backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Pseudoephedrine (ဆူဒို အက်ဖီဒရင်း)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 22/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Pseudoephedrine (ဆူဒို အက်ဖီဒရင်း)

အသုံးပြုပုံများ

Pseudoephedrine (ဆူဒို အက်ဖီဒရင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Pseudoephedrine (ဆူဒို အက်ဖီဒရင်း) ကို အအေးမိတုပ်ကွေး ဒါမှမဟုတ် ဓာတ်မတည့်နာ၊ လေပြွန်ရောင်တာ၊ hay fever တို့ကြောင့်ဖြစ်တဲ့ နှာပိတ်ခြင်းအတွက် အသုံးပြုပါတယ်။ ဒီဆေးက သွေးကြောတွေကို ကျုံ့စေတာကြောင့် ရောင်ရမ်းတာ၊ နှာပိတ်တာတွေကို သက်သာစေပါတယ်။

ဆေးညွှန်းမှာ မပါပေမယ့် ဆရာဝန်ညွှန်ကြားတဲ့အခါ အသုံးပြုနိုင်တဲ့ အခြေအနေတွေကတော့ နားနာခြင်း၊ နားရောင်ရမ်းခြင်း သို့မဟုတ် လေဖိအားအပြောင်းအလဲဖြစ်တဲ့အချိန် (လေယာဉ်စီးခြင်း၊ရေငုပ်ခြင်းစသည်) မျိုးမှာ နားလမ်းကြောင်းတလျှောက် ပုံမှန်အတိုင်း ရှိနေစေရန်အတွက်လည်း အသုံးပြုပါတယ်။

Pseudoephedrine (ဆူဒို အက်ဖီဒရင်း) ဘယ်လိုသောက်သုံးသင့်သလဲ

တကယ်လို့ ဆရာဝန်ညွှန်ကြားချက်မလိုတဲ့ ဆေးဝါးများကို မိမိဖာသာဝယ်ယူအသုံးပြုပါက ဆေးကို အသုံးမပြုခင် ဆေးဘူးမှာပါရှိတဲ့ ဆေးညွှန်းများကို သေချာစွာ ဖတ်ရှုဖို့ လိုအပ်ပါတယ်။ မရှင်းလင်းသည်များ ရှိပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပုဂ္ဂိုလ်တို့ကို မေးမြန်းပါ။ ဆရာဝန်ညွှန်ကြားချက်ဖြင့်အသုံးပြုပါက ညွန်ကြားချက်ကို အတိအကျ လိုက်နာပါ။

ဝါးစားနိုင်တဲ့ ဆေးပြားကိုသုံးစွဲမယ်ဆိုရင် ဆေးကို သေချာဝါးပြီးမှ မြိုချပါ။ Pseudoephedrine အရည်ကို အသုံးပြုပါက ဆေးနဲ့ အတူပါရှိတဲ့ တိုင်းတာတဲ့ ကိရိယာလေးကိုအသုံးပြုပြီး ဆေးရည်ပမာဏအား တိကျစွာ သောက်သုံးရပါမယ်။ ဆေးပမာဏမှားယွင်းနိုင်တာကြောင့် ပုံမှန်အိမ်မှာ အသုံးပြုတဲ့ဇွန်းကို အရည်ပမာဏတိုင်းတာရန် မသုံးပါနဲ့။

Pseudoephedrine (ဆူဒို အက်ဖီဒရင်း) ဘယ်လိုသိမ်းဆည်းရမလဲ

ဆေးကို အခန်းအပူချိန်မှာ သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Pseudoephedrine (ဆူဒို အက်ဖီဒရင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Pseudoephedrineကို အသုံးမပြုခင်မှာ အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်။
  • တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
  • ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်
  • တခြားရောဂါအခံတွေ ရှိနေရင်

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Pseudoephedrine (ဆူဒို အက်ဖီဒရင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ဒီဆေးကို ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်တွင် သောက်တဲ့အခါ ဆိုးကျိုးများရှိ၊ မရှိအတွက် လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိသေးပါ။ ဒါကြောင့် ဆေးအသုံးမပြုခင်မှာ ဖြစ်နိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

လေ့လာမှုတွေအရ ဒီဆေးက နို့တိုက်မိခင်တွေမှာ ကလေးငယ်ကို ထိခိုက်မှု အနည်းငယ်သာဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

ဘေးထွက်ဆိုးကျိုးများ

Pseudoephedrine (ဆူဒို အက်ဖီဒရင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ။

တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • အစားအသောက် ပျက်ခြင်း။
  • အရေပြား ပူနွေးနီရဲခြင်း။
  • ဂဏှာမငြိမ်ခြင်း (အထူးသဖြင့် ကလေးများတွင်)
  • အိပ်မပျော်ခြင်း။
  • အနီစက်များ ထွက်ခြင်း၊ယားယံခြင်းတို့ပဲ ဖြစ်ပါတယ်။

အင်ပြင်များ ထွက်ခြင်း၊ အသက်ရှူရ ခက်ခဲလာခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓာတ်မတည့်တဲ့ လက္ခဏာများ ခံစားလာရပါက အရေးပေါ်ကုသမှုကို ခံယူရပါမယ်။

အောက်ပါလက္ခဏာများခံစားရပါက Pseudoephedrine သောက်သုံးခြင်းကို ချက်ချင်းရပ်ပြီး ဆရာဝန်နဲ့ အမြန်ပြသပါ။

  • နှလုံးခုန် မြန်ခြင်း၊ မမှန်ခြင်း။
  • မူးဝေထိုင်းမှိုင်းခြင်း၊ စိုးရိမ်ပူပန်စိတ်များခြင်း။
  • သွေးခြေဥလွယ်ခြင်း၊ သွေးထွက်လွယ်ခြင်း၊  ပုံမှန်မဟုတ်တဲ့ ပင်ပန်းနွမ်းနယ်မှုခံစားရခြင်း၊
  • ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ တုပ်ကွေးလက္ခဏာများ၊ တကိုယ်လုံးနာကျင်ကိုက်ခဲခြင်း။
  • သွေးပေါင်အလွန်တက်ခြင်း (ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ အမြင်ဝါးခြင်း၊ နားအူခြင်း၊ စိတ်ပူပန်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ရင်ဘတ်အောင့်ခြင်း၊အသက်ရှူရခက်ခြင်း၊ နှလုံးခုန်စည်းချက်မမှန်ခြင်း၊ တက်ခြင်း)။

ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Pseudoephedrine (ဆူဒို အက်ဖီဒရင်း) နဲ့ ဓာတ်ပြုနိုင်သလဲ။

Pseudoephedrineက လောလောဆယ် အသုံးပြုနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိ အသုံးပြုနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။
ဓာတ်ပြုနိုင်တဲ့ ဆေးဝါးများ
  • Clorgyline
  • Dihydroergotamine
  • Furazolidone
  • Iproniazid
  • Isocarboxazid
  • Linezolid
  • Moclobemide
  • Niallide
  • Pargyline
  • Phenelzine
  • Procarbazine
  • Rasagiline
  • Selegiline
  • Toloxatone
  • Tranylcypromine

ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။

အစားအသောက်တွေနဲ့ အရက်က Pseudoephedrineနဲ့ ဓာတ်ပြုနိုင်သလား

Pseudoephedrineက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ကဖင်းက ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကို ပိုဆိုးစေတာကြောင့် ဆေးသောက်တဲ့ရက်တွေမှာ ကဖင်းပါတဲ့ သောက်စရာတွေ၊ ဆေးဝါးတွေနဲ့ ချောကလက်စတာတွေကို ရှောင်ရပါမယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Pseudoephedrine (ဆူဒို အက်ဖီဒရင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Pseudoephedrineက သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့်

  • အမျိုးအစား -၂ ဆီးချိုရှိမယ်ဆိုရင်
  • ဆီးကျိတ်ရောင်တာ ကြီးတာ ဖြစ်နေရင်
  • ရေတိမ်ရှိရင် သို့မဟုတ် ရေတိမ်ဖြစ်နိုင်ခြေရှိရင်
  • နှလုံးရောဂါ သို့မဟုတ် နှလုံးသွေးကြောဆိုင်ရာ ရောဂါများရှိရင်
  • သွေးတိုးရှိရင်
  • သိုင်းရွိုက်ဂလင်းအလွန်အကျွံအလုပ်လုပ်နေမယ်ဆိုရင်ပါ။

သောက်သုံးရန်အညွှန်း

အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အရွယ်ရောက်ပြီးသူတွေ အသုံးပြုရမယ့်ပမာဏ

နှာခေါင်းပိတ်ခြင်းအတွက်

ချက်ချင်းအာနိသင်ပြတဲ့ ဆေးပုံစံ : ၃၀-၆၀မီလီဂရမ်ကို ၄နာရီခြား သို့မဟုတ် ၆နာရီခြားတခါ (လိုအပ်သလို) သောက်နိုင်ပါတယ်။

အာနိသင်ဖြည်းဖြည်းပြတဲ့ ဆေးပုံစံ : ၁၂၀မီလီဂရမ်ကို ၁၂နာရီခြားတခါ (လိုအပ်သလို) သောက်နိုင်ပါတယ်။

အာနိသင်ဖြည်းဖြည်းပြတဲ့ သောက်ဆေးအရည်ပုံစံ : ၄၅ – ၁၀၀မီလီဂရမ်ကို ၁၂နာရီခြားတခါ (လိုအပ်သလို) သောက်နိုင်ပါတယ်။

တစ်နေ့တာအတွက် အများဆုံး သောက်နိုင်သောပမာဏ : ၂၄၀မီလီဂရမ်

ကလေးတွေ အသုံးပြုရမယ့်ပမာဏ

နှာခေါင်းပိတ်ခြင်းအတွက်

အသက်၂နှစ်မှ ၅နှစ်အတွင်း

ချက်ချင်းအာနိသင်ပြတဲ့ ဆေးပုံစံ : ၁၅မီလီဂရမ်ကို ၆နာရီခြားတခါ။

အာနိသင်ဖြည်းဖြည်းပြတဲ့ ဆေးပုံစံ : ၁၂.၅ – ၂၅မီလီဂရမ်ကို ၁၂နာရီခြားတခါ (လိုအပ်သလို) သောက်နိုင်ပါတယ်။

တစ်နေ့တာအတွက် အများဆုံးသောက်နိုင်တဲ့ပမာဏ : ၆၀မီလီဂရမ်

(သို့မဟုတ်) 1mg/kg/dose နှုန်းနဲ့ ၆နာရီခြားတစ်ခါ (အများဆုံးပမာဏမှာ ၁၅မီလီဂရမ်ဖြစ်ပါတယ်။)

အသက်၆နှစ်မှ ၁၂နှစ်အတွင်း

ချက်ချင်းအာနိသင်ပြတဲ့ ဆေးပုံစံ : ၃၀မီလီဂရမ်ကို ၆နာရီခြားတခါ။

အာနိသင်ဖြည်းဖြည်းပြတဲ့ သောက်ဆေးအရည်ပုံစံ : ၂၅ – ၅၀မီလီဂရမ်ကို ၁၂နာရီခြားတစ်ခါ (လိုအပ်သလို) သောက်နိုင်ပါတယ်။

တစ်နေ့တာအတွက် အများဆုံးသောက်နိုင်တဲ့ပမာဏ ၁၂၀မီလီဂရမ်

အသက်၁၂နှစ်အထက်

ချက်ချင်းအာနိသင်ပြတဲ့ ဆေးပုံစံ : ၃၀-၆၀မီလီဂရမ်ကို ၄နာရီခြား သို့မဟုတ် ၆နာရီခြားတခါ (လိုအပ်သလို) သောက်နိုင်ပါတယ်။

အာနိသင်ဖြည်းဖြည်းပြတဲ့ ဆေးပုံစံ : ၁၂၀မီလီဂရမ်ကို ၁၂နာရီခြားတခါ (လိုအပ်သလို) သောက်နိုင်ပါတယ်။

အာနိသင်ဖြည်းဖြည်းပြတဲ့ သောက်ဆေးအရည်ပုံစံ : ၅၀ – ၁၀၀မီလီဂရမ်ကို ၁၂နာရီခြားတခါ (လိုအပ်သလို) သောက်နိုင်ပါတယ်။

တစ်နေ့တာအတွက် အများဆုံး သောက်နိုင်သောပမာဏ : ၂၄၀မီလီဂရမ်

Pseudoephedrine (ဆူဒို အက်ဖီဒရင်း) ကိုဘယ်လိုရရှိနိုင်သလဲ

Pseudoephedrineကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနဲ့ အချိုးအစားများဖြင့်ရရှိနိုင်ပါတယ်။

ဆေးတောင့် – ၁၂၀မီလီဂရမ်

သောက်ဆေးအရည် –  30mg/5ml

ရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Pseudoephedrineကို သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်ပါ။ ဒါပေမယ့် နောက်တစ်ကြိမ်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သုံးပါ။ ဆေးနှစ်ကြိမ် သုံးတာမျိုး မလုပ်ပါနဲ့။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 22/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement