backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Amlodipine (အမ်လိုဒပင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 02/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Amlodipine (အမ်လိုဒပင်း)

Amlodipine ဆိုတာ calcium channel blockers လို့ခေါ်တဲ့ ဆေးအမျိုးအစားထဲမှာ ပါပါတယ်။ သွေးကြောတွေကို ပြေလျော့စေပြီး သွေးလည်ပတ်မှုကို ပိုကောင်းစေပါတယ်။

အသုံးပြုပုံများ

Amlodipine ကို ဘယ်လိုအခြေအနေတွေမှာ အသုံးပြုကြပါသလဲ။

Amlodipine ကို သွေးပေါင်တက်ခြင်းကို ကုသဖို့ သူ့တစ်မျိုးတည်း ဒါမှမဟုတ် အခြားဆေးတွေနဲ့ ပေါင်းစပ်ပြီး အသုံးပြုကြပါတယ်။ သွေးပေါင်ထိန်းထားတာက လေဖြတ်ခြင်း၊ နှလုံးရောဂါနဲ့ ကျောက်ကပ်ရောဂါ  ကာကွယ်ပေးနိုင်ပါတယ်။

Amlodipine ကို နှလုံးသွေးကြောကျဉ်းတာကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့်ခြင်းတချို့ကို ကာကွယ်ဖို့အတွက်လည်း အသုံးပြုပါတယ်။ ဒီဆေးက ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်နိုင်စွမ်းကို တိုးစေပြီး ခဏခဏ ရင်ဘတ်အောင့်ခြင်းကို လျော့ကျစေပါတယ်။ Amlodipine ကို ရင်ဘတ်အောင့်တဲ့ အရေးပေါ်အချိန်တွေမှာတော့ အသုံးမပြုသင့်ပါဘူး။ အခြားဆေးတွေဖြစ်တဲ့ sublingual nitroglycerin ကို ဆရာဝန်ညွှန်ကြားချက်အတိုင်း ရင်ဘတ်အောင့်ခြင်းကို ကုသဖို့ အသုံးပြုသင့်ပါတယ်။

Amlodipine ကို ဘယ်လိုသောက်သုံးသင့်ပါသလဲ။

Amlodipine ကို သောက်ဆေးအဖြစ် အစာခံပြီး ဒါမှမဟုတ် အစာမပါဘဲ ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးသင့်ပါတယ်။ များသောအားဖြင့် တစ်နေ့တစ်ကြိမ်သောက်ရပါတယ်။

ဆေးပမာဏက သင့်ကျန်းမာရေးအခြေအနေနဲ့ ကုသမှုကို တုံ့ပြန်မှုပေါ်မှာ မူတည်ပါတယ်။ ဆရာဝန်က ဆေးပမာဏကို လိုသလို  တဖြည်းဖြည်း တိုးမြှင့်ပေးမှာ ဖြစ်ပါတယ်။ ဆရာဝန် ညွှန်ကြားချက်ကို သေချာလိုက်နာသင့်ပါတယ်။

Amlodipine ကို ဘယ်လိုသိုလှောင်သိမ်းဆည်းထားသင့်ပါသလဲ။

Amlodipineကို အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့

ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်အသိပေးချက်နှင့် သတိပြုရန်အချက်များ

Amlodipine ကိုမသောက်သုံးခင်မှာ ဘယ်အချက်တွေကို သိထားသင့်သလဲ။

Amlodipine မသောက်သုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်။
  • တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
  • ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်
  • တခြားရောဂါအခံတွေ ရှိနေရင်

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။

ဒီဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်တွင် သောက်တဲ့အခါ ဆိုးကျိုးများရှိမရှိအတွက် လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိသေးပါ။ ဒါကြောင့် ဆေးမသောက်သုံးမီမှာ ဖြစ်နိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဒီဆေးကို အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် C ရှိသည်ဟု သတ်မှတ်ထားပါတယ်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • A=ဆိုးကျိုးမရှိပါ။
  •  B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံးရန် မသင့်ပါ။
  • N=အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Amlodipine က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်လဲ။

တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • ရင်ဘတ်အောင့်ခြင်း
  • နှလုံးခုန်နှေးခြင်း
  • သွေးပေါင်ကျခြင်း
  • ခေါင်းမူးခြင်း
  • ရှိန်းတိန်းဖိန်းတိန်းဖြစ်လာခြင်း
  • နုံးခြင်း
  • မောခြင်း
  • ဖောရောင်ခြင်း (အထူးသဖြင့် ခြေကျင်းဝတ်)
  • ကိုယ်အလေးချိန်တိုးလာခြင်း
  • ဝမ်းလျှောခြင်း သို့မဟုတ်  ဝမ်းချုပ်ခြင်း
  • ပျို့ခြင်း
  • အသည်းလုပ်ဆောင်ချက် မမှန်ခြင်း၊ အသားဝါခြင်း
  • အရေပြားမှာ အနီကွက်ထခြင်း
  • အိပ်မပျော်ခြင်း
  • စိတ်အတက်အကျဖြစ်ခြင်း
  • ခြေလက်တုန်ခြင်း
  • အမျိုးသားများ ရင်သားကြီးလာခြင်း
  • လိင်ပိုင်းဆိုင်ရာအခက်အခဲများဖြစ်ခြင်း
  • နားအူခြင်း

ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဆေးဝါးဓာတ်ပြုမှုများ

ဘယ်ဆေးဝါးတွေက Amlodipine နဲ့ ဓာတ်ပြုမှုတွေ ဖြစ်နိုင်သလဲ။

Amlodipine က လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

ဓာတ်ပြုနိုင်တဲ့ ဆေးဝါးများ

  • တခြားသွေးပေါင်ကျဆေးများ (ဥပမာ beta blockers, ARB)
  • ခုခံအားထိန်းဆေးများ
  • သွေးတွင်းအဆီကျဆေး (Statins)
  • Azoleပါတဲ့ မှိုသတ်ဆေးများ
  • Erythromycin ပိုးသတ်ဆေး
  • Diltiazem (တခြား calcium channel blockers သွေးပေါင်ကျဆေး)
  • Protease inhibitors (HIV ဆေး)
  • Rifampicin (TBဆေး)

ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် Amlodipineသောက်တာကို ရပ်ပြီး တခြားဆေးတွေကို ပုံမှန်အတိုင်း သောက်သုံးပါ။ တစ်ချိန်တည်းမှာပဲ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။

အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက Amlodipine နဲ့ ဓာတ်ပြုနိုင်ပါသလား။

ဆေးကို အရက်၊ ဂရိတ်ဖရုဖျော်ရည် ဒါမှမဟုတ် St. John’s wort စတာတွေနဲ့ တွဲပြီး မသောက်ပါနဲ့။ ဒါတွေက Amlodipineနဲ့ ဓာတ်ပြုနိုင်တာကြောင့် ရှောင်ကြဉ်ဖို့ လိုပါတယ်။

ဘယ်လိုကျန်းမာရေးအခြေအနေတွေက Amlodipine နဲ့ ဓာတ်ပြုမှုတွေရှိမလဲ။

Amlodipineက သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်

သောက်သုံးရန်အညွှန်း

အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အရွယ်ရောက်ပြီးများအတွက် ဆေးပမာဏ

သွေးတိုးရောဂါအတွက် 

ကနဦးပမာဏ: 5 mg သောက်ဆေး တစ်ရက်တစ်ကြိမ်

ဆက်သောက်ရမယ့် ပမာဏ: 5-10 mg သောက်ဆေး တစ်ရက်တစ်ကြိမ်

ကိုယ်အလေးချိန်နည်းသော လူနာများနဲ့ အသည်းရောဂါရှိသူများအတွက် 2.5 mg သောက်ဆေးတစ်ရက်တစ်ကြိမ်နဲ့ စတင်ကောင်း စတင်နိုင်ပါတယ်။

နှလုံးသွေးကြောကျဉ်း ရင်ဘတ်အောင့်ရောဂါအတွက် 

Chronic stable (သို့) vasospastic angina လူနာ (သို့) နှလုံးသွေးကြောကျဉ်းပေမယ့် နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းအထိမဖြစ်သေးသော (သို့) ejection fraction ၄၀ ရာခိုင်နှုန်း အောက်လူနာများအတွက်: 5-10 mg သောက်ဆေး တစ်ရက်တစ်ကြိမ်

Chronic stable (သို့) vasospastic angina လူနာအများစုအတွက်  လုံလောက်သောအာနိသင်ရရှိရန် 10 mg လိုအပ်နိုင်ပါတယ်။ လေ့လာမှုများအရ နှလုံးသွေးကြောကျဉ်းလူနာအများစုသည် 10 mg ဆေးပမာဏအထိ လိုအပ်ပါတယ်။

နှလုံးသွေးကြောကျဉ်းရောဂါအတွက် 

Chronic stable (သို့) vasospastic angina လူနာ (သို့) နှလုံးသွေးကြောကျဉ်းပေမယ့် နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းအထိမဖြစ်သေးသော (သို့) ejection fraction ၄၀ ရာခိုင်နှုန်း အောက်လူနာများအတွက်: 5-10 mg သောက်ဆေး တစ်ရက်တစ်ကြိမ်

Chronic stable (သို့) vasospastic angina လူနာအများစုအတွက်  လုံလောက်သောအာနိသင်ရရှိရန် 10 mg လိုအပ်နိုင်ပါတယ်။ လေ့လာမှုများအရ နှလုံးသွေးကြောကျဉ်းလူနာအများစုသည် 10 mg ဆေးပမာဏအထိ လိုအပ်ပါတယ်။

ကလေးများအတွက် ဆေးပမာဏ

သွေးတိုးရောဂါအတွက်

၆ နှစ် မှ ၁၇ နှစ်အထိ: 2.5 -5 mg သောက်ဆေး တစ်ရက်တစ်ကြိမ်

ကလေးလူနာများတွင် နေ့စဉ် တစ်ရက်ကို 5mg ထက်ပိုပေးခြင်းကို လေ့လာထားချက်များမရှိပါ။

Amlodipine ကို ဘယ်လိုပုံစံမျိုး၊ အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။

Amlodipineကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနဲ့ အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

သောက်ဆေးပြား: 2.5 mg, 5 mg, 10 mg.

အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Amlodipineကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်သောက်ရမယ့်အချိန်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သောက်ပါ။ ဆေးနှစ်ခါ သောက်တာမျိုး မလုပ်ပါနဲ့။

ရေးသားသူ- Dr Phyu Mon Latt

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 02/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement