယံတာ၊ နီမြန်းတာ၊ ရောင်ရမ်းတာတွေ နဲ့ နှာရည်ကျတာတွေကို သက်သာစေနိုင်ပါတယ်။

Cetirizine (စီထရစ်ဇင်း)က ဓာတ်မတည့်မှုသက်သာစေတဲ့ second-generation ဆေးဝါးဖြစ်ပြီး first-generation ဆေးတွေနဲ့ ယှဉ်ရင် ငိုက်မျဉ်းတာမျိုး အဖြစ်နည်းပါတယ်။ ဓာတ်မတည့်မှု သက်သာစေတဲ့ first-generation ဆေးဝါးဖြစ်တဲ့ (ဥပမာ – diphenhydramine) လိုမျိုး ဆေးတွေက အိပ်ငိုက်စေပါတယ်။

အသုံးပြုပုံများ

Cetirizine (စီထရစ်ဇင်း)ကို ဘာအတွက်အသုံးပြုကြသလဲ

Cetirizine (စီထရစ်ဇင်း)ကို ဒီလက္ခဏာတွေ သက်သာစေဖို့ အသုံးပြုကြပါတယ်။

  • ရာသီကြောင့်ဖြစ်တဲ့ ဓာတ်မတည့် နှာစေးခြင်း
  • ဝတ်မှုန်ကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု
  •  Vasomotor rhinitis နှာချေတာ
  • ဓာတ်မတည့်မှုကြောင့် မျက်စိနာတာ
  • ဓာတ်မတည့်မှု လက္ခဏာတွေကို သက်သာစေဖို့ အသုံးပြုကြပါတယ်။

Cetirizine (စီထရစ်ဇင်း)ကို ဘယ်လိုသောက်သုံးသင့်ပါသလဲ

ဆေးလုံးအနေနဲ့ သောက်သုံးမယ်ဆိုရင် ဆေးတစ်လုံးလုံးကို မျိုချပါ။ ဝါးစားရတဲ့ ဆေးပြား မဟုတ်ဘူးဆိုရင် ဝါးမစားပါနဲ့၊ မချိုးပါနဲ့။  အစာနဲ့တွဲသောက်လို့ ရသလို တွဲမသောက်ရင်လည်း ရပါတယ်။

ကားမောင်းတာ၊ စက်မောင်းတာတွေ လုပ်မယ်ဆိုရင်  ငိုက်မျဉ်းတာမျိုး မဖြစ်ဖို့ လိုတာကြောင့် ဒါတွေလုပ်ရမယ်ဆို Cetirizine (စီထရစ်ဇင်း)ကို မသောက်ပါနဲ့။

Cetirizine (စီထရစ်ဇင်း)ကို ဘယ်လိုသိုလှောင်သိမ်းဆည်းထားသင့်ပါသလဲ။

Cetirizineကို အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်အသိပေးချက်နှင့် သတိပြုရန်အချက်များ

Cetirizine (စီထရစ်ဇင်း)ကို မသောက်သုံးခင်မှာ ဘယ်အချက်တွေကို သိထားသင့်သလဲ။

Cetirizine (စီထရစ်ဇင်း)ကို မသောက်သုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်
  • တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
  • ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်
  • တခြားရောဂါအခံတွေ ရှိနေရင်

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။

ဒီဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်တွင် သောက်တဲ့အခါ ဆိုးကျိုးများရှိမရှိအတွက် လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိသေးပါ။ ဒါကြောင့် ဆေးမသောက်သုံးမီမှာ ဖြစ်နိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဒီဆေးကို အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် B ရှိသည်ဟု သတ်မှတ်ထားပါတယ်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံးရန် မသင့်ပါ။
  • N=အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Cetirizineက ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်လဲ။

တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • နှလုံးခုန် မမှန်ဖြစ်မယ်
  • အားနည်းမယ်။ တုန်တုန်ယင်ယင်ဖြစ်မယ်
  • အိပ်မရဘူးဖြစ်မယ်။ အိပ်မပျော်တာမျိုး ဖြစ်မယ်
  • အိပ်ငိုက်မယ်
  • အာရုံတွေ ရှုပ်ထွေးမယ်
  • အမြင်အာရုံတွေ ဝေဝါးမယ်
  • ဆီးသွားနည်းမယ်
  • မအီမသာဖြစ်မယ်
  • ဝမ်းချုပ်မယ်။ ဝမ်းပျက်မယ်
  • ခံတွင်းခြောက်မယ်
  • ခေါင်းကိုက်မယ် စတာတွေ ခံစားရနိုင်ပါတယ်။

ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဆေးဝါးဓာတ်ပြုမှုများ

ဘယ်ဆေးဝါးတွေက Cetirizineနဲ့ ဓာတ်ပြုမှုတွေ ဖြစ်နိုင်သလဲ။

Cetirizineက လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဖက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

ဓာတ်ပြုနိုင်တဲ့ ဆေးဝါးများ

  • အခြားဓာတ်မတည့်မှု သောက်ဆေး
  • အိပ်စက်မှုဆိုင်ရာ ကျန်းမာရေးပြဿနာတွေအတွက် သောက်ဆေး (ဥပမာ –  benzodiazepines)

ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ ပြန်တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။

အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက Cetirizine (စီထရစ်ဇင်း) နဲ့ ဓာတ်ပြုနိုင်ပါသလား။

ဒီဆေးက အစားအစာတွေ ဒါမှမဟုတ် အယ်လ်ကိုဟောနဲ့ ဓာတ်ပြုနိုင်ပါတယ်။ ဒီလို ဓာတ်ပြုတာက ဆေးရဲ့ ဓာတ်ပြုမှု အာနိသင်နဲ့ ထိရောက်မှုကို ပြောင်းလဲစေနိုင်ပြီး ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီဆေးအပါအဝင် တခြား Antihistamineဆေးတွေကို အရက်နဲ့ တွဲသောက်တာမျိုး မလုပ်သင့်ပါဘူး။ နှစ်မျိုးပေါင်းလိုက်တဲ့အခါ မူးဝေတာမျိုး ဖြစ်စေနိုင်ပါတယ်။ အစာစားပြီးမှ သောက်မယ်ဆိုရင်လည်း ဆေးစုပ်ယူတာနဲ့ ဆေးအာနိသင်ကို ကျဆင်းစေနိုင်ပါတယ်။ ဆေးမသောက်မီမှာ ဖြစ်နိုင်ခြေရှိတဲ့ အစားအစာ၊ အယ်လ်ကိုဟောတို့နဲ့ ဓာတ်ပြုနိုင်ခြေကို ဆရာဝန် ဒါမှမဟုတ် ကျွမ်းကျင်သူတွေနဲ့ အရင်တိုင်ပင်ပါ။

ဘယ်လိုကျန်းမာရေးအခြေအနေတွေက Cetirizine (စီထရစ်ဇင်း) နဲ့ ဓာတ်ပြုမှုတွေရှိမလဲ။

Cetirizine က သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့်

  • ကျောက်ကပ်မကောင်းရင်ပါ။

သောက်သုံးရန်အညွှန်း

အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အရွယ်ရောက်ပြီးများအတွက် ဆေးပမာဏ

တစ်နေ့ကို တစ်ကြိမ် 10 mg သောက်ပေးလို့ ရပါတယ်။

ကျောက်ကပ်မကောင်းသူတွေအတွက်တော့ creatinine clearance (CrCL in mL/min) အပေါ်မူတည်ပြီး

  • creatinine clearance (CrCL in mL/min) က 50 ကနေ 79 ဆိုရင် သာမန်လူကြီးတစ်ယောက်သောက်လို့ရတဲ့ ပမာဏအတိုင်း 10 mg ပါ။
  • creatinine clearance (CrCL in mL/min) က 30 ကနေ 49 ဆိုရင် တစ်နေ့ကို တစ်ကြိမ် 5 mg ပါ။
  • creatinine clearance (CrCL in mL/min) က30 အောက်ဆိုရင် တစ်ရက်ခြားစီ 5 mg သောက်ပါ။
  • creatinine clearance (CrCL in mL/min) က 10 အောက်ဆိုရင် လုံးဝ မသောက်သင့်ပါဘူး။

ကလေးများအတွက် ဆေးပမာဏ

  • အသက် ၂ နှစ် ကနေ ၆ နှစ်ဆိုရင် တစ်နေ့ကို 2.5 mg ၂ ကြိမ်
  • အသက် ၆ နှစ် ကနေ ၁၂ နှစ် ဆိုရင်  တစ်နေ့ကို  5 mg ၂ ကြိမ်
  • အသက် ၁၂ နှစ် အထက်ဆိုရင် လူကြီးတွေ ဆေးညွှန်းအတိုင်း တစ်နေ့ကို 10 mg ၁ ကြိမ်ပါ။

Cetirizineကို ဘယ်လိုပုံစံမျိုး၊ အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။

Cetirizine (စီထရစ်ဇင်း)ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနဲ့ အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • သောက်ဆေးပြား : 10mg.
  • ဝါးစားလို့ရတဲ့ ဆေးပြား : 5 mg နဲ့ 10 mg
  • သောက်ဆေးရည်: 1mg/ml အနေနဲ့ ရရှိနိုင်ပါတယ်။

အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

ဆေးသောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်သောက်ရမယ့်အချိန်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သောက်ပါ။ ဆေးနှစ်ခါ သောက်တာမျိုး မလုပ်ပါနဲ့။

ရေးသားသူ- Dr Phyu Mon Latt

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 20/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement