backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Dextromethorphan (ဒက်စ်ထရိုမီသိုဖန်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Dextromethorphan (ဒက်စ်ထရိုမီသိုဖန်)

Dextromethorphan (ဒက်စ်ထရိုမီသိုဖန်) ကို Dextromethorphan hydrobromide (HBr) လို့ ခေါ်ပါတယ်။ Generic drug ဖြစ်ပြီး ချောင်းဆိုးပျောက်ဆေးပါ။ Codeine (မော်ဖင်းအမျိုးအစားတစ်မျိုး) ပါဝင်မှု ရှိပေမယ့် ဆေးညွှန်းမလိုဘဲ ဝယ်ယူလို့ရတဲ့ OTC ဆေးတစ်မျိုးပါ။ တံဆိပ်အမျိုးမျိုးတဲ့ ရနိုင်ပြီး  dextromethorphan တစ်မျိုးတည်းပါဝင်တဲ့ ဆေးရှိသလို အခြားဆေးဝါးတွေပါ ပေါင်းစပ်ပါဝင်နေတဲ့ ဆေးတွေလည်းရှိပါတယ်။ တံဆိပ်အလိုက် ကွာခြားနိုင်ပါတယ်။

အသုံးပြုပုံများ

Dextromethorphan (ဒက်စ်ထရိုမီသိုဖန်) ကို ဘာအတွက်အသုံးပြုကြသလဲ

Dextromethorphanကို

  • အအေးမိတာကြောင့် ဖြစ်တဲ့ ချောင်းဆိုး သက်သာစေဖို့
  • လည်ချောင်းယားတာ
  • ချောင်းခြောက်ဆိုးတာတွေ သက်သာစေဖို့ အသုံးပြုကြပါတယ်။

Dextromethorphan (ဒက်စ်ထရိုမီသိုဖန်)ကို ဘယ်လိုသောက်သုံးသင့်ပါသလဲ

ဆေးဘူးမှာပါတဲ့ အညွှန်းကို သေသေချာချာ ပြည့်ပြည့်စုံစုံ ဖတ်ပါ။ ဆေးရဲ့ ပါဝင်ပစ္စည်း အညွှန်းဇယားတွေနဲ့ ကုန်ဆုံးရက်တွေကို သေချာ ဖတ်ပါ။

ဆေးလုံးအနေနဲ့ သောက်သုံးမယ်ဆိုရင် ဆေးတစ်လုံးလုံးကို မျိုချပါ။ ဝါးမစားပါနဲ့၊ မချိုးပါနဲ့။ ရေနဲ့ပျော်အောင် ဖျော်တာမျိုး မလုပ်ပါနဲ့။

ငုံဆေးပြားဆိုရင် ပါးစပ်ထဲမှာ ငုံထားပြီး ဖြည်းဖြည်းချင်းပျော်သွားအောင် ထားပါ။ ဆေးအလုံးလိုက် မျိုချတာ၊ ဝါးစားတာ၊ ရေနဲ့ ဖျော်သောက်တာမျိုး မလုပ်ပါနဲ့။

ဆေးရည်အနေနဲ့ သောက်သုံးမယ်ဆိုရင် အိမ်မှာ သုံးတဲ့ ဇွန်းကို မသုံးရပါဘူး။ ဆေးသောက်ဖို့ ထည့်ပေးတဲ့ ဆေးချိန်ခွက်လေးနဲ့ပဲ ချိန်ပြီး တိုက်ပေးပါ။

Dextromethorphanကို ဘယ်လိုသိုလှောင်သိမ်းဆည်းထားသင့်ပါသလဲ။

Dextromethorphanကို အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်အသိပေးချက်နှင့် သတိပြုရန်အချက်များ

Dextromethorphan (ဒက်စ်ထရိုမီသိုဖန်)ကို မသောက်သုံးခင်မှာ ဘယ်အချက်တွေကို သိထားသင့်သလဲ။

Dextromethorphan (ဒက်စ်ထရိုမီသိုဖန်)ကို  မသောက်သုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်
  • တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
  • ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်
  • တခြားရောဂါအခံတွေ ရှိနေရင်

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။

ဒီဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်တွင် သောက်တဲ့အခါ ဆိုးကျိုးများရှိမရှိအတွက် လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိသေးပါ။ ဒါကြောင့် ဆေးမသောက်သုံးမီမှာ ဖြစ်နိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဒီဆေးကို အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် C ရှိသည်ဟု သတ်မှတ်ထားပါတယ်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံးရန် မသင့်ပါ။
  • N=အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Dextromethorphanက ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်လဲ။

တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • ဗိုက်အောင့်တာ
  • ဝမ်းပျက်ဝမ်းလျှောဖြစ်တာ
  • မအီမသာဖြစ်တာ
  • အော့အန်တာ
  • မူးဝေတာ
  • ညီးစီစီဖြစ်တာ
  • တက်တာ
  • စိတ်လှုပ်ရှားတာ
စိုးရိမ်စိတ်များတာ
  • အိပ်မပျော်တာ
  • စိတ်ရှုပ်ထွေးတာ
  • အသက်ရှူရခက်လာ တာ
  • Serotonin syndrome စတာတွေပါ။
  • ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

    ဆေးဝါးဓာတ်ပြုမှုများ

    ဘယ်ဆေးဝါးတွေက Dextromethorphanကို နဲ့ ဓာတ်ပြုမှုတွေ ဖြစ်နိုင်သလဲ။

    Dextromethorphanက လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

    မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဖက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

    ဓာတ်ပြုနိုင်တဲ့ ဆေးဝါးများ

    • ဓာတ်မတည့်မှုအတွက် သောက်ရတဲ့ဆေး (Antihistamine)
    • စိတ်ရောဂါကုဆေးဝါးများ
    • အာရုံကြောလုပ်ဆောင်မှု ဖိနှိပ်တဲ့ ဆေးဝါးများ
    • Fluoxetine
    • Paroxetine
    • Quinidine
    • Terbinafine
    • MAOIs
    • SSRIs

    ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ ပြန်တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။

    အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက Dextromethorphan (ဒက်စ်ထရိုမီသိုဖန်) နဲ့ ဓာတ်ပြုနိုင်ပါသလား။

    ဒီဆေးက အစားအစာတွေ ဒါမှမဟုတ် အယ်လ်ကိုဟောနဲ့ ဓာတ်ပြုနိုင်ပါတယ်။ ဒီလို ဓာတ်ပြုတာက ဆေးရဲ့ ဓာတ်ပြုမှု အာနိသင်နဲ့ ထိရောက်မှုကို ပြောင်းလဲစေနိုင်ပြီး ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆေးသောက်ချိန်မှာ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေ မသောက်ပါနဲ့။ ဆေးမသောက်မီမှာ ဖြစ်နိုင်ခြေရှိတဲ့ အစားအစာ၊ အယ်လ်ကိုဟောတို့နဲ့ ဓာတ်ပြုနိုင်ခြေကို ဆရာဝန် ဒါမှမဟုတ် ကျွမ်းကျင်သူတွေနဲ့ အရင်တိုင်ပင်ပါ။

    ဘယ်လိုကျန်းမာရေးအခြေအနေတွေက Dextromethorphan (ဒက်စ်ထရိုမီသိုဖန်) နဲ့ ဓာတ်ပြုမှုတွေရှိမလဲ။

    Dextromethorphanက သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့်

    • ပန်းနာရင်ကျပ်ရောဂါ
    • အဆုတ်လေအိတ်ငယ်များ ပျက်စီးတဲ့ရောဂါ (Emphysema)
    • အသည်းရောဂါ
    • ဆေးလိပ်သောက်တာတွေပါ။

    သောက်သုံးရန်အညွှန်း

    အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    အရွယ်ရောက်ပြီးများအတွက် ဆေးပမာဏ

    တစ်ခါ သောက်ရင် 5 ml- 10 ml ကို ၄ နာရီခြားတစ်ခါ သို့မဟုတ် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက်ပေးပါ။

    ကလေးများအတွက် ဆေးပမာဏ

    ၆ နှစ် ကနေ ၁၂ နှစ် ဆိုရင် တစ်ခါ သောက်ရင် 2.5 ml ကနေ 5 ml စီကို ၄ နာရီခြားတစ်ခါ သို့မဟုတ် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း တိုက်ပေးပါ။ အသက် ၆ နှစ်အောက် ကလေးတွေကို မတိုက်သင့်ပါဘူး။

    ၁၂ နှစ်အထက်ဆိုရင် လူကြီးတွေ သောက်တဲ့ ဆေးညွှန်းအတိုင်း တိုက်ပေးလို့ရပါတယ်။

    Dextromethorphan (ဒက်စ်ထရိုမီသိုဖန်)ကို ဘယ်လိုပုံစံမျိုး၊ အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။

    Dextromethorphan (ဒက်စ်ထရိုမီသိုဖန်)ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနဲ့ အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

    • သောက်ဆေးတောင့်: 15 mg
    • ဆေးရည် [သောက်သုံးရန်]: 10 mg/5 mL
    • ငုံဆေး သို့မဟုတ် ချောင်းဆိုးပျောက် ဆေးရည်း: 5 mg

    အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

    ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

    Dextromethorphanကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်သောက်ရမယ့်အချိန်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သောက်ပါ။ ဆေးနှစ်ခါ သောက်တာမျိုး မလုပ်ပါနဲ့။

    ရေးသားသူ – Dr. Zin Wai Yan Lin

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Hello Sayarwon Panel မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement