backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Lovastatin (လိုဗာစတက်တင်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 15/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Lovastatin (လိုဗာစတက်တင်)

Lovastatin (လိုဗာစတက်တင်)က generic သွေးတွင်းအဆီကျ ဆေးတစ်မျိုးပါ။ ဒီဆေးက သွေးတွင်းကိုလက်စထရော ထုတ်လုပ်တဲ့နေရာမှာ အရေးပါတဲ့ HMG-CoA reductase လို့ ခေါ်တဲ့ အင်ဇိုင်းကို ပိတ်ပင်ခြင်းအားဖြင့် သွေးတွင်းအဆီကို ကျဆင်းစေနိုင်ပါတယ်။

အသုံးပြုပုံများ

Lovastatin (လိုဗာစတက်တင်) ကို ဘာအတွက်အသုံးပြုကြသလဲ

Lovastatin (လိုဗာစတက်တင်) က အစားအသောက်တွေ နဲ့ လေ့ကျင့်ခန်းတွေ လုပ်ရုံနဲ့ အဆီကျဖို့ လုံလောက်မှု မရှိတဲ့အခါ သွေးတွင်းကိုလက်စထရောတွေကို ကျစေဖို့ သုံးနိုင်ပါတယ်။ ဒီလို ကျန်းမာရေးပြဿနာတွေ ရှိမယ်ဆိုရင် ဆရာဝန်က သင့်ကို ဒီဆေး ညွှန်းနိုင်ပါတယ်။

  • သွေးတွင်း ကိုလက်စထရောအဆီများတာ
  • မျိုးရိုးလိုက်တဲ့ သွေးတွင်းကိုလက်စထရော များတာ
  • နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ကာကွယ်ဖို့အတွက် အသုံးပြုကြပါတယ်။

Lovastatinဘယ်လိုသောက်သုံးသင့်သလဲ

ဆေးရဲ့ အချက်အလက် စုံစုံလင်လင် သိရနိုင်စေဖို့အတွက် ဆေးဘူးမှာပါတဲ့ အညွှန်းတွေကို သေချာဖတ်ပါ။ ဆေးရဲ့ ကုန်ဆုံးရက်ကို စစ်ဆေးပါ။

သောက်ဆေးအတွက် မျိုချရမယ့် ဆေးကို ဝါးစားတာ၊ ချေတာမျိုး၊ ရေနဲ့ ဖျော်သောက်တာမျိုး မလုပ်ပါနဲ့။ ဆေးသောက်တဲ့အခါ ဆေးကို ရေတစ်ခွက်၊ အစားနဲ့ ရောသောက်ပါ။

Lovastatin (လိုဗာစတက်တင်)ကို ဘယ်လိုသိမ်းဆည်းရမလဲ

ဆေးကို အခန်းအပူချိန်မှာ သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Lovastatin (လိုဗာစတက်တင်)ကို အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးမသုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်
  • တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
  • ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်
  • တခြားရောဂါအခံတွေ ရှိနေရင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Lovastatin (လိုဗာစတက်တင်)ကို သုံးစွဲဖို့ စိတ်ချရပါသလား

ဒီဆေးကို ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်တွေမှာ မသောက်သင့်ပါ။ ဒီဆေးက မွေးလာတဲ့ ကလေးမှာ ချို့ယွင်းချက်တွေ ဖြစ်စေနိုင်တယ်ဆိုတဲ့ အထောက်အထားတွေ ရှိပါတယ်။ ဒါကြောင့် ဒီဆေးသောက်မယ်ဆိုရင် ကိုယ်ဝန်ဆောင်နိုင်ခြေများတဲ့ အမျိုးသမီးတွေ (ပုံမှန်လိင်ဆက်ဆံမှုရှိတဲ့ အမျိုးသမီးတွေက) သန္ဓေတားဖို့ လိုပါတယ်။ ဆေးအသုံးမပြုခင်မှာ ဖြစ်နိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဒီဆေးကို အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် X ရှိသည်ဟု သတ်မှတ်ထားပါတယ်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံးရန် မသင့်ပါ။
  • N=အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Lovastatin (လိုဗာစတက်တင်)ကို အသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • အစာခြေစနစ်ပြဿနာ
  • ခေါင်းကိုက်တာ
  • မူးဝေတာ
  • အိပ်မပျော်တာ
  • ကြွက်သားအားနည်းတာ
  • ကြွက်သားနဲ့ အဆစ် နာကျင်တာ
  • ကြွက်တက်တာ
  • ကိုယ်အလေးချိန် တက်တာ
  • အမြင်အာရုံဝေဝါးတာ
  • အရေပြားမှာ အဖုအပိမ့်တွေ ထွက်တာ
  • အသည်းအင်ဇိုင်းပမာဏ ပုံမှန် မဟုတ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

အခုပြောတဲ့ ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေ ခံစားရမယ်ဆိုရင် မြန်နိုင်သမျှ မြန်မြန် ဆေးဝါးကုသမှု ခံယူပါ

  • ကြွက်သား ပြင်းပြင်းထန်ထန် နာကျင်တာ
  • ဆီးသွားတဲ့ ပုံစံ ပြောင်းသွားတာ၊ ခါးအောင်ပိုင်းနာတာ (ကျောက်ကပ်ပျက်စီးတာရဲ့ လက္ခဏာပါ)
  • အသားဝါတာ၊ ဗိုက်ထဲက အောင့်တာ ( အသည်းပျက်စီးတာရဲ့ လက္ခဏာပါ)
  • အစားစားပြီးချိန် ဗိုက်အောင့်တာ၊ အဖျားတက်တာ၊ မအီမသာဖြစ်တာ၊ အော့အန်တာ (ပန်ခရိယ ထိခိုက်တဲ့ လက္ခဏာပါ)
  • Stevens-Johnson syndrome (SJS), toxic epidermal necrolysis (TEN)
  • ပြင်းထန်တဲ့ ဓာတ်မတည့်မှုတွေပါ။

ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Lovastatinနဲ့ ဓာတ်ပြုနိုင်သလဲ

Lovastatinက လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

ဓာတ်ပြုနိုင်တဲ့ ဆေးဝါးများ

  • Amiodarone
  • Colchicine
  • Ranolazine
  • Danazol
  • Diltiazem
  • Verapamil
  • Warfarin
  • CYP3A4 inhibitors
  • Gemfibrozil
  • Ciclosporin
  • St. John’s wort တို့ပါ။

ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။

အစားအသောက်တွေနဲ့ အရက်က Lovastatin (လိုဗာစတက်တင်)ကို နဲ့ ဓာတ်ပြုနိုင်သလား

Lovastatin (လိုဗာစတက်တင်)က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒီဆေးသောက်နေချိန်မှာ အရက်သောက်တာကို ရှောင်ပါ။ ဂရိတ်ဖရုနဲ့ Lovastatinနဲ့ ဓာတ်ပြုနိုင်လို့ ဒီအသီးကိုလည်း အလွန်အကျွံမစားပါနဲ့။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Lovastatinနဲ့ ဓာတ်ပြုနိုင်သလဲ

Lovastatin (လိုဗာစတက်တင်)က သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ်  သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့်

  • အသည်းရောဂါ
  • ကြွက်သားရောဂါဖြစ်နိုင်ခြေများတာ
  • အရက်စွဲတာ
  • သိုင်းရွိုက်ဟော်မုန်း နည်းတာ
  • နာတာရှည် ကျောက်ကပ်ရောဂါ စတာတွေပါ။

ဆေးသုံးရန်အညွှန်း

အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အရွယ်ရောက်ပြီးသူတွေအတွက် အသုံးပြုရမယ့်ပမာဏ

စသောက်သောက်ချင်းမှာ တစ်နေ့ကို 10 to 20 mg ကို ညဘက် အိပ်ရာမဝင်ခင်မှာ သောက်ပေးပါ။ ၄ ပတ် ကြာတိုင်း ဆေးပမာဏကို တိုးပေးလို့ ရပါတယ်။ တစ်နေ့ကို 80 mg ထက် မကျော်လွန်ရပါဘူး။

ကျောက်ကပ်ထိခိုက်နေပြီး creatinine clearanceက 30ml/minအောက် နည်းနေမယ်။ ဆေးကိုလည်း တစ်ရက်ကို 20mg ထက်ပိုပေးထားမယ်ဆိုရင် အနီးကပ် စောင့်ကြည့်ဖို့ လိုပါမယ်။

ကလေးတွေအတွက် အသုံးပြုရမယ့်ပမာဏ

ကလေးက အသက် ၁၀ နှစ် ကနေ ၁၇ နှစ် ကြား ဖြစ်မယ်ဆိုရင် တစ်နေ့ကို တစ်ကြိမ် 10 to 20 mg အထိ ပေးလို့ ရပါတယ်။ ၄ ပတ် ကြာတိုင်း ဆေးပမာဏကို တိုးပေးလို့ ရပါတယ်။ တစ်နေ့ကို 40 mg ထက် မကျော်လွန်ရပါဘူး။

Lovastatinကို ဘယ်လိုရရှိနိုင်သလဲ

Lovastatin (လိုဗာစတက်တင်)ကို အောက်ပါ ပုံစံမျိုး၊ ပြင်းအားမျိုးတို့ဖြင့် ဝယ်ယူရရှိနိုင်ပါတယ်။

သောက်ဆေးပြား –  10 mg, 20 mg, 40 mg, 60 mg အသီးသီး ရရှိနိုင်ပါတယ်။

ရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

lovastatinကို သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သုံးပါ။ ဆေးနှစ်ကြိမ် သုံးတာမျိုး မလုပ်ပါနဲ့။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 15/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement