backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Telmisartan (တယ်လ်မီဆာတန်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 20/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Telmisartan (တယ်လ်မီဆာတန်)

မကုသဘဲ ထားမယ်ဆိုရင် သွေးတိုးတာက အန္တရာယ် ရှိစေနိုင်ပြီး အသက်သေဆုံးတာမျိုးအထိ ဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေကို ကျော်လွှားဖို့ဆိုရင် သွေးတိုးရှိသူတွေအနေနဲ့ Telmisartan (တယ်လ်မီဆာတန်) လိုမျိုး သွေးကျဆေး သောက်ဖို့ လိုပါမယ်။ ဒီဆေးက သွေးကြောတွေကို ပြေလျော့စေပြီး သွေးစီးဆင်းမှု ကောင်းစေတာကြောင့် နှလုံးကို ဝန်ပေါ့အောင် လုပ်ဆောင်ပေးသလို ခန္ဓာကိုယ်အနှံ့မှာ သွေးစီးဆင်းမှု ကောင်းစေဖို့လည်း ထောက်ကူပေးပါတယ်။

အသုံးပြုပုံများ

Telmisartan (တယ်လ်မီဆာတန်) ကို ဘာအတွက်အသုံးပြုကြသလဲ

Telmisartan (တယ်လ်မီဆာတန်)ကို သွေးတိုးရောဂါအတွက် အသုံးပြုပါတယ်။ Telmisartan (တယ်လ်မီဆာတန်)ကို တစ်မျိုးတည်း သောက်သုံးတာမျိုး ရှိသလို သွေးတိုးရောဂါအတွက် အခြားဆေးတွေနဲ့ တွဲသုံးတာမျိုးလည်း ရှိပါတယ်။

သွေးတိုးရောဂါက နှလုံးနဲ့ သွေးကြောတွေကို ပြင်းထန်စွာ အလုပ်လုပ်ဆောင်ရစေပါတယ်။ ဒီလိုလုပ်ဆောင်ရမှုက ဆက်တိုက် ဖြစ်လာမယ်ဆိုရင် နှလုံးနဲ့ သွေးကြောတွေကို ထိခိုက်စေနိုင်ပါတယ်။

ဒီဆေးကို သွေးတိုးကျစေဖို့ အသုံးပြုသလို လေဖြတ်တာ၊ ရုတ်တရက် နှလုံးရပ်တာနဲ့ ကျောက်ကပ်ထိခိုက်တာတွေကို ကာကွယ်ဖို့ အသုံးပြုပါတယ်။

Telmisartan သည် angiotensin receptor blocker (ARBs) လို့ ခေါ်တဲ့ ဆေးအမျိုးအစားမှာပါဝင်ပြီး  သွေးကြောများကို ပြေလျော့စေခြင်းအားဖြင့် သွေးအသွားအလာကောင်းစေကာ သွေးပေါင်ကို ကျစေပါတယ်။

ဒီဆေးကို ဆီးချိုရောဂါနဲ့ နှလုံးရောဂါရှိတဲ့ အသက် ၅၅ နှစ်နဲ့အထက် လူကြီးတွေမှာ ရုတ်တရက် နှလုံးရပ်တာနဲ့ လေဖြတ်တာတွေကို ကာကွယ်ဖို့ အသုံးပြုပါတယ်။

Telmisartan (တယ်လ်မီဆာတန်) ဘယ်လိုသောက်သုံးသင့်သလဲ

Telmisartan (တယ်လ်မီဆာတန်)ကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း သောက်ပါ။ ဒါမှမဟုတ် ဆေးဗူးမှာပါတဲ့ ဆေးညွှန်းကို အသုံးမပြုခင်မှာ သေချာ ဖတ်ပေးပါ။ တကယ်လို့ တစ်ခုခု သိချင်တာမျိုး ရှိမယ်ဆိုရင် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူ တစ်ဦးဦးနဲ့ တိုင်ပင်ဖို့ လိုပါမယ်။

ကျန်းမာရေး အခြေအနေနဲ့ ကုထုံးတုံ့ပြန်မှုအပေါ် မူတည်ပြီး ဆေးပမာဏက ကွာခြားနိုင်ပါတယ်။

ဆေးကို အစားစားပြီးရင် ဖြစ်ဖြစ်၊ မစားသေးခင်ဖြစ်ဖြစ် ဆရာဝန် ညွှန်ကြားတဲ့အတိုင်း တစ်နေ့ကို တစ်ကြိမ် သောက်ပေးရပါမယ်။ ဆေးကို အာနိသင် ကောင်းကောင်း ရစေဖို့ နေ့စဉ် အချိန်မှန်မှန် သောက်ပေးဖို့ လိုပါမယ်။

သွေးတိုးတဲ့ လက္ခဏာခံစားရသည်ဖြစ်စေ၊ မခံစားရသည်ဖြစ်စေ ဆေးကို ဆက်သောက်ဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သွေးတိုးရှိသူအများစုက လက္ခဏာမပြတတ်လို့ပါ။ ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ဆေးကို မရပ်ရပါ။

ဆေးကို ရေရှည်စွဲသောက်သွားရမှာ ဖြစ်ပါတယ်။ ဆရာဝန်က နေထိုင်မှုပုံစံ ပြောင်းလဲဖို့ ဥပမာ အစာအသောက်၊ လေ့ကျင့်ခန်း လုပ်တာ၊ သွေးတွင်းကိုလက်စထရော ချတာ၊ ဆေးလိပ်ဖြတ်တာ၊ ဆီးချိုသွေးချို ထိန်းတာတွေ လုပ်ဆောင်ဖို့ အကြံပြုနိုင်ပါတယ်။

သွေးတိုးရောဂါအတွက်  ဆေးအာနိသင်ကို ကောင်းကောင်းရရှိစေဖို့ အချိန် ၂ ပတ် ကနေ ၄ ပတ်လောက်အထိ စောင့်ရပါမယ်။

ဆေးကို သောက်သုံးနေစဉ်မှာ သွေးပေါင်ချိန်ကို ပုံမှန်တိုင်းပါ။ လိုအပ်မယ်ဆိုရင် အသည်းနဲ့ ကျောက်ကပ် ကျန်းမာရေး စစ်ဆေးမှု လုပ်ဆောင်ရပါမယ်။

အခြေအနေ မသက်သာတာဖြစ်ဖြစ်၊ ပိုဆိုးလာတာဖြစ်ဖြစ် (ဥပမာ။ ။ သွေးပေါင်ချိန် တက်မြဲတက်နေဆဲ သို့မဟုတ် ပိုတက်လာခြင်း ) ဆရာဝန်ကို အသိပေးရပါမယ်။

Telmisartan (တယ်လ်မီဆာတန်) ဘယ်လိုသိမ်းဆည်းရမလဲ

Telmisartan (တယ်လ်မီဆာတန်)ကို အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Telmisartan (တယ်လ်မီဆာတန်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Telmisartan မသောက်သုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်။
  • တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
  • ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်
  • တခြားရောဂါအခံတွေ ရှိနေရင်

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Telmisartan (တယ်လ်မီဆာတန်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ဒီဆေးကို အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် D ရှိသည်ဟု သတ်မှတ်ထားပါတယ်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံးရန် မသင့်ပါ။
  • N=အခြေအနေကို မသိရသေးပါ။

အဆင့် D ဖြစ်တဲ့အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ရှားသင့်ပါတယ်။ တကယ်လို့ မကြာသေးခင်ကမှ ကိုယ်ဝန်ရှိနေတာဆိုရင် ဆေးကို ချက်ချင်းရပ်ဖို့ လိုပါတယ်။ ကိုယ်ဝန်ယူဖို့ ကြိုးစားနေတယ်ဆိုရင်လည်း ဒီဆေးကို မသောက်သင့်ပါဘူး။ ကိုယ်ဝန်ရှိနေချိန် သောက်မိရင် ကလေးကို ထိခိုက်တာတွေ ဖြစ်နိုင်ပါတယ်။

နို့တိုက်မိခင်တွေသောက်ရင် ကလေးဆီကို ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် နို့တိုက်မိခင်တွေက ဆရာဝန်ညွှန်ကြားချက်မပါဘဲ မသောက်သင့်ပါဘူး။

ဘေးထွက်ဆိုးကျိုးများ

Telmisartan (တယ်လ်မီဆာတန်) ကို အသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • နှာခေါင်းပိတ်တာ၊ ချောင်းဆိုးတာ၊ မျက်နှာလေအိတ် နာကျင်တာ
  • ခါးနာတာ
  • ဗိုက်အောင့်တာ၊ ဝမ်းပျက်တာ
  • ခေါင်းကိုက်တာ၊ မူးဝေတာ
  • ပင်ပန်းတာ
  • ခြေကုန်လက်ပမ်းကျတာ
  • အရေပြားမှာ အရမ်းမပြင်းထန်တဲ့ အဖုအပိမ့်ထွက်တာမျိုးပါ။

တကယ်လို့ ဆေးဓာတ်မတည့်မှု လက္ခဏာ တစ်ခုခုဖြစ်တဲ့ အင်ပြင်ထွက်တာ၊ အသက်ရှူရခက်တာ၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ နဲ့ လည်ချောင်းတွေ ရောင်တာလိုမျိုး လက္ခဏာတွေ ခံစားရမယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသပေးပါ။

ဖြစ်ခဲတဲ့ အခြေအနေတွေအနေနဲ့ အရိုးနဲ့  ကြွက်သားတစ်ရှူးတွေ ပျက်စီးတာ၊ ကျောက်ကပ်ထိခိုက်တာမျိုး ခံစားရနိုင်ပါတယ်။

တကယ်လို့ ကြွက်သားနာတာ၊ အရေပြားမှာ ဓာတ်မတည့်မှုဖြစ်တာ၊ ခြေကုန်လက်ပမ်းကျတာ၊ အဖျားဝင်တာ၊ မအီမသာဖြစ်တာ၊ အော့အန်တာ၊ ဆီးအရောင်ရင့်တာမျိုး ဖြစ်မယ်ဆိုရင် ဆရာဝန်နဲ့ ချက်ချင်းပြဖို့ လိုပါမယ်။

အောက်မှာဖော်ပြသလိုမျိုး ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရမယ်ဆိုရင် ဆေးသောက်တာကို ရပ်ပြီး ဆရာဝန်နဲ့ ချက်ချင်းပြသဖို့ လိုပါမယ်။

  • သတိလစ်တာ
  • ဆီးသွားရင် နာကျင်တာ၊ ဆီးသွားရခက်တာ
  • ရင်ဘတ်အောင့်တာ
  • အသက်ရှူရခက်တာ
  • လက်တွေ ခြေထောက်တွေ ဖောရောင်တာ
  • ပိုတက်ဆီယမ် များတာကြောင့် (နှလုံးခုန်နှေးတာ၊ ကြွက်သားအားနည်းတာ၊ ထုံကျဉ်တာတွေ ခံစားရရင်ပါ)

ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Telmisartan (တယ်လ်မီဆာတန်)နဲ့ ဓာတ်ပြုနိုင်သလဲ

Telmisartanက လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

ဓာတ်ပြုနိုင်တဲ့ ဆေးဝါးများ

  • ဆီးဆေးများ၊ အခြား သွေးကျဆေးများ
  • Digoxin
  • ဆီးဆေးတွေ၊ ပိုတက်ဆီယမ် ဖြည့်စွက်စာတွေ၊ ပိုတက်ဆီယမ်ပါတဲ့ ဆားတွေ၊ ACE inhibitors၊ heparin၊ ကိုယ်ခံအားထိန်းဆေးတွေနဲ့ trimethoprim
  • Aspirin, NSAIDs (COX-2 inhibitors)
  • Lithium
  • စတီးရွိုက်

ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။

အစားအသောက်တွေနဲ့ အရက်က Telmisartan (တယ်လ်မီဆာတန်)နဲ့ ဓာတ်ပြုနိုင်သလား

Telmisartan က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ အရက်က သွေးပေါင်ကျစေပြီး ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒီဆေးသောက်နေချိန်မှာ ပိုတက်ဆီယမ်ပါတဲ့ အားဆေးတွေကိုဆရာဝန်မညွှန်ဘဲ မသောက်သင့်ပါဘူး။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Telmisartan (တယ်လ်မီဆာတန်)နဲ့ ဓာတ်ပြုနိုင်သလဲ

Telmisartanက သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့်

  • နှလုံး ကောင်းကောင်း အလုပ်မလုပ်တာ၊ ကျောက်ကပ်ထိခိုက်တာ
  • ဆီးချိုရှိပြီး aliskiren သုံးစွဲနေရတာ
  • ကိုယ်တွင်းမှာ ဓာတ်ဆားဓာတ် မမျှတာ (ဥပမာ – သွေးထဲမှာ ပိုတက်ဆီယမ်များတာ၊ ဆိုဒီယမ်နည်းတာ)
  • ကိုယ်တွင်းအရည်ဓာတ် မမျှတာမျိုး ဖြစ်တာ ( အန်တာ၊ ဝမ်းပျက်ဝမ်းလျှောတာတွေကြောင့် ရေဓာတ်ခမ်းခြောက်တာမျိုး)
  • ကျောက်ကပ်ရောဂါ
  • အသည်းရောဂါရှိမယ်ဆိုရင်ပါ။

သောက်သုံးရန်အညွှန်း

အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အရွယ်ရောက်ပြီးသူများ အသုံးပြုရမယ့်ပမာဏ

သွေးတိုးအတွက်

စစသောက်ချင်းမှာ : သောက်ဆေး  40 mg တစ်နေ့တစ်ကြိမ် အစားမစားခင်ဖြစ်ဖြစ်၊ အစားစားပြီးချိန် ဖြစ်ဖြစ်

ဆက်လက်သောက်သုံးရမယ့် ပမာဏ : တစ်နေ့ကို တစ်ကြိမ် 20-80mg၊ တစ်ရက်ကို အများဆုံးပမာဏ 80mg ပါ။

နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးပြဿနာ လျှော့ချရန်

ACE inhibitors မသောက်သုံးနိုင်တဲ့ လူနာတွေမှာ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးပြဿနာ လျှော့ချဖို့အတွက် : တစ်နေ့တစ်ကြိမ် အစားနဲ့ဖြစ်ဖြစ် အစားမစားခင် ဖြစ်ဖြစ် 20-80 mg သောက်ပေးပါ။

80mg ထက်နည်းတဲ့ ဆေးပမာဏက နှလုံးသွေးကြောဆိုင်ရာ ရောဂါ ခံစားရနိုင်ခြေကို ထိထိရောက်ရောက် လျှော့ချပေးနိုင်လားဆိုတာကို အခုထိ သေသေချာချာ မသိရသေးပါဘူး။

နှလုံးသွေးကြောဆိုင်ရာ ရောဂါခံစားရနိုင်ခြေကို လျှော့ချနိုင်ဖို့အတွက် ဆေးကို စသောက်ချိန်မှာ သွေးပေါင်ချိန်တိုင်းတာ၊ သွေးပေါင်ချိန်ကို လိုက်ပြီး ဆေးပမာဏကို ချိန်ညှိတာမျိုးတွေ လုပ်ဆောင်ဖို့ လိုပါမယ်။

ကလေးများ အသုံးပြုရမယ့်ပမာဏ

အသက် ၁၈ နှစ်အောက် ကလေးတွေအတွက် ဒီဆေးကို အသုံးပြုဖို့ ဘေးကင်းစိတ်ချရတယ်ဆိုတဲ့ လေ့လာတွေ့ရှိချက် မရှိသေးပါဘူး။

Telmisartan (တယ်လ်မီဆာတန်)ကို ဘယ်လိုရရှိနိုင်သလဲ

Telmisartanကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနဲ့ အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

40mg၊ 80mg ဆေးပြားနဲ့ ဆေးတောင့်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Telmisartanကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်သောက်ရမယ့်အချိန်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သောက်ပါ။ ဆေးနှစ်ခါ သောက်တာမျိုး မလုပ်ပါနဲ့။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Hello Sayarwon Panel


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 20/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement