backup og meta

Clindamycin (ကလင်ဒါမိုင်စင်)

Clindamycin (ကလင်ဒါမိုင်စင်)

Clindamycin (ကလင်ဒါမိုင်စင်) ဆိုတာက ဘက်တီးရီးယား ပေါက်ဖွားမှုကို ရပ်တန့်ပေးတဲ့ ပဋိဇီဝ ပိုးသတ်ဆေးပါ။ Clindamycin (ကလင်ဒါမိုင်စင်)က lincosamides အမျိုးအစား ဆေးပါ။ လိမ်းဆေးအနေနဲ့ ရနိုင်သလို သောက်ဆေး၊ ထိုးဆေးပုံစံနဲ့လည်း ရရှိနိုင်ပါတယ်။

အသုံးပြုပုံများ

Clindamycin (ကလင်ဒါမိုင်စင်)ကို ဘာအတွက်အသုံးပြုကြသလဲ

Clindamycin (ကလင်ဒါမိုင်စင်)ကို

  • Gram-positive ဘက်တီးရီးယားတွေကြောင့် ဖြစ်တဲ့ ပိုးဝင်ကူးစက်တာ (Anaerobic infection)
  • ဝက်ခြံကြောင့် အရေပြားပိုးဝင်တာ
  • မိန်းမကိုယ် ဘက်တီးရီးယားပိုးဝင်တာတွေကို သက်သာစေဖို့ အသုံးပြုကြပါတယ်။

Clindamycin (ကလင်ဒါမိုင်စင်)ကို ဘယ်လိုအသုံးပြုသင့်သလဲ

ဆေးတောင့်တွေကို ဝါးစားတာလိုမျိုး၊ ချေတာမျိုး၊ ဆေးတောင့်ကို ဖွင့်ပြီး သောက်တာမျိုး မလုပ်ဘဲ မျိုချရပါ။ ဆေးတောင့်ကို ဖွင့်တာ၊ အရည်ထဲမှာ ဖျော်တာမျိုး မလုပ်ပါနဲ့။ ဆေးတောင့်ကို လိမ်းဆေးအနေနဲ့ အသုံးမပြုပါနဲ့။ ဆေးကို အစာနဲ့ ဖြစ်စေ အစာမပါဘဲ ဖြစ်စေ သောက်ပေးလို့ ရပါတယ်။

သောက်ဆေးမှုန့်ကိုတော့ ရေသန့်သန့်နဲ့ နှံ့အောင်ဖျော်ပါ။ ဆေးညွှန်းမှာပါတဲ့ ခွက်အတိုင်း ချိန်ဆပါ။ အိမ်သုံးဇွန်းနဲ့ သောက်တာမျိုး မလုပ်ပါနဲ့။

လိမ်းဆေးတွေကို သေချာသန့်စင်ထားတဲ့ အရေပြားပေါ်မှာ တိုက်ရိုက် လိမ်းပေးပါ။ ဆေးမလိမ်းခင်နဲ့ ဆေးလိမ်းပြီးချိန်မှာ လက်ကို သေချာ သန့်စင်အောင် ဆေးကြောပါ။

ထိုးဆေးကိုတော့ လိုင်စင်ရဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်းသာ လုပ်ဆောင်ရပါမယ်။

Clindamycin (ကလင်ဒါမိုင်စင်)ကို ဘယ်လိုသိမ်းဆည်းရမလဲ

ဆေးကို အခန်းအပူချိန်မှာ သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Clindamycin (ကလင်ဒါမိုင်စင်)ကို အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးမသုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်
  • တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
  • ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်
  • တခြားရောဂါအခံတွေ ရှိနေရင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Clindamycin (ကလင်ဒါမိုင်စင်)ကို သုံးစွဲဖို့ စိတ်ချရပါသလား

ဒီဆေးကို ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်တွင် သောက်တဲ့အခါ ဆိုးကျိုးများရှိမရှိအတွက် လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိသေးပါ။ ယေဘုယျအားဖြင့်တော့ စိတ်ချရပါတယ်။ ဒါပေမယ့် ဆေးအသုံးမပြုခင်မှာ ဖြစ်နိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဒီဆေးကို အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် B ရှိသည်ဟု သတ်မှတ်ထားပါတယ်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံးရန် မသင့်ပါ။
  • N=အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Clindamycin (ကလင်ဒါမိုင်စင်)ကို အသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • ဝမ်းပျက်ဝမ်းလျှော
  • အသားဝါ
  • ဆီးသွားတဲ့အလေ့အထ ပြောင်းလဲတာ
  • တုပ်ကွေးလို လက္ခဏာတွေ
  • သွေးထွက်တာ
  • အနာတွေဖြစ်တာ
  • ဓာတ်မတည့်တာ
  • အဆစ်နာတာ
  • ပိုးဝင်ကူးစက်နိုင်ခြေ များတာတွေပါ။

ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Clindamycin (ကလင်ဒါမိုင်စင်) နဲ့ ဓာတ်ပြုနိုင်သလဲ

Clindamycinက လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

ဓာတ်ပြုနိုင်တဲ့ ဆေးဝါးများ

  • Neuromuscular blocking agents
  • Parasympathomimetics
  • Macrolides
  • Chloramphenicol
  • Linezolid
  • Warfarin, vitamin K agonists
  • Rifampicin
  • CYP3A4 and CYP3A5 inhibitors
  • Erythromycin

ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။

အစားအသောက်တွေနဲ့ အရက်က Clindamycin (ကလင်ဒါမိုင်စင်) နဲ့ ဓာတ်ပြုနိုင်သလား

Clindamycin (ကလင်ဒါမိုင်စင်) က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Clindamycinနဲ့ ဓာတ်ပြုနိုင်သလဲ

Clindamycin (ကလင်ဒါမိုင်စင်)က သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့်

  • အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးရောဂါ (ဥပမာ –Colitis အူမကြီးရောင်ရမ်းတာ)

ဆေးသုံးရန်အညွှန်း

အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အရွယ်ရောက်ပြီးသူတွေအတွက် အသုံးပြုရမယ့်ပမာဏ

  • Gram-positive ဘက်တီးရီးယားတွေကြောင့် ပိုးဝင်ကူးစက်တာ (Anaerobic infection)

သောက်ဆေး – အရမ်းမပြင်းထန်တဲ့ ကူးစက်မှုတွေအတွက် ၆ နာရီခြား တစ်ခါ 150 ကနေ 300 mg။ ပြင်းထန်တဲ့ ကူးစက်ရောဂါအတွက် ၆ နာရီခြား တစ်ခါ 300-450 mg အထိ သောက်ပေးလို့ ရပါတယ်။

ထိုးဆေး – တစ်နေ့ကို 600 ကနေ 1200 mg။ ပြင်းထန်တဲ့ ကူးစက်ရောဂါအတွက် တစ်နေ့ကို 1200 ကနေ 2700 mg၊ အများဆုံး တစ်နေ့တာကို 4800 mg အထိ ပေးလို့ ရပါတယ်။ အများဆုံးအနေနဲ့ အကြောဆေးကို တစ်မိနစ်မှာ 30 mg သွင်းနိုင်ပါတယ်။

  • ဝက်ခြံကြောင့် အရေပြားပိုးဝင်တာ

ပိုးဝင်နေတဲ့ အရေပြားပေါ်မှာ တစ်နေ့ကို ၂ ကြိမ် ခပ်ပါးပါး လိမ်းပေးပါ။

  • မိန်းမကိုယ် ဘက်တီးရီးယားပိုးဝင်တာ

အိပ်ရာဝင်ချိန်မှာ မိန်းမကိုယ် အတွင်းပိုင်းကို တစ်နေ့ကို (100 mg) ၁ ကြိမ်  ၃ ရက် ကနေ ၇ ရက်အထိ အသုံးပြုနိုင်ပါတယ်။ မိန်းမကိုယ်ထဲထည့်တဲ့ ဆေးတောင့်ကို အိပ်ရာဝင်ချိန် တစ်နေ့တစ်ကြိမ် 100mg ၃ ရက်အထိ အသုံးပြုပေးလို့ ရပါတယ်။

ကလေးတွေအတွက် အသုံးပြုရမယ့်ပမာဏ

  • Gram-positive ဘက်တီးရီးယားတွေကြောင့် ပိုးဝင်ကူးစက်တာ (Anaerobic infection)

သောက်ဆေး – ကလေးက အသက် ၁၂ နှစ်အောက်ဆိုရင် ကိုယ်အလေးချိန်ကို လိုက်ပြီး 3-6 mg per kg ကို ၆ နာရီခြား တစ်ခါ အသုံးပြုပေးလို့ ရပါတယ်။

ထိုးဆေး – ၁ လအောက်ကလေးတွေအတွက် တစ်နေ့တာမှာ ကိုယ်အလေးချိန်ကို လိုက်ပြီး 15 to 25 mg per kg။ ပြင်းထန်တဲ့ ကူးစက်ရောဂါတွေအတွက် တစ်နေ့ကို 25 to 40 mg/kg နဲ့ တစ်နေ့တာကို အများဆုံး 300 mg။ ဆေးကို ၃ ကြိမ် ကနေ ၄ ကြိမ်အထိ ခွဲပြီး တိုက်ပေးပါ။

Clindamycinကို ဘယ်လိုရရှိနိုင်သလဲ

Clindamycin ကို အောက်ပါ ပုံစံမျိုး၊ ပြင်းအားမျိုးတို့ဖြင့် ဝယ်ယူရရှိနိုင်ပါတယ်။

  • ဆေးတောင့် 75mg, 150mg, 300mg
  • ဆေးမှုန့် 75mg/5ml
  • ထိုးဆေး 150mg/ml (2ml, 4ml ဆေးပုလင်း)
  • မိန်းမကိုယ်ထည့် ဆေးတောင့် 100mg
  • လိမ်းဆေး 1%

ရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

ဆေးလိမ်းဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Clindamycinကို သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သုံးပါ။ ဆေးနှစ်ကြိမ် သုံးတာမျိုး မလုပ်ပါနဲ့။

ရေးသားသူ – Dr. Su Sandy

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.webmd.com/drugs/2/drug-12235/clindamycin-hcl-oral/details

https://www.drugs.com/clindamycin.html

http://www.mayoclinic.org/drugs-supplements/clindamycin-oral-route/description/drg-20110243

Clindamycin https://www.mims.com/philippines/drug/info/clindamycin?mtype=generic Accessed June 25, 2021

Clindamycin https://www.ncbi.nlm.nih.gov/books/NBK519574/ Accessed June 25, 2021

Clindamycin (oral/injection) https://www.uofmhealth.org/health-library/d00043a1 Accessed June 25, 2021

Clindamycin (Topical). Lexi-Drugs. Lexicomp. Wolters Kluwer Health, Inc. Riverwoods, IL. Accessed June 25, 2021. http://online.lexi.com

Clindamycin (Systemic). Lexi-Drugs. Lexicomp. Wolters Kluwer Health, Inc. Riverwoods, IL. Accessed June 25, 2021. http://online.lexi.com

ယခုပုံစံ

19/10/2022

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Acetazolamide (အက်စီတာဇိုးလမိုက်)

Ketoprofen (ကီတိုပရိုဖန်)


မှ အချက်အလက် စစ်ဆေးထားပါသည်။

Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 19/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement