backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Ketoprofen (ကီတိုပရိုဖန်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 07/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Ketoprofen (ကီတိုပရိုဖန်)

Ketoprofen (ကီတိုပရိုဖန်) ဆိုတာက ဆေးရဲ့ ယေဘုယျအမည်ပါ။ ဒီဆေးကို မတူညီသော အမှတ်တံဆိပ် အမျိုးမျိုးနဲ့ ရရှိနိုင်ပါတယ်။ စတီးရွိုက်မပါတဲ့ အရောင်ကျဆေးတစ်မျိုးဖြစ်တဲ့ (NSAID) ဖြစ်သလို အကိုက်အခဲပျောက်ဆေးလည်း ဟုတ်ပါတယ်။

Ketoprofen က NSAIDsထဲမှာမှ non-selective cyclooxygenase (COX) inhibitor လို့ သိကြပါတယ်။ NSAIDs ကို အမျိုးမျိုးသော ကိုက်ခဲနာကျင်မှုတွေ၊ ရောင်ရမ်းမှုကို သက်သာစေဖို့ အသုံးပြုပေးပါတယ်။ အဖျားကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

အသုံးပြုပုံများ

Ketoprofen (ကီတိုပရိုဖန်)ကို ဘာအတွက်အသုံးပြုကြသလဲ

Ketoprofen (ကီတိုပရိုဖန်)ကို နာတာရှည် အဆစ်ရောင်ရမ်းမှုရောဂါ နဲ့ ပြင်းထန်အဆစ်ရောင်နာတွေကို သက်သာစေဖို့အတွက် ရေရှည်ကုထုံး အဖြစ် အသုံးပြုကြပါတယ်။

ကာလတို ကုထုံးအနေနဲ့ကတော့

  • အရွတ်ရောင်တာ
  • အဆစ်ကြားက အရည်အိတ်လေးတွေ ရောင်ရမ်းတာ
  • ပခုံးနာတာ
  • ခါးအောက်ပိုင်း နာကျင်တာ
  • ဂေါက်ရောဂါကြောင့် နာကျင်တာ
  • အရိုးအဆစ်ရောင်နာ
  • ပေါင်တန်းနာ
  • အာရုံကြောရောင်ရမ်းတာ
  • ဒဏ်ရာကြောင့် နာကျင်ခြင်း နဲ့ ဖောရောင်ခြင်းတွေ သက်သာစေဖို့ အသုံးပြုလို့ ရပါတယ်။

Ketoprofen (ကီတိုပရိုဖန်)ကို ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးဗူးပေါ်မှာပါတဲ့ ဆေးညွှန်းတွေကို သေချာ ဖတ်ပါ။ ဆေးမှာ ပါဝင်ပစ္စည်းတွေနဲ့ ရက်လွန်နေပြီလားဆိုတာကို စစ်ဆေးပါ။

သောက်ဆေးဆိုရင်တော့ ဝါးမစားဘဲ မျိုချပြီး သောက်သင့်ပါတယ်။ ဆေးကို ချေပြီးသောက်တာ၊ အမှုန့်ကြိတ်ပြီး အရည်ဖျော်သောက်တာတွေကို ရှောင်ပါ။ အစာအိမ်နာတာမျိုး မဖြစ်စေဖို့အတွက် အစားစားပြီးမှ သောက်ပါ။

လိမ်းဆေးအနေနဲ့ အသုံးပြုမယ်ဆိုရင် ရောင်ရမ်းနာကျင်တဲ့နေရာကို ခပ်ပါးပါး လိမ်းပေးလို့ ရပါတယ်။ ဆေးလိမ်းပြီးချိန်မှာ လက်ကို သေချာလေး ဆေးကြောပါ။ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တွေကို တိုက်ရိုက်ထိတွေ့မိတာမျိုး ရှောင်ရပါမယ်။

Ketoprofen (ကီတိုပရိုဖန်)ကို ဘယ်လိုသိမ်းဆည်းရမလဲ

ကီတိုပရိုဖန်ကို အခန်းအပူချိန်မှာ သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Ketoprofen (ကီတိုပရိုဖန်)ကို အသုံးမပြုခင် ဘာတွေသိသင့်သလဲ

 မသောက်သုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။
  • ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်။
  • တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
  • ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်
  • တခြားရောဂါအခံတွေ ရှိနေရင်

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။

ပုံမှန် အားဖြင့်တော့ NSAIDs တွေကို ကိုယ်ဝန်ဆောင်ချိန်မှာ အသုံးပြုခိုင်းလေ့မရှိပါဘူး။ အထူးသဖြင့် ကိုယ်ဝန် တတိယ သုံးလပတ်မှာ အသုံးမပြုဖို့တော့ တားမြစ်ထားပါတယ်။ ကောင်းကျိုး ဆိုးကျိုးကို ချိန်ဆပြီး ဆရာဝန်ညွှန်ကြားချက်နဲ့ သုံးသင့်ပါတယ်။

Ketoprofenက မိခင်နို့ရည်ထဲမှာ ပျော်ဝင်နိုင်ပါတယ်။ ဒါကြောင့် နို့တိုက်မိခင်တွေအနေနဲ့ ကောင်းကျိုးဆိုးကျိုးတွေကို တွက်ဆပြီး ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သုံးသင့်ပါတယ်။

အဖျားကျစေဖို့နဲ့ အကိုက်အခဲ သက်သာစေဖို့ဆိုရင် Ketoprofenအစား ပါရာစီတမောကို သောက်ပေးလို့ ရပါတယ်။

ဘေးထွက်ဆိုးကျိုးများ

Ketoprofenကို အသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • ဝမ်းချုပ်တာ
  • ဝမ်းပျက်ဝမ်းလျှောဖြစ်တာ
  • မူးဝေတာ
  • ညီးစီစီဖြစ်တာ
  • လေပွတာ
  • ခေါင်းကိုက်တာ
  • ရင်ပူတာ
  • မအီမသာဖြစ်တာ
  • ဗိုက်အောင့်တာ

အခုပြောတဲ့ ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေ ခံစားရမယ်ဆိုရင် မြန်နိုင်သမျှ မြန်မြန် ဆေးဝါးကုသမှု ခံယူပါ

  • အင်ပြင်ထွက်တာ
  • အဖုအပိမ့်တွေထွက်တာ
  • ယားယံတာ
  • ရင်ဘတ်ထဲက တင်းတင်းကြပ်ကြပ်နဲ့ အောင့်တာ
  • ပါးစပ်၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ စတာတွေ ရောင်ရမ်းတာ
  • သွေးဝမ်း၊ အမည်းရောင်ဝမ်းတွေ၊ ကတ္တရာစေးဝမ်းတွေ သွားတာ
  • ဆီးသွားနည်းသွားတာ
  • ရင်ဘတ်အောင့်တာ
  • အာရုံရှုပ်ထွေးတာ
  • ဆီးမည်းမည်းတွေ သွားတာ
  • စိတ်ဓာတ်ကျတာ
  • သတိလစ်တာ
  • နှလုံးခုန် မြန်တာ၊ နှလုံးခုန်မမှန်တာ
  • အဖျားဝင်တာ၊ ချမ်းတုန်တာ၊ အမြဲလိုလို လည်ချောင်းနာနေတာ
  • စိတ်ခံစားမှု ပြောင်းလဲတာ
  • လက်မောင်း နဲ့ ခြေထောက် ထုံကျဉ်တာ
  • ခန္ဓာကိုယ် တစ်ခြမ်း အားမရှိသလို ဖြစ်တာ
  • အရေပြား နီမြန်း၊ရောင်ရမ်း၊ အရည်ကြည်ဖုထတာ၊ အဖက်တွေလန်တာ
  • နားအူတာ
  • တက်တာ
  • ခေါင်းက ချာချာလည် မူးတာ
  • ဗိုက်ထဲက မခံမရပ်နိုင်အောင် အောင့်တာ
  • အသက်ရှူတာ ပြတ်တောင်းတောင်း ဖြစ်တာ
  • ရုတ်တရက် ကိုယ်အလေးချိန် ကျသွားတာ
  • ခြေလက်တွေ၊ ခြေဖမိုးတွေ ရောင်တာ
  • သွေးယိုစီးတာ
  • အဆစ်တွေ နဲ့ ကြွက်သား နာကျင်မှုတွေ ပိုဆိုးလာတာ
  • ထုံထိုင်းလာတာ
  • အမြင်အာရုံတွေ၊ စကားပြောဆိုပုံတွေ ပြောင်းလဲလာတာ
  • ကော်ဖီရောင်တွေ အန်တာ
  • အသားဝါတာတွေပါ။

အခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့ တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Ketoprofen (ကီတိုပရိုဖန်)ကိုနဲ့ ဓာတ်ပြုနိုင်သလဲ

Ketoprofen (ကီတိုပရိုဖန်)က လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

  • သွေးမခဲဆေး (e.g. warfarin, heparin)
  • အက်စပရင်
  • စတီးရွိုက်ပါတဲ့ အရောင်ကျဆေး
  • Selective serotonin reuptake inhibitors (SSRIs)
  • Probenecid
  • Cyclosporine
  • Lithium
  • Methotrexate
  • Quinolones
  • Sulfonylureas
  • Angiotensin-converting enzyme (ACE) inhibitors
  • ဆီးဆေး စတာတွေပါ

ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ကီတိုပရိုဖန်သောက်တာကို ရပ်ပြီး တခြားဆေးတွေကို ပုံမှန်အတိုင်း သောက်သုံးပါ။ တစ်ချိန်တည်းမှာပဲ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။

အစားအသောက်တွေနဲ့ အရက်က Ketoprofen (ကီတိုပရိုဖန်)နဲ့ ဓာတ်ပြုနိုင်သလား

Ketoprofenက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ Ketoprofen (ကီတိုပရိုဖန်)ကို အရက်နဲ့တွဲ မသောက်သင့်ပါဘူး။ အစာအိမ်နာတာ၊ သွေးယိုစိမ့်တာတွေ ဖြစ်စေနိုင်ပါတယ်။ အစာအိမ်နာတာမျိုး မဖြစ်စေဖို့ဆိုရင် ဆေးကို အစားစားပြီးမှ သောက်ပေးပါ။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Ketoprofen (ကီတိုပရိုဖန်) နဲ့ ဓာတ်ပြုနိုင်သလဲ

Ketoprofen က သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့် လက်ရှိမှာ

  • ကျောက်ကပ် ထိခိုက်ထားတာ
  • အသည်း ထိခိုက်ထားတာ
  • ဆီးချိုရောဂါ
  • အစာခြေစနစ် နဲ့ အူမကြီး ပြဿနာ ရှိတာ ( ဥပမာ- သွေးယိုစိမ့်တာ၊ အနာဖြစ်တာ၊ ဝမ်းဗိုက်မှာ အပေါက်ဖောက်ထားရတာမျိုးပါ)
  • ပန်းနာရင်ကျပ်
  • နှာခေါင်းတွင်းမှာ အသားပို ဖြစ်တာ
  • ခံတွင်းရောင်ရမ်းတာ
  • သွေးတိုးရောဂါ
  • သွေးရောဂါတွေ  ရှိတာ ( ဥပမာ – သွေးထဲမှာ albumin ပမာဏ နည်းနေတာ)
  • သွေးခဲတာ၊ သွေးထွက်တာလိုမျိုး ပြဿနာတွေ ရှိနေတာ
  • နှလုံးရောဂါ ( ဥပမာ – နှလုံးထိခိုက်တာ)
  • သွေးကြောဆိုင်ရာ ရောဂါ စတာတွေပါ။

သောက်သုံးရန်အညွှန်း

အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အရွယ်ရောက်ပြီးသူတွေအတွက် Ketoprofen (ကီတိုပရိုဖန်) ရဲ့ အသုံးပြုရမယ့်ပမာဏက ဘယ်လောက်လဲ

အဆစ်ရောင်တာနဲ့ အဆစ်ရောင်နာ၊ ဂေါက်ရောဂါ၊ အရွတ်ရောင်နာ စတာတွေအတွက်

သောက်ဆေး:  50 mg တစ်နေ့ကို ၄ ကြိမ် ဒါမှမဟုတ်  75 mg တစ်နေ့ ၃ ကြိမ် နှုန်းနဲ့ တစ်ရက်ကို  300 mg အထိ သောက်သုံးလို့ ရပါတယ်။ အာနိသင်ဖြည်းဖြည်းချင်းပြတဲ့ ဆေးတောင့်ဆိုရင်တော့ တစ်နေ့ကို  100-200 mg သောက်သုံးပေးလို့ ရပါတယ်။

လိမ်းဆေး : နာကျင်တဲ့နေရာကို 2 to 4 grams အထိ တစ်နေ့ကို ၂ ကြိမ် ကနေ ၄ ကြိမ်အထိ လိမ်းပေးလို့ ရပါတယ်။ နာကျင်တဲ့ နေရာကို ဆေးလိမ်းပြီး ခပ်ဖွဖွလေး နှိပ်ပေးပါ။ ၇ ရက်အထိ အသုံးပြုပေးလို့ ရပါတယ်။

ရာသီလာချိန်နာကျင်ကိုက်ခဲတာတွေအတွက်

၆ နာရီ ကနေ ၈ နာရီ ခြားတိုင်းမှာ  25 to 50 mg သောက်လို့ ရပါတယ်။ အာနိသင်ဖြည်းဖြည်းချင်းပြတဲ့ ဆေးတောင့်ဆိုရင်တော့ တစ်နေ့ကို  100-200 mg သောက်သုံးပေးလို့ ရပါတယ်။

ကလေးတွေအတွက် Ketoprofen (ကီတိုပရိုဖန်)ရဲ့ အသုံးပြုရမယ့်ပမာဏက ဘယ်လောက်လဲ

အသက် ၁၅ နှစ်အောက် ကလေးတွေအတွက် ဆေးညွှန်းဖော်ပြထားတာမျိုး မရှိပါဘူး။ ကလေးတွေအတွက် အသုံးပြုဖို့ စိတ်မချရပါဘူး။ ဆေးဝါးတွေကို အသုံးမပြုခင်မှာ ဘေးကင်းစိတ်ချရရေးကို သေသေချာချာ သဘောပေါက် နားလည်ထားဖို့ လိုပါမယ်။ ပိုမိုသိရှိနိုင်စေဖို့ ဆေးဝါးနဲ့ပတ်သက်ပြီး တတ်ကျွမ်းနားလည်သူတွေနဲ့ တိုင်ပင်ပါ။

Ketoprofen (ကီတိုပရိုဖန်)ကို ဘယ်လိုရရှိနိုင်သလဲ

Ketoprofen (ကီတိုပရိုဖန်)ကို ရရှိနိုင်သောပုံစံများတွေကတော့

  • ဆေးတောင့် 25 mg, 50 mg, 75 mg
  • အာနိသင် ဖြည်းဖြည်းချင်းပြတဲ့ ဆေးတောင့် 200 mg
  • သောက်ဆေးပြား 50 mg, 100 mg
  • ဒဏ်ကြေပလာစတာ 30 mg
  • လိမ်းဆေးဂျယ်လ် 25 mg/g

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

ကီတိုပရိုဖန်ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်သောက်ရမယ့်အချိန်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သောက်ပါ။ ဆေးနှစ်ခါ သောက်တာမျိုး မလုပ်ပါနဲ့။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 07/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement