ဓာတ်ပြုနိုင်တဲ့ ဆေးဝါးများ
- ဆီးဆေးများ။
- အခြားသော သွေးကျဆေးများ။
- Lithium
- Celecoxib
- အက်စ်ပရင် သို့မဟုတ် အခြားသော NSAID များ (ဥပမာ။ ။ ibuprofen, naproxen, celecoxib, diclofenac, indomethacin, meloxicam နဲ့ အခြားဆေးများ)
ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။
အစားအသောက်တွေနဲ့ အရက်က Losartan (လိုဆာတန်) နဲ့ ဓာတ်ပြုနိုင်သလား
Losartan က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ အရက်က သွေးပေါင်ကျစေပြီး ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒီဆေးသောက်နေချိန်မှာ ပိုတက်ဆီယမ်ပါတဲ့ အားဆေးတွေကိုဆရာဝန်မညွှန်ဘဲ မသောက်သင့်ပါဘူး။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို မေးမြန်းတိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Losartan (လိုဆာတန်) နဲ့ ဓာတ်ပြုနိုင်သလဲ
Losartan က သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့်
- အခြားသော သွေးကျဆေးများနဲ့ ဓာတ်မတည့်ခြင်း
- ပြင်းထန် နှလုံးညှစ်အားကျရောဂါ
- aliskiren သောက်သုံးနေသော ဆီးချိုလူနာများ၊ ကျောက်ကပ်လူနာများ
- Electrolyte ဓာတ်များ မမျှမတဖြစ်ခြင်း (သွေးတွင်း ပိုတက်ဆီယမ် သို့မဟုတ် ဆိုဒီယမ်ဓာတ်များ တက်ခြင်း၊ ကျခြင်း စသည်)
- ကျောက်ကပ်ရောဂါ
- အသည်းရောဂါ (အသည်းခြောက်ခြင်း အပါအဝင်)
သောက်သုံးရန်အညွှန်း
အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။
အရွယ်ရောက်ပြီးသူများ အသုံးပြုရမယ့်ပမာဏ
သွေးတိုးရောဂါအတွက်
50mg တစ်နေ့ တစ်ကြိမ်၊ လူနာအခြေအနေပေါ် မူတည်ပြီး 100mgအထိ တိုးနိုင်ပါတယ်။
ဆီးချိုကြောင့် ကျောက်ကပ်ထိခိုက်ခြင်းအတွက်
စစချင်းမှ တစ်နေ့ကို 50mg၊ လူနာအခြေအနေပေါ် မူတည်ပြီး 100mgအထိ တိုးနိုင်ပါတယ်။
နှလုံးညှစ်အားစကျခြင်းအတွက်
စစချင်းမှ တစ်နေ့ကို 12.5mg၊ လူနာအခြေအနေပေါ် မူတည်ပြီး အများဆုံး 150mgအထိ တိုးနိုင်ပါတယ်။
ကလေးများ အသုံးပြုရမယ့်ပမာဏ
၆နှစ်မှ ၁၈နှစ် ကိုယ်အလေးချိန် ၂၀−၅၀ ကီလိုဂရမ် : 0.7 mg/kg မှ အများဆုံး 150mg တစ်နေ့တစ်ကြိမ်
၅၀ကီလိဂရမ်နဲ့အထက် ကလေးတွေမှာ လူကြီးတွေ သောက်တဲ့ပမာဏအတိုင်း ညွှန်းနိုင်ပါတယ်။
Losartan (လိုဆာတန်) ကို ဘယ်လိုရရှိနိုင်သလဲ
losartan ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနဲ့ အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
သောက်ဆေးပြား : 12.5 mg, 25 mg, 50 mg နဲ့ 100 mg.
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
Losartan ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်သောက်ရမယ့်အချိန်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သောက်ပါ။ ဆေးနှစ်ခါ သောက်တာမျိုး မလုပ်ပါနဲ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။