backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Xanax®(ဇန်းနက်စ်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 14/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Xanax®(ဇန်းနက်စ်)

အသုံးပြုပုံများ

Xanax®(ဇန်းနက်စ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Xanax®(ဇန်းနက်စ်)ဆိုတာက benzodiazepine အမျိုးအစား ဆေးဝါးအုပ်စုဝင် alprazolam ဆေးရဲ့ brand name ပါ။ ဒီဆေးကို စိတ်ပိုင်းဆိုင်ရာ ရောဂါတွေဖြစ်တဲ့ စိတ်ဖိစီးတာ၊ စိုးရိမ်စိတ်များတာနဲ့ ပြင်းထန်တဲ့ စိုးရိမ်ထိတ်လန့်မှုတွေကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။

Xanax® (ဇန်းနက်စ်) က ဦးနှောက် နဲ့ ဗဟိုအာရုံကြောစနစ်ထဲက လျှပ်ကူးမှုကို လျှော့ချပေးတာကြောင့် စိတ်ကို တည်ငြိမ်စေပါတယ်။ ဦးနှောက်ထဲမှာ လျှပ်ကူးမှု နှေးသွားတာကြောင့် စိုးရိမ်မှုတွေနဲ့ ဗဟိုအာရုံကြောစနစ်ရဲ့ တင်းအားတွေကို လျှော့ချပေးနိုင်သွားပါတယ်။ ဒီလိုဖြစ်ရတာက gamma-aminobutyric acid (GABA) လို့ခေါ်တဲ့ ဦးနှောက်ထဲက ဓာတုပစ္စည်းတစ်ခုရဲ့ လုပ်ဆောင်မှု တိုးလာတာကြောင့်ပါ။

Xanax® (ဇန်းနက်စ်)နဲ့ အာနိသင်တူတဲ့ အခြားဆေးတွေကတော့ benzodiazepine အမျိုးအစားဝင် diazepam (Valium), clonazepam (Klonopin), lorazepam (Ativan), and flurazepam (Dalmane)တို့ ပါဝင်နေပါတယ်။

Xanax® (ဇန်းနက်စ်) ဘယ်လိုသောက်သုံးသင့်သလဲ

Xanax® (ဇန်းနက်စ်)ကို ဆေးဘူးမှာပါတဲ့ ဆေးညွှန်းအတိုင်း ဆေးစာမှာ ပါတဲ့အတိုင်း သောက်ပေးရပါမယ်။ Xanax® (ဇန်းနက်စ်)ကို အများကြီး သောက်တာ၊ အချိန်ကြာမြင့်စွာ စွဲသောက်တာမျိုး မလုပ်ပါနဲ့။ ဆေးကို မသောက်သုံးခင်မှာ ဆရာဝန်နဲ့ အရင် တိုင်ပင်ပါ။

Xanax® (ဇန်းနက်စ်)ကို အခြားသူတွေနဲ့ မျှဝေသောက်တာမျိုး မလုပ်ပါနဲ့။ အထူးသဖြင့် ဆေးစွဲဖူးတဲ့သူတွေကိုပါ။

Xanax® (ဇန်းနက်စ်)ကို သောက်ဆေးအနေနဲ့ သောက်မယ်ဆိုရင် ဆရာဝန် ညွှန်ကြားတဲ့အတိုင်း သောက်ပေးပါ။ အသက်အရွယ်၊ ကျန်းမာရေးအခြေအနေနဲ့ ခန္ဓာကိုယ်ရဲ့ ဆေးတုံ့ပြန်မှုကို လိုက်ပြီး ဆေးပမာဏ ကွာခြားနိုင်ပါတယ်။

လိုချင်တဲ့ ဆေးအာနိသင် မရမချင်း ဆေးပမာဏကို နည်းနည်းချင်း တိုးသောက်သွားရနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးကို လျှော့နိုင်သမျှ လျှော့ချနိုင်ဖို့အတွက် ဆေးညွှန်း အတိုင်း၊ ဆရာဝန် ညွှန်ကြားတဲ့အတိုင်း သောက်ပေးပါ။

ဆေးသောက်တဲ့အခါ ဆေးကို ရေနဲ့ အလုံးလိုက် မျိုချပါ။ ဆေးကို ဝါးစားတာ၊ ကြိတ်ခြေတာ၊ ငုံတာမျိုး မလုပ်ပါနဲ့။ ဒီဆေးကိုက ဖြည်းဖြည်းချင်း ပျော်ဝင်အောင် လုပ်ဆောင်ထားတာ ဖြစ်ပြီး ဆေးကို ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း စုပ်ယူတာပါ။

ဆေးကို မသောက်ခင်မှာ ကြိတ်ခြေလိုက်မယ်ဆိုရင် ဆေးကို ခန္ဓာကိုယ်က တစ်ချိန်တည်းမှာ အကုန် စုပ်ယူလိုက်မှာပါ။ ဒီလိုဆိုရင် ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။

Xanax® (ဇန်းနက်စ်)ကို ဘယ်လို သိမ်းဆည်းမလဲ

ဆေးကို အခန်းအပူချိန်မှာ သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Xanax®ကို အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးနဲ့ ဓာတ်မတည့်တာမျိုး ဖြစ်မယ်။ ဒါမှမဟုတ် alprazolam သို့မဟုတ်အခြားသော benzodiazepine ဆေးဝါးတွေနဲ့ ဓာတ်မတည့်တာမျိုး ရှိမယ်ဆိုရင် ဆရာဝန်ကို ကြိုပြောပြသင့်ပါတယ်။

ဒါ့အပြင် ဆေးမသောက်ခင်မှာ ဆရာဝန်ကို ကျန်းမာရေးအခြေအနေကို ပြောပြထားဖို့ လိုပါမယ်။ အထူးသဖြင့် အသက်ရှူလမ်းကြောင်း ကျန်းမာရေးပြဿနာ၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ ရေတိမ် နဲ့ အခြား အရက်နဲ့ ဆေးဝါးစွဲနေတာမျိုးတွေ ရှိရင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Xanax® (ဇန်းနက်စ်)ကို သုံးစွဲဖို့ စိတ်ချရပါသလား

Xanax® (ဇန်းနက်စ်)ကို ကိုယ်ဝန်ဆောင်တွေ သုံးစွဲဖို့ စိတ်ချရတယ်လို့ ထောက်ခံချက် မရှိပါဘူး။ အကြောင်းကတော့ ဆေးကြောင့် ကလေးမှာ မွေးရာပါ ချို့ယွင်းချက် ပါလာနိုင်တာကြောင့်ပါ။ ဒါ့အပြင် ဆေးဖြတ်လိုက်ရင် ကလေးငယ်လေးတွေမှာ အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့ လက္ခဏာတွေ ခံစားရနိုင်တာကြောင့်ပါ။

နို့တိုက်မိခင်တွေမှာလည်း မိခင်နို့ကနေတဆင့် ကလေးဆီကို ရောက်ရှိသွားနိုင်တာကြောင့် နို့တိုက်မိခင်တွေအနေနဲ့ ဒီဆေးတွေကို သောက်ဖို့ ဘေးကင်းတယ်လို့ ထောက်ခံထားတာမျိုး မရှိပါဘူး။

ဒါကြောင့် ကိုယ်ဝန်ဆောင်နေမယ်၊ နို့တိုက်မိခင် ဖြစ်မယ်၊ ကိုယ်ဝန်ဆောင်ဖို့ အစီအစဉ် ရှိမယ်ဆိုရင် ဒီဆေးကို မသောက်ခင်မှာ ဆရာဝန်တွေ၊ သားဖွားဆရာမတွေနဲ့ အရင် တိုင်ပင်ပါ။

Xanax® (ဇန်းနက်စ်)က စွဲလမ်းစေနိုင်လား

အခြားသော အိပ်ဆေးတွေ၊ စိတ်ငြိမ်ဆေးတွေ နည်းတူ Xanax® (ဇန်းနက်စ်)ကလည်း စွဲလမ်းစေနိုင်ပါတယ်။ ဆေးကို အချိန်ကြာမြင့်စွာ သုံးတာ ဒါမှမဟုတ် ဆေးပမာဏ အများကြီး သုံးမယ်ဆိုရင် ဆေးစွဲတာမျိုး ဖြစ်နိုင်ပါတယ်။

Xanax® (ဇန်းနက်စ်)က စိုးရိမ်စရာကောင်းတဲ့ ရုပ်ပိုင်းဆိုင်ရာစွဲလမ်းမှုကို ခံစားရနိုင်ပါတယ်။ ဆိုလိုတာက နာကျင်မှုတွေ သက်သာစေ Xanax®ကို ဆေးကို အမြဲတမ်းသုံးချင်နေပါလိမ့်မယ်။

ဆေးစွဲနေတဲ့သူတွေမှာ

  • ဆေးကို အဆက်မပြတ် အမြဲလိုလို အသုံးပြုတယ်။ ရပ်ချင်ပေမယ့် ရပ်လို့ မရပါဘူး။
  • နေ့စဉ် လုပ်နေကျ အရာတွေ၊ ပုံမှန် စိတ်ဝင်စားနေတဲ့အရာတွေကို လုပ်ဆောင်ဖို့ စိတ်မဝင်စားတာမျိုး ဖြစ်နိုင်ပါတယ်။
  • အန္တရာယ်ရှိတဲ့ အပြုအမူတွေကို လုပ်ဆောင်တာမျိုးပါ။ ဥပမာ – ဆေးသုံးပြီး ကားမောင်းတာမျိုးပေါ့။

အပေါ်မှာ ပြောခဲ့တဲ့ လက္ခဏာတွေကို ခံစားရမယ်ဆိုရင် ဆေးစွဲနေပြီလို့ ပြောချင်ပါတယ်။ စွဲနေမှန်း သိပေမယ့် ဆေးရပ်လိုက်ရင်ဝေဒနာ ခံစားရတာကြောင့် ဆေးသုံးတာကို ရပ်လို့ မရဖြစ်နေပါတယ်။

ဒီဆေးစွဲတဲ့ လက္ခဏာတွေကို ကျော်လွှားနိုင်ဖို့အတွက် ဆေးပမာဏကို ဖြည်းဖြည်းချင်း လျှော့ပေးဖို့ ဆရာဝန်တွေနဲ့ တိုင်ပင်ပါ။

ဘေးထွက်ဆိုးကျိုးများ

Xanax® (ဇန်းနက်စ်)ကို အသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • ခေါင်းထဲက မိုက်ခနဲ မူးတာ
  • တံထွေး အထွက်များတာ
  • လိင်စိတ် ပြောင်းလဲတာ
  • ခြေကုန်လက်ပမ်း ကျတာ
  • မှတ်ဉာဏ်ထိခိုက်တာ
  • ကိုယ်အလေးအချိန် ပြောင်းတာ
  • ဝမ်းပျက်ဝမ်းလျှောတာ
  • အိပ်မပျော်တာ
  • အစားစားချင်စိတ် နည်းတာ၊ အလွန်အကျွံစားလာတာ
  • ဝမ်းချုပ်တာ စတာတွေ ခံစားရနိုင်ပါတယ်။

အချို့သော အခြေအနေတွေမှာ

  • သွေးပေါင်ကျတာ
  • လိင်ပိုင်းဆိုင်ရာ ပြောင်းလဲမျိုးတွေ ခံစားရနိုင်ပါတယ်။

ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဆေးရပ်လိုက်ပြီးချိန်မှာ ဘယ်လိုအခြေအနေတွေ ခံစားရနိုင်လဲ

ဆေးရပ်လိုက်တဲ့အချိန်မှာ ယင်းထတာ ဖြစ်တတ်ပါတယ်။ ဒါက မူးယစ်ဆေးပဲဖြစ်ဖြစ်၊ Xanax လိုမျိုး စွဲလမ်းစေနိုင်တဲ့ တခြားဆေးပဲဖြစ်ဖြစ် ရုတ်တရပ် ရပ်လိုက်ချင်မှာ ကြုံရတတ်ပါတယ်။

ဒါကြောင့် ဆရာဝန်တွေက ဆေးကို ချက်ချင်းရပ်တာမျိုး မလုပ်ဘဲ ဆေးကို ဖြည်းဖြည်းချင်း လျှော့ပေးတာပါ။ လူနာ အခြေအနေကို လိုက်ပြီး Xanax ကို နေ့စဉ် သောက်သုံးနေတဲ့ ဆေးပမာဏကို ၃ ရက် ကြာတိုင်းမှာ 0.5 mg စီ လျှော့ချသွားပါလိမ့်မယ်။

Xanax ကို ရပ်လိုက်ချိန်မှာ အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

  • အိပ်မပျော်တာ
  • ခေါင်းထဲက မိုက်ခနဲ မူးတာ
  • စိုးရိမ်စိတ် များတာ
  • ခြေကုန်လက်ပမ်းကျတာ
  • အကြောလိုက်တာ
  • ခေါင်းကိုက်တာ
  • မအီမသာဖြစ်တာ
  • အော့အန်တာ
  • ချွေးစေးပြန်တာ
  • ဝမ်းပျက်ဝမ်းလျှော ဖြစ်တာ
  • ကိုယ်အလေးချိန် ကျတာ
  • အစားစားချင်စိတ် နည်းတာ
  • နှလုံးခုန် မြန်တာ
  • တံထွေးတွေ အထွက်များတာ
  • သိမြင်မှု စွမ်းရည် ကျဆင်းတာ
  • မှတ်ဉာဏ်ဆိုင်ရာ ပြဿနာ
  • စိတ်ဓာတ်ကျတာ
  • စိတ်ရှုပ်ထွေးတာတွေကို ခံစားရနိုင်ပါတယ်။

ဒီဘေးထွက်ဆိုးကျိုးတွေကို ရှောင်ရှားဖို့အတွက် ဆေးကို ရုတ်တရပ် ရပ်လိုက်တာမျိုး မလုပ်ပါနဲ့။ ဆရာဝန် ခွင့်ပြုချက် မရှိဘဲ ဆေးကို အတိုးအလျော့ လုပ်တာမျိုး မလုပ်ပါနဲ့။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေနဲ့ ဓာတ်ပြုနိုင်သလဲ

Xanax®က လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

ဓာတ်ပြုနိုင်တဲ့ ဆေးဝါးများ

  • မှိုသတ်ဆေး (ဥပမာ− Sporanox or Nizoral)
  • အခြားသော benzodiazepine ဆေးဝါးတွေ (ဥပမာ –  Librium၊ Librax၊ Klonopin၊ Tranxene၊ Valium၊ ProSom၊ Dalmane၊ Ativan၊ Versed၊ Serax, Restoril နဲ့ Halcion)
  • အိပ်ဆေးတွေ (ဥပမာ –  Lunesta, Unisom, Rozerem, Sonata, and Ambien, Ambien CR, Edluarနဲ့ Zolpimist)
  • စိတ်ရောဂါကုဆေးဝါးတွေ (ဥပမာ –  Abilify, Saphris, Thorazine, Clozaril, Prolixin, Haldol, Fanapt, Adasuve, Loxitaneနဲ့ Latuda)
  • စိတ်ကျရောဂါ သောက်ဆေးတွေ (ဥပမာ –  Elavil, Etrafon, Asendin, Celexa, Anafranil, Norpramin, Sinequan, Lexapro, Prozacနဲ့ Zoloft)
  • အတက်ကျဆေးတွေ (ဥပမာ – Carbatrol, Tegretol, Depakote or Depakote ER, Depakene, Felbatol, Trileptal, Dilantin, and Mysoline .
  • ပိုးသတ်ဆေးတွေ ဥပမာ – Biaxin, erythromycin, Mycobutin , rifampin, Priftinနဲ့ Ketek)
  • HIV/AIDS ဆေးဝါး (ဥပမာ –  eyataz, Rescriptor, Sustiva, Atripla, Intelence, Crixivan, Viracept, Viramune, Invirase, Norvirနဲ့ Kaletra)
  • သားဆက်ခြားဆေး
  • မူးယစ်ဆေးဝါး
  • ဓာတ်မတည့်မှု သက်သာစေတဲ့ဆေးတွေပါ။

ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။

အစားအသောက်တွေနဲ့ အရက်က Xanax® (ဇန်းနက်စ်)နဲ့ ဓာတ်ပြုနိုင်သလား

Xanax®က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ မေးမြန်းတိုင်ပင်ပါ။ ဝိုင်တွေ၊ စပျစ်သီး ဖျော်ရည်တွေနဲ့လည်း တွဲမသောက်ပါနဲ့။

ဘယ်ရောဂါအခြေအနေတွေက Xanax®နဲ့ ဓာတ်ပြုနိုင်သလဲ

Xanax®က သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ ကျန်းမာရေးအခြေအနေ အကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့်

  • အသည်းရောဂါ
  • စိတ်ဓာတ်ကျတာ
  • အတက်ရောဂါ
  • အဝလွန်တာ
  • အသက်ရှူလမ်းကြောင်း ပြဿနာ
  • ရေတိမ်
  • ကျောက်ကပ်ထိခိုက်တာတွေပါ။

သောက်သုံးရန်အညွှန်း

အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အရွယ်ရောက်ပြီးသူတွေအတွက် အသုံးပြုရမယ့်ပမာဏ

စိုးရိမ်စိတ်များတဲ့ အရွယ်ရောက်ပြီးသူတွေအတွက်

  • စစသောက်ချင်းမှာ : 0.25 – 0.5 mg ကို တစ်နေ့ ၃ ကြိမ်အထိ သောက်ရပါမယ်။
  • ဒီဆေးပမာဏကို ၃ ရက် ကနေ ၄ ရက်ကြာတိုင်းမှာ ရောဂါလက္ခဏာ မသက်သာဘူးဆိုရင် နည်းနည်းချင်း တိုးသွားရပါမယ်။ အများဆုံးကတော့ တစ်နေ့ကို 4mg ပါ။

ရောဂါအရမ်းပြင်းမယ်ဆိုရင် တစ်နေ့ကို 4 mg ထပ်ပိုပြီး သောက်ရနိုင်ပါတယ်။ ဒါက လူတိုင်းအတွက်မဟုတ်ပါဘူး။ ဆရာဝန်ညွှန်ကြားမှ ဖြစ်ပါတယ်။

များသောအားဖြင့်ကတော့ ဆေးသောက်ပြီး ၅ မိနစ် ကနေ ၁၀ မိနစ်အတွင်းမှာ အာနိသင်ကို ခံစားရမှာပါ။ အာနိသင်ကတော့ ၁နာရီလောက်ထိ ခံပါတယ်။

Xanax ကို အသက် ၁၈ နှစ်အောက် ကလေးတွေ အသုံးမပြုရပါဘူး။

Xanax® (ဇန်းနက်စ်)ကိုဘယ်လိုရရှိနိုင်သလဲ

Xanax®ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနဲ့ အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • 0.25 mg ဆေးပြား
  • 0.5 mg ဆေးပြား
  • 1 mg ဆေးပြား
  • 2 mg ဆေးပြား

ဆေးလွန်သွားရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ။

ဆေးလွန်သွားမယ်ဆိုရင် အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

  • ခြေကုန်လက်ပမ်းကျတာ
  • အာရုံကြော ထိခိုက်တာ
  • ခန္ဓာကိုယ်ကြွက်သားတွေ အထိန်းအကွပ်မဲ့ လှုပ်ရှားတာ
  • ကိုမာစတာတွေပါ။

ရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Xanax®ကို သောက်ဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်ပါ။ ဒါပေမယ့် နောက်တစ်ကြိမ်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သောက်ပါ။ ဆေးနှစ်ကြိမ် သောက်တာမျိုး မလုပ်ပါနဲ့။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 14/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement