backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Sorafenib (ဆိုရာဖန်းနစ်ဘ်)


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Sorafenib (ဆိုရာဖန်းနစ်ဘ်) ကို ဘာအတွက်အသုံးပြုကြသလဲ

အသည်းကင်ဆာ၊ကျောက်ကပ်ကင်ဆာနဲ့သိုင်းရွိုက်ဂလင်းကင်ဆာတွေကိုကုသနိုင်ဖို့အတွက် Sorafenib ကိုအသုံးပြုကြပါတယ်။ ဒီဆေးဟာကင်ဆာဆဲလ်တွေရဲ့ကြီးထွားမှုကို လျော့နည်းစေ၊ရပ်တန့်စေနိုင်တဲ့ကင်ဆာဆေးတမျိုး ဖြစ်ပါတယ်။

Sorafenib (ဆိုရာဖန်းနစ်ဘ်) ဘယ်လိုသောက်သုံးသင့်သလဲ

ဒီဆေးကိုအစာမရှိချိန်မှာ သောက်သုံးရမှာဖြစ်ပြီး (အစာမစားခင်အနည်းဆုံးတနာရီဒါမှမဟုတ်အစာစားပြီးအနည်းဆုံးနှစ်နာရီအကြာမှာ သောက်သုံးရပါမယ်) ဆရာဝန်ညွှန်ကြားတဲ့အတိုင်းတနေ့ကိုနှစ်ကြိမ်သုံးစွဲရမှာပါ။ သင့်ရောဂါအခြေအနေ၊ဆေးကိုတုံ့ပြန်မှုတို့အပေါ်မူတည်ပြီးသုံးစွဲရမယ့် ဆေးပမာဏကွာခြားမှုရှိနိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားထားတဲ့ပမာဏထက်ပိုသောက်ခြင်း၊အကြိမ်ရေပိုသောက်ခြင်း၊ညွှန်ကြားထားတဲ့ကာလထက်ပိုသောက်ခြင်းတွေကို ရှောင်ကျဉ်ရပါမယ်။ ဒီလို သောက်ခြင်းအားဖြင့် ဆေးရဲ့အာနိသင်ပိုမလာနိုင်ဘဲ ဘေးထွက်ဆိုးကျိုးတွေသာပိုဆိုးလာမှာ ဖြစ်ပါတယ်။ ဆေးရဲ့အာနိသင်အထက်မြက်ဆုံးရရှိစေဖို့အတွက်မှန်မှန်သောက်ဖို့တော့လိုပါလိမ့်မယ်။ ဆေးသောက်မမေ့စေဖို့အတွက်တနေ့တာရဲ့တူညီတဲ့အချိန်မှာပဲဒီဆေးကို သောက်သုံးသင့်ပါတယ်။ ဒီဆေးကိုအရေပြားနဲ့အဆုတ်ကနေတဆင့်ခန္ဓါကိုယ်အတွင်းထဲစုပ်ယူနိုင်ပြီးသန္ဓေသားကိုထိခိုက်စေနိုင်တဲ့အတွက်ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ကိုယ်ဝန်ရှိလာနိုင်တဲ့အမျိုးသမီးတွေအနေနဲ့ဒီဆေးကိုကိုင်တွယ်ခြင်း၊ဆေးမှုန်တွေရှူမိခြင်းစတာတွေကို ရှောင်ရှားရပါမယ်။

Sorafenib (ဆိုရာဖန်းနစ်ဘ်) ဘယ်လိုသိမ်းဆည်းရမလဲ

ဆေးအများစုမှာအခန်းအပူချိန်တွင်သိုလှောင်ထားနိုင်ပါတယ်။

Sorafenib ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင် နဲ့စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံး သိုလှောင်သိမ်းဆည်းတဲ့ နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Sorafenib ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင်သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Sorafenib ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကိုကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကိုကလေးတွေ၊အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Sorafenib ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါဒါမှမဟုတ်သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကိုစနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင်သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင်သိမ်းဆည်းခြင်းတော့မပြုလုပ်ရပါ။

Sorafenib ကိုရေခဲသေတ္တာထဲတွင်သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Sorafenib (ဆိုရာဖန်းနစ်ဘ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Sorafenib နဲ့ဓါတ်မတည့်ခြင်းဒါမှမဟုတ်အခြားဓါတ်မတည့်ခြင်းများရှိနေရင်ဆရာဝန်ကိုကြိုတင်အသိပေးပါ။ ဒီဆေးမှာပါဝင်တဲ့ဓါတ်ပစ္စည်းတွေဟာဓါတ်မတည့်ခြင်းပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အသေးစိတ်ထပ်မံသိရှိနိုင်ဖို့အတွက်သင့်ဆရာဝန်ထံမှာ မေးမြန်းပါ။ သင့်ရောဂါရာဇဝင်နဲ့ပတ်သက်လို့ဆရာဝန်ကို ပြည့်ပြည့်စုံစုံအသိပေးပါ။ အထူးသဖြင့် သွေးယိုစီးခြင်းဆိုင်ရာ ပြဿနာများ၊နှလုံးရောဂါများရှိခြင်း (ဥပမာရုတ်တရက်နှလုံးထိခိုက်ခြင်း၊နှလုံးသွေးကြောရောဂါစသည်)၊သွေးပေါင်တက်ခြင်း၊အသည်းရောဂါရှိခြင်းစတဲ့ ရောဂါအခြေအနေတွေရှိနေရင်အသေအချာ ပြောပြထားရပါမယ်။Sorafenib ဟာနှလုံးစည်းချက်မမှန်ခြင်းဆိုင်ရာ ပြဿနာတခုဖြစ်တဲ့ QT prolongation ကို ဖြစ်ပေါ်စေနိုင်ပါတယ်။QT prolongation ဖြစ်ပေါ်လာပြီဆိုရင်တော့ (ရှားပါးပေမယ့်အသက်အန္တရာယ်ရှိတဲ့) နှလုံးခုန်မြန်ခြင်း/မမှန်ခြင်းအပါအဝင်အခြားသော ပြဿနာတွေကို (ဥပမာ ပြင်းထန်စွာငိုက်မျဉ်းထိုင်းမှိုင်းခြင်း၊သတိလစ်မေ့လဲခြင်းစသည်) ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒီပြဿနာတွေ ပေါ်ပေါက်လာပြီဆိုရင်တော့အရေးပေါ် ဆေးဝါးကုသမှုကိုခံယူရမှာပါ။

QT prolongation ကိုဦးတည်တဲ့ကျန်းမာရေးအခြေအနေတွေ၊ဆေးတွေသုံးစွဲနေရရင် QT prolongation ဖြစ်လာနိုင်ချေပိုမြင့်ပါတယ်။ ဒါကြောင့် sorafenib ကိုမသုံးစွဲခင်မှာသင်အသုံးပြုနေတဲ့ ဆေးဝါးတွေအကြောင်း၊ခံစားနေရတဲ့ကျန်းမာရေးပြဿနာတွေအကြောင်း (ဥပမာနှလုံးကောင်းစွာအလုပ်မလုပ်ခြင်း၊နှလုံးခုန်နှေးခြင်း၊အီးစီဂျီဆွဲတဲ့အခါ QT prolongation ရှိနေခြင်း၊မိသားစုဝင်တဦးဦးမှာနှလုံးဆိုင်ရာပြဿနာတွေနဲ့ရင်ဆိုင်နေရခြင်း – အီးစီဂျီဆွဲတဲ့အခါ QT prolongation ရှိနေခြင်း၊ရုတ်တရက်နှလုံးရပ်ပြီးကွယ်လွန်ဖူးခြင်းစသည်) အားလုံးကိုဆရာဝန်ထံအသိပေးထားရပါမယ်။

သွေးတွင်းပိုတက်ဆီယမ်ဒါမှမဟုတ်မဂ္ဂနီဆီယမ်ပမာဏနည်းပါးခြင်းဟာ QT prolongation ဖြစ်နိုင်ချေကိုပိုများစေပါတယ်။ ဆီးဆေးကဲ့သို့သော ဆေးဝါးတွေသုံးစွဲနေရင်ဒါမှမဟုတ် ချွေးအလွန်အမင်းထွက်ခြင်း၊ပြင်းထန်စွာဝမ်းလျှောခြင်း၊အော့အန်ခြင်းစတဲ့အခြေအနေတွေရှိနေရင်လည်း QT prolongation ဖြစ်နိုင်ချေပိုလာစေပါတယ်။ ဒါကြောင့် sorafenib ကိုအန္တရာယ်ကင်းကင်းနဲ့စိတ်ချစွာသုံးစွဲနိုင်ဖို့အတွက်သင့်ဆရာဝန်နဲ့ မေးမြန်းတိုင်ပင်ရပါမယ်။ ခွဲစိတ်မှုတခုခုမခံယူခင်မှာလည်းသင်လက်ရှိသုံးစွဲနေတဲ့ ဆေးဝါးတွေအားလုံးအကြောင်း (ဆရာဝန်ညွှန်ကြားတဲ့ ဆေး၊မိမိဖာသာဝယ်ယူသုံးစွဲနေတဲ့ဆေး၊သဘာဝဆေးဖက်ဝင်သစ်ဥသစ်ဖုတွေအားလုံးပါဝင်ပါတယ်) ခွဲစိတ်ဆရာဝန်ဒါမှမဟုတ်သွားဆရာဝန်ကိုကြိုပြောရပါမယ်။ ဒီဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ (အထူးသဖြင့် QT prolongation)ဟာသက်ကြီးရွယ်အိုတွေမှာပိုဖြစ်တတ်ပါတယ်။

ဒီဆေးကိုအရေပြားနဲ့အဆုတ်ကနေတဆင့်ခန္ဓါကိုယ်အတွင်းထဲစုပ်ယူနိုင်ပြီးသန္ဓေသားကိုထိခိုက်စေနိုင်တဲ့အတွက်ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ကိုယ်ဝန်ရှိလာနိုင်တဲ့အမျိုးသမီးတွေအနေနဲ့ဒီဆေးကိုကိုင်တွယ်ခြင်း၊ဆေးမှုန်တွေရှူမိခြင်းစတာတွေကို ရှောင်ရှားရပါမယ်။ သင့်မှာကိုယ်ဝန်ရှိနေရင်ဒါမှမဟုတ်ကိုယ်ဝန်ရှိလာနိုင်ရင်ဆရာဝန်ကိုကြိုပြောထားပါ။Sorafenib ကိုသုံးစွဲနေစဉ်ကာလမှာကိုယ်ဝန်ရှိမလာစေဖို့သတိထားရပါမယ်။ ဘာလို့လဲဆိုတော့ sorafenib ဟာသန္ဓေသားကိုထိခိုက်စေနိုင်လို့ ဖြစ်ပါတယ်။ ဒါကြောင့်ဒီဆေးကိုသုံးစွဲနေစဉ်နဲ့ ဆေးရပ်လိုက်ပြီးနှစ်ပတ်အတောအတွင်းမှာ (အမျိုးသားရော၊အမျိုးသမီးပါ) ယုံကြည်စိတ်ချရတဲ့သားဆက်ခြားနည်းလမ်းတွေကိုသုံးစွဲထားဖို့အထူးပဲလိုအပ်ပါတယ်။ အကယ်၍မတော်တဆကိုယ်ဝန်ရှိသွားခဲ့ရင်ဆရာဝန်ကိုချက်ချင်းအသိပေးပါ။ ဒါမှသာ ဆေးရဲ့ ကောင်းကျိုးဆိုးပြစ်တွေကိုသိရှိနိုင်မှာ ဖြစ်ပါတယ်။Sorafenib ဟာမိခင်နို့ရည်ထဲမှာပါဝင်လာခြင်းရှိမရှိမသိရသေးပါဘူး။ ဒါပေမယ့် ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လာဖွယ်ရာရှိတဲ့အတွက်နို့တိုက်မိခင်တွေမှာဒီဆေးကိုမသုံးစွဲသင့်ပါဘူး။ ဒါကြောင့်သင့်ကလေးကိုနို့ချိုမတိုက်ကျွေးခင်မှာဆရာဝန်နဲ့ဦးစွာတိုင်ပင်ရပါမယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Sorafenib (ဆိုရာဖန်းနစ်ဘ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကိုကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်တွင်အသုံးပြုလျှင်ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက်လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက်သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည်အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏သတ်မှတ်ချက်အရကိုယ်ဝန်ဆောင်များတွင်ထိခိုက်နိုင်ချေအဆင့် D ရှိသည်ဟုသတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ကိုယ်ဝန်ဆောင်များတွင်ထိခိုက်နိုင်ချေအဆင့်သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့်အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်များတွင်စိတ်ချရမှုရှိမရှိကိုမသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့်ဆိုးကျိုးများကိုချိန်ဆနိုင်ရန်အတွက်သင်၏ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Sorafenib (ဆိုရာဖန်းနစ်ဘ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ကိုယ်အလေးချိန်လျော့ကျခြင်း၊ပျို့အန်မအီမသာဖြစ်ခြင်း၊ဝမ်းလျှောခြင်း၊အစားအသောက်ပျက်ခြင်း၊အရသာခံစားမှု ပြောင်းလဲလာခြင်း၊အသားအရေ ခြောက်သွေ့ခြင်း၊ပါးစပ်အနာများပေါက်ခြင်း၊ဆံပင်ကျွတ်ခြင်း၊အသံပြောင်းခြင်း၊ပင်ပန်းနွမ်းနယ်ခြင်းစတာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အဆိုပါ ဘေးထွက်ဆိုးကျိုးတွေပိုဆိုးလာရင်ဒါမှမဟုတ်ကာလကြာရှည်စွာဆက်လက်ဖြစ်ပေါ်နေရင်ဆရာဝန်ကိုချက်ချင်းအသိပေးပါ။ ဒီဆေးကိုသုံးစွဲတဲ့လူနာတွေမှာ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။ ဒါပေမယ့် ဆေးရဲ့ ကောင်းကျိုးဟာဆိုးပြစ်တွေထက်ပိုမိုသာလွန်နေတာမို့ဒီဆေးကိုသုံးစွဲဖို့သင့်ဆရာဝန်ကညွှန်ကြားတာဖြစ်ကြောင်းသတိပြုရပါမယ်။ ဆေးသုံးစွဲနေစဉ်ကာလမှာသင့်ဆရာဝန်က သေချာစွာ စောင့်ကြည့်ပေးမယ်ဆိုရင် ဘေးထွက်ဆိုးကျိုးဖြစ်ပေါ်လာနိုင်ချေ လျော့နည်းသွားပါလိမ့်မယ်။

ဒီဆေးဟာသင့်ရဲ့ သွေးပေါင်ချိန်ကိုတက်စေနိုင်ပါတယ်။ ဒါကြောင့် ဆေးသုံးစွဲနေစဉ်ကာလမှာ သွေးပေါင်ပုံမှန်ချိန်ရမှာဖြစ်ပြီး သွေးတက်နေရင်ဆရာဝန်ကိုအသိပေးရပါမယ်။ သင့်ဆရာဝန်အနေနဲ့ သွေးကျဆေးတွေ ပေးကောင်းပေးပါလိမ့်မယ်။ ဒီဆေးကိုသုံးစွဲတဲ့အခါ ဘေးထွက်ဆိုးကျိုးနောက်တခုအနေနဲ့သင့်ခြေ၊လက်တွေမှာအရေပြားဆိုင်ရာ ပြဿနာတမျိုး ပေါ်ပေါက်လာနိုင်ပါတယ်။ ဒါကိုတော့ hand-foot syndrome လို့ခေါ်ပါတယ်။ ခြေ၊လက်ဖောရောင်ခြင်း၊နာကျင်ခြင်း၊နီရဲခြင်း၊မီးလောင်ဖုကဲ့သို့အဖုများထွက်လာခြင်း၊ထုံနာကျဉ်နာဖြစ်ခြင်း၊ပူရှိန်းနေခြင်းစတဲ့လက္ခဏာတွေ ပေါ်ပေါက်လာရင်ဆရာဝန်ကိုချက်ချင်းအသိပေးပါ။ သင်ခံစားနေရတဲ့ hand-foot syndrome ဘယ်လောက်ဆိုးဝါးသလဲဆိုတဲ့အနေအထားပေါ်မူတည်ပြီးတော့ဒီလက္ခဏာတွေကို လျှော့ချပေးနိုင်ဖို့အတွက်သင့်ဆရာဝန်အနေနဲ့ ဆေးတွေပေးကောင်းပေးပါလိမ့်မယ်။ ဒါမှမဟုတ် sorafenib ဆေးနဲ့ကုသခြင်းကို နောက်ဆုတ်တာ၊လုံးဝရပ်လိုက်တာစသဖြင့်လည်း ပြုလုပ်နိုင်ပါတယ်။ သင့်သိုင်းရွိုက်ဂလင်းရဲ့လုပ်ငန်းဆောင်တာတွေအပေါ်မှာလည်းဒီဆေးကအကျိုးသက်ရောက်မှုရှိပါတယ်။ သိုင်းရွိုက်ဂလင်းကောင်းစွာအလုပ်မလုပ်တဲ့လက္ခဏာတွေ ပေါ်ပေါက်လာရင် (ဥပမာကိုယ်အလေးချိန်တက်လာခြင်း၊အအေးဒါဏ်မခံနိုင်ခြင်း၊နှလုံးခုန်နှေးခြင်း၊ဝမ်းချုပ်ခြင်း၊မူမမှန်စွာနွမ်းနယ်ခြင်းစသည်) ဒါမှမဟုတ်သိုင်းရွိုက်ဂလင်းအလွန်အကျွံအလုပ်လုပ်တဲ့လက္ခဏာတွေ ပေါ်ပေါက်လာရင် (ဥပမာစိတ်ပိုင်းဆိုင်ရာအပြောင်းအလဲများ ဖြစ်ပေါ်လာခြင်း၊အပူဒါဏ်မခံနိုင်ခြင်း၊မူမမှန်စွာကိုယ်အလေးချိန်ကျဆင်းခြင်းစသည်) ဆရာဝန်ကိုချက်ချင်းအသိပေးပါ။

သွေးခြေဥလွယ်ခြင်း/သွေးထွက်လွယ်ခြင်း၊အသည်းရောဂါလက္ခဏာများ ပေါ်ပေါက်လာခြင်း (ကာလတာရှည်ပျို့အန်မအီမသာဖြစ်ခြင်း၊ဗိုက်နာဗိုက်အောင့်ခြင်း၊အသားဝါခြင်း၊မျက်ဖြူသားဝါခြင်း၊ဆီးအရောင်မည်းခြင်းစသည်)၊အရေပြားထုံနာကျဉ်နာဖြစ်ခြင်း၊ကြွက်သားများအကြောဆွဲခြင်း၊ကူးစက်ပိုးဝင်ခြင်းဆိုင်ရာလက္ခဏာများ ပေါ်ပေါက်လာခြင်း (ဥပမာကာလတာရှည်လည်ချောင်းနာခြင်း၊အဖျားတက်ခြင်းစသည်) စတဲ့ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးတွေ ပေါ်ပေါက်လာရင်ဆရာဝန်ကိုချက်ချင်းအကြောင်းကြားပါ။ ရင်ဘတ်/မေးရိုး/ဘယ်ဖက်လက်မောင်းအောင့်ခြင်း၊မူမမှန်စွာ ချွေးအလွန်အကျွံထွက်ခြင်း၊နှလုံးခုန်မြန်ခြင်း/မမှန်ခြင်း၊အလွန်အမင်းငိုက်မျဉ်းခြင်း၊သတိလစ်ခြင်း၊ကော်ဖီအနှစ်ရောင်များအန်ခြင်း၊ဝမ်းမည်းမည်းသွားခြင်း၊သွေးဝမ်းသွားခြင်းစတဲ့အလွန်ပြင်းထန်ဆိုးရွားသော ဘေးထွက်ဆိုးကျိုးတွေ ပေါ်ပေါက်လာရင် ဆေးဝါးကုသမှုအမြန်ဆုံးခံယူရပါမယ်။Sorafenib ဟာအရေပြားမှာအနီစက်တွေထွက်ရှိစေနိုင်ပြီးဒါဟာ ယေဘုယျအားဖြင့်စိုးရိမ်စရာမရှိပါဘူး။ ဒါပေမယ့် ပြင်းထန်ဆိုးရွားစွာဓါတ်မတည့်ခြင်းကြောင့် (ရှားရှားပါးပါးဆိုသလို) ဖြစ်ပေါ်လာတဲ့အနီစက်တွေလားဆိုတာကိုတော့သင့်အနေနဲ့ခွဲခြားသိဖို့ခဲယဉ်းပါတယ်။

ဒါကြောင့်သင့်ခန္ဓါကိုယ်မှာအနီစက်တွေထွက်ရှိလာပြီဆိုရင် ဆေးဝါးကုသမှုကိုအမြန်ဆုံးခံယူသင့်ပါတယ်။ အနီစက်များထွက်ရှိလာခြင်း၊ရောင်ရမ်းယားယံခြင်း (အထူးသဖြင့်မျက်နှာ၊လျှာ၊လည်ချောင်းစသည်)၊အလွန်အကျွံငိုက်မျဉ်းခြင်း၊အသက်ရှူရခက်ခြင်းအစရှိတဲ့ ပြင်းထန်ဆိုးရွားသောဓါတ်မတည့်ခြင်းဆိုင်ရာလက္ခဏာတွေ ပေါ်ပေါက်လာပြီဆိုရင်တော့အရေးပေါ်ဆေးဝါးကုသမှုကိုအမြန်ဆုံးခံယူရပါမယ်။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင်မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Sorafenib (ဆိုရာဖန်းနစ်ဘ်) နဲ့ ဓါတ်ပြုနိုင်သလဲ

သင့်ခန္ဓါကိုယ်ထဲမှာရှိတဲ့ Sorafenib ဆေးတွေကိုအပြင်စွန့်ပစ်တဲ့လုပ်ငန်းစဉ်ကိုအချို့သော ဆေးဝါးတွေကအနှောင့်အယှက် ပြုတတ်ပါတယ်။ ဒီလိုအနှောင့်အယှက်ပြုတတ်တဲ့ ဆေးတွေကတော့ rifamycins အုပ်စုဝင်ဆေးတွေ (ဥပမာ rifampin, rifabutin)၊St. John’s ရွက်၊အတက်ရောဂါကိုကုသရာမှာအသုံးပြုတဲ့ ဆေးတွေ(ဥပမာ carbamazepine, phenytoin) အပါအဝင်အများအပြားရှိပါတယ်။

Sorafenib ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကိုလုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန်ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကိုဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ရပ်ဆိုင်းခြင်း၊ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Sorafenib (ဆိုရာဖန်းနစ်ဘ်) နဲ့ ဓါတ်ပြုနိုင်သလား

Sorafenib ကအစားအသောက်ဒါမှမဟုတ်အရက်သေစာနဲ့ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့အစားအသောက်၊အရက်သေစာတွေနဲ့ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Sorafenib (ဆိုရာဖန်းနစ်ဘ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Sorafenib ဟာသင့်ရဲ့နဂိုကျန်းမာရေးအခြေအနေများနဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန်ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Sorafenib (ဆိုရာဖန်းနစ်ဘ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကျောက်ကပ်ကင်ဆာအတွက်

၄၀၀မီလီဂရမ်ပမာဏကိုတနေ့နှစ်ခါ သောက်ရပါမယ်။ အစာမစားခင်အနည်းဆုံးတနာရီဒါမှမဟုတ်အစာစားပြီးအနည်းဆုံးနှစ်နာရီအကြာမှာ သောက်ရပါမယ်။

ဒီဆေးရဲ့အာနိသင်ကိုသိသာထင်ရှားစွာမရတော့ရင်ဒါမှမဟုတ်လက်မခံနိုင်လောက်အောင်ဆိုးရွားပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ပေါ်ပေါက်လာရင် ဆေးသုံးစွဲတာကိုရပ်တန့်ရပါမယ်။

သိုင်းရွိုက်ကင်ဆာအတွက်

၄၀၀မီလီဂရမ်ပမာဏကိုတနေ့နှစ်ခါ သောက်ရပါမယ်။ အစာမစားခင်အနည်းဆုံးတနာရီဒါမှမဟုတ်အစာစားပြီးအနည်းဆုံးနှစ်နာရီအကြာမှာ သောက်ရပါမယ်။

ဒီဆေးရဲ့အာနိသင်ကိုသိသာထင်ရှားစွာမရတော့ရင်ဒါမှမဟုတ်လက်မခံနိုင်လောက်အောင်ဆိုးရွားပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ပေါ်ပေါက်လာရင် ဆေးသုံးစွဲတာကိုရပ်တန့်ရပါမယ်။

အသည်းကင်ဆာအတွက်

၄၀၀မီလီဂရမ်ပမာဏကိုတနေ့နှစ်ခါ သောက်ရပါမယ်။ အစာမစားခင်အနည်းဆုံးတနာရီဒါမှမဟုတ်အစာစားပြီးအနည်းဆုံးနှစ်နာရီအကြာမှာ သောက်ရပါမယ်။

ဒီဆေးရဲ့အာနိသင်ကိုသိသာထင်ရှားစွာမရတော့ရင်ဒါမှမဟုတ်လက်မခံနိုင်လောက်အောင်ဆိုးရွားပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ပေါ်ပေါက်လာရင် ဆေးသုံးစွဲတာကိုရပ်တန့်ရပါမယ်။

ကျောက်ကပ်အခြေအနေပေါ်မူတည်ပြီး ဆေးပမာဏကိုချိန်ဆခြင်း

ကျောက်ကပ်အခြေအနေပေါ်မူတည်ပြီး ဆေးပမာဏကိုချိန်ဆစရာမလိုပါ။

အသည်းအခြေအနေပေါ်မူတည်ပြီး ဆေးပမာဏကိုချိန်ဆခြင်း

Child-Pugh A and B အဆင့်အသည်းပျက်စီးခြင်းအတွက် ဆေးပမာဏကိုအထူးတလည်ချိန်ညှိပေးစရာမလိုပါဘူး။

ဆေးပမာဏချိန်ဆခြင်း

ခွဲစိတ်မှုအကြီးစားလုပ်ထားတဲ့လူနာတွေမှာ ဆေးသုံးစွဲမှုကိုခဏရပ်ထားရပါမယ်။

အောက်ဖော်ပြပါအနေအထားတွေမှာလည်း ဆေးသုံးစွဲမှုကိုယာယီရပ်ဆိုင်းတာဒါမှမဟုတ်လုံးဝဖြတ်ပစ်လိုက်တာမျိုးလုပ်ရပါမယ်။

နှလုံးကြွက်သားများဆီ သွေးကောင်းစွာမရောက်ခြင်း၊သွေးကောင်းစွာမရောက်ခြင်းကြောင့်နှလုံးကြွက်သားများပုပ်သွားခြင်း။ ဆေးဝါးကုသမှုခံယူဖို့လိုအပ်တဲ့ သွေးယိုစီးမှုအခြေအနေတစုံတရာရှိနေခြင်း။ သွေးကျဆေးပုံမှန်သောက်ပေမယ့် (လုံလောက်တဲ့ပမာဏသုံးစွဲပေမယ့်) သွေးပေါင်ချိန်တောက်လျှောက်တက်နေခြင်း၊သွေးပေါင်ချိန်ပမာဏအလွန်အမင်းမြင့်တက်နေခြင်း၊အစာအိမ်နဲ့အူလမ်းကြောင်း ပေါက်ခြင်း၊QTc prolongation ဖြစ်ပေါ်နေခြင်း၊ဆေးကြောင့်အသည်းပြင်းထန်စွာပျက်စီးခြင်း။

အသည်းကင်ဆာနဲ့ ကျောက်ကပ်ကင်ဆာအတွက် ဆေးပမာဏချိန်ဆခြင်း

ပထမအကြိမ် ဆေးပမာဏ လျှော့ချခြင်း : ၄၀၀မီလီဂရမ်ကိုတနေ့တကြိမ်နှုန်းနဲ့ နေ့စဉ်သုံးစွဲရပါမယ်။

ဒုတိယအကြိမ် ဆေးပမာဏ လျှော့ချခြင်: ၄၀၀မီလီဂရမ်ကိုတနေ့တကြိမ်နှုန်းနဲ့တရက်ခြားသုံးစွဲရပါမယ်။

အရေပြားဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေခံစားနေရတဲ့အသည်းကင်ဆာဒါမှမဟုတ် ကျောက်ကပ်ဝေဒနာရှင်တွေအတွက်အကြံပြုထားတဲ့ ဆေးပမာဏချိန်ဆမှုတွေက အောက်ပါအတိုင်း ဖြစ်ကြပါတယ်။

အရေပြားဆိုင်ရာ ဘေးထွက်ဆိုးကျိုးအဆင့်၁ – ထုံကျဉ်ခြင်း၊ပုံမှန်ထက်ပိုနာတတ်လာခြင်း၊ (ခြေ၊လက်စတာတွေမှာ) ပုရွက်ဆိတ်ကလေးများတက်နေသလိုတရွရွခံစားရခြင်း၊ထုံနေခြင်း၊အရေပြားနီရဲရောင်ရမ်းခြင်း၊ ခြေ၊လက်တွေကိုက်နေ၊အောင့်နေခြင်း (နေ့စဉ်ပုံမှန်လှုပ်ရှားသွားလာမှုတွေကိုတော့ပုံမှန်အတိုင်းလုပ်နိုင်ပါလိမ့်မယ်)။

အရေပြားဆိုင်ရာ ဘေးထွက်ဆိုးကျိုးအဆင့်၁ ဖြစ်ပေါ်လာပြီဆိုရင် (ဘယ်နှကြိမ်ပဲဖြစ်ဖြစ်) အောက်ဖော်ပြပါအတိုင်း ဆေးပမာဏကိုချိန်ညှိပေးရပါမယ်။

-Sorafenib ကိုဆက်လက်အသုံးပြုရမှာဖြစ်ပြီးအရေပြားလက္ခဏာတွေသက်သာစေဖို့အတွက်လိမ်းဆေးလိမ်းရပါမယ်။

အရေပြားဆိုင်ရာ ဘေးထွက်ဆိုးကျိုးအဆင့်၂ – အရေပြားနီရဲရောင်ရမ်းတဲ့အပြင်နာကျင်လာပါပြီ။ ခြေတွေလက်တွေလည်း ရောင်ရမ်းနာကျင်လာပြီး နေ့စဉ်လှုပ်ရှားသွားလာမှုတွေကိုလည်း ကောင်းကောင်းမလုပ်နိုင်တော့ပါဘူး။

ပထမအကြိမ် ဖြစ်ပေါ်လာခြင်းအတွက် အောက်ဖော်ပြပါအတိုင်း ဆေးပမာဏကိုချိန်ညှိပေးရပါမယ်။

-Sorafenib ကိုဆက်လက်အသုံးပြုရမှာဖြစ်ပြီးအရေပြားလက္ခဏာတွေသက်သာစေဖို့အတွက်လိမ်းဆေးလိမ်းရပါမယ်။

ဒုတိယအကြိမ်/တတိယအကြိမ် ဖြစ်ပေါ်လာခြင်းဒါမှမဟုတ်ခုနှစ်ရက်အတွင်းသိသာထင်ရှားစွာအခြေအနေတိုးတက်မလာခြင်းအတွက် အောက်ဖော်ပြပါအတိုင်း ဆေးပမာဏကိုချိန်ညှိပေးရပါမယ်။

-ဘေးထွက်ဆိုးကျိုးအဆင့်ဝဒါမှမဟုတ်အဆင့်၁ ပြန်ဖြစ်သွားတဲ့အထိ ဆေးကိုခဏရပ်ထားရပါမယ်။

-ဆေးပြန်သောက်ပြီဆိုရင်လည်း sorafenib ဆေးပမာဏကိုတဆင့်လျှော့ချရပါမယ် (၄၀၀မီလီဂရမ်ပမာဏကိုတနေ့တကြိမ်နှုန်းနဲ့ နေ့စဉ်သောက်ခြင်းဒါမှမဟုတ်တရက်ခြားသောက်ခြင်း)။

စတုတ္ထအကြိမ် ဖြစ်ပေါ်လာခြင်းအတွက် အောက်ဖော်ပြပါအတိုင်း ဆေးပမာဏကိုချိန်ညှိပေးရပါမယ်။

-Sorafenib သုံးစွဲခြင်းကိုလုံးဝရပ်ဆိုင်းရပါမယ်။

အရေပြားဆိုင်ရာ ဘေးထွက်ဆိုးကျိုးအဆင့်၃ – အရေပြားတွေစိုစွတ်ပြီးကွာကျတာမျိုးရှိလာပါမယ်။ ခြေ၊လက်အရေပြားတွေမှာအနာဖြစ်ခြင်း၊အရည်ကြည်ဖုများ ပေါက်ခြင်း၊ပြင်းထန်စွာနာကျင်ခြင်းစတဲ့လက္ခဏာတွေ ပေါ်ပေါက်လာပါမယ်။ လူနာအနေနဲ့လည်း နေ့စဉ်လှုပ်ရှားသွားလာမှုတွေကို ပြုလုပ်နိုင်တော့မှာမဟုတ်ပါဘူး။

ပထမအကြိမ်ဒါမှမဟုတ်ဒုတိယအကြိမ် ဖြစ်ပေါ်လာခြင်းအတွက် အောက်ဖော်ပြပါအတိုင်း ဆေးပမာဏကိုချိန်ညှိပေးရပါမယ်။

-ဘေးထွက်ဆိုးကျိုးအဆင့်ဝဒါမှမဟုတ်အဆင့်၁ ပြန်ဖြစ်သွားတဲ့အထိ ဆေးကိုခဏရပ်ထားရပါမယ်။

-ဆေးပြန်သောက်ပြီဆိုရင်လည်း sorafenib ဆေးပမာဏကိုတဆင့်လျှော့ချရပါမယ် (၄၀၀မီလီဂရမ်ပမာဏကိုတနေ့တကြိမ်နှုန်းနဲ့ နေ့စဉ်သောက်ခြင်းဒါမှမဟုတ်တရက်ခြားသောက်ခြင်း)။

တတိယအကြိမ် ဖြစ်ပေါ်လာခြင်းအတွက် အောက်ဖော်ပြပါအတိုင်း ဆေးပမာဏကိုချိန်ညှိပေးရပါမယ်။

-Sorafenib သုံးစွဲခြင်းကိုလုံးဝရပ်ဆိုင်းရပါမယ်။

Differentiated Thyroid Carcinoma (DTC) လို့ခေါ်တဲ့သိုင်းရွိုက်ကင်ဆာတမျိုးအတွက် ဆေးပမာဏချိန်ဆခြင်း :

ပထမအကြိမ် ဆေးပမာဏ လျှော့ချခြင်း : တနေ့တာအတွက်စုစုပေါင်းသုံးစွဲရမယ့်ပမာဏက၆၀၀မီလီဂရမ် ဖြစ်ပါတယ် (၄၀၀မီလီဂရမ်နဲ့၂၀၀မီလီဂရမ်ကို၁၂နာရီခြားပြီး သောက်ရပါမယ်)။

ဒုတိယအကြိမ် ဆေးပမာဏ လျှော့ချခြင်: ၂၀၀မီလီဂရမ်ကိုတနေ့နှစ်ကြိမ်နှုန်းနဲ့ နေ့စဉ်သုံးစွဲရပါမယ်။

တတိယအကြိမ် ဆေးပမာဏ လျှော့ချခြင်း : ၂၀၀မီလီဂရမ်ကိုတနေ့တကြိမ်နှုန်းနဲ့ နေ့စဉ်သုံးစွဲရပါမယ်။

အရေပြားဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေခံစားနေရတဲ့ DTC လူနာတွေအတွက်အကြံပြုထားတဲ့ ဆေးပမာဏချိန်ဆမှုတွေက အောက်ပါအတိုင်း ဖြစ်ကြပါတယ်။

အရေပြားဆိုင်ရာ ဘေးထွက်ဆိုးကျိုးအဆင့်၁ ဖြစ်ပေါ်လာပြီဆိုရင် (ဘယ်နှကြိမ်ပဲဖြစ်ဖြစ်) အောက်ဖော်ပြပါအတိုင်း ဆေးပမာဏကိုချိန်ညှိပေးရပါမယ်။

-Sorafenib ကိုဆက်လက်အသုံးပြုရပါမယ်။

အရေပြားဆိုင်ရာ ဘေးထွက်ဆိုးကျိုးအဆင့်၂ :

ပထမအကြိမ် ဖြစ်ပေါ်လာခြင်းအတွက် အောက်ဖော်ပြပါအတိုင်း ဆေးပမာဏကိုချိန်ညှိပေးရပါမယ်။

-တနေ့ကို Sorafenib ၆၀၀မီလီဂရမ် နေ့စဉ်သုံးစွဲတဲ့ပမာဏဖြစ်အောင် လျှော့ချရပါမယ်။၇ရက်အတွင်းတိုးတက်မှုမရှိဘူးဆိုရင် အောက်မှာဆက်ကြည့်ပါ။

ဒုတိယအကြိမ်/တတိယအကြိမ် ဖြစ်ပေါ်လာခြင်းဒါမှမဟုတ်ခုနှစ်ရက်အတွင်းသိသာထင်ရှားစွာအခြေအနေတိုးတက်မလာခြင်းအတွက် အောက်ဖော်ပြပါအတိုင်း ဆေးပမာဏကိုချိန်ညှိပေးရပါမယ်။

-ဘေးထွက်ဆိုးကျိုးအဆင့်ဝဒါမှမဟုတ်အဆင့်၁ ပြန်ဖြစ်သွားတဲ့အထိ ဆေးကိုခဏရပ်ထားရပါမယ်။

-ဆေးပြန်သောက်ပြီဆိုရင်လည်းသတ်မှတ်ထားတဲ့စံချိန်စံညွှန်းပမာဏတွေအတိုင်း sorafenib ဆေးပမာဏကို လျှော့ချရပါမယ်။

စတုတ္ထအကြိမ် ဖြစ်ပေါ်လာခြင်းအတွက် အောက်ဖော်ပြပါအတိုင်း ဆေးပမာဏကိုချိန်ညှိပေးရပါမယ်။

-Sorafenib သုံးစွဲခြင်းကိုလုံးဝရပ်ဆိုင်းရပါမယ်။

အရေပြားဆိုင်ရာ ဘေးထွက်ဆိုးကျိုးအဆင့်၃ :

ပထမအကြိမ် ဖြစ်ပေါ်လာခြင်းအတွက် အောက်ဖော်ပြပါအတိုင်း ဆေးပမာဏကိုချိန်ညှိပေးရပါမယ်။

-ဘေးထွက်ဆိုးကျိုးအဆင့်၁ ပြန်ဖြစ်သွားတဲ့အထိ ဆေးကိုခဏရပ်ထားရပါမယ်။

-ဆေးပြန်သောက်ပြီဆိုရင်လည်း sorafenib ဆေးပမာဏကိုတဆင့်လျှော့ချရပါမယ်။

ဒုတိယအကြိမ် ဖြစ်ပေါ်လာခြင်းအတွက် အောက်ဖော်ပြပါအတိုင်း ဆေးပမာဏကိုချိန်ညှိပေးရပါမယ်။

-ဘေးထွက်ဆိုးကျိုးအဆင့်၁ ပြန်ဖြစ်သွားတဲ့အထိ ဆေးကိုခဏရပ်ထားရပါမယ်။

-ဆေးပြန်သောက်ပြီဆိုရင်လည်း sorafenib ဆေးပမာဏကိုတဆင့်လျှော့ချရပါမယ်။

တတိယအကြိမ် ဖြစ်ပေါ်လာခြင်းအတွက် အောက်ဖော်ပြပါအတိုင်း ဆေးပမာဏကိုချိန်ညှိပေးရပါမယ်။

-Sorafenib သုံးစွဲခြင်းကိုလုံးဝရပ်ဆိုင်းရပါမယ်။

ကလေးတွေအတွက် Sorafenib (ဆိုရာဖန်းနစ်ဘ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန်စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆိုအသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက်သင့်ရဲ့ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့တိုင်ပင်ဆွေးနွေးပါ။

Sorafenib (ဆိုရာဖန်းနစ်ဘ်) ကိုဘယ်လိုရရှိနိုင်သလဲ

Sorafenib ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့်အချိုးအစားများဖြင့်ရရှိနိုင်ပါတယ်။

  • သောက်ဆေးပြားပုံစံ။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Sorafenib ကို သောက်သုံးဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီးပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကိုနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement