backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Pregabalin (ပရီဂါဘာလင်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 16/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Pregabalin (ပရီဂါဘာလင်)

အာရုံကြောထိခိုက်ပျက်စီးတာက အမျိုးမျိုးသော လက္ခဏာတွေကို ခံစားရစေနိုင်ပါတယ်။ ဥပမာ – နာကျင်တာ၊ ထုံကျဉ်တာ၊ တဆစ်ဆစ်နာကျင်တာတွေကို ခံစားရနိုင်ပါတယ်။ ဒီပြဿနာကို ကျော်လွှားနိုင်ဖို့ဆိုရင် ဆရာဝန်က ဆေးတစ်မျိုး ညွှန်လေ့ရှိပါတယ် ။ ဒီလိုအာရုံကြောပြဿနာတွေကို သက်သာစေဖို့ အသုံးများတဲ့ ဆေးတစ်မျိုးကတော့ Pregabalin (ပရီဂါဘာလင်) ပါ။

အသုံးပြုပုံများ

Pregabalin (ပရီဂါဘာလင်) ကို ဘာအတွက်အသုံးပြုကြသလဲ

Pregabalin ကို ဆီးချို၊ ရေယုန်၊ နာတာရှည် ကြွက်သားအရိုးအဆစ်နာရောဂါ (fibromyalgia) နဲ့ ကျောရိုးပင်မအာရုံကြောကြီးထိခိုက်တာကြောင့် အာရုံကြောပျက်စီးပြီး နာကျင်တာတွေ သက်သာစေဖို့ အသုံးပြုပါတယ်။

Pregabalin ကို အခြားသော ဆေးများနဲ့တွဲပြီး အချို့သော အတက်ရောဂါများ သက်သာစေဖို့ အသုံးပြုပါတယ်။ အတက်ရောဂါအတွက်တော့ ဒီဆေးတွေက အတက်ရောဂါကို ကုသပေးနိုင်တာမျိုးမရှိပါဘူး။ လက္ခဏာတွေကို သက်သာစေဖို့ပဲ လုပ်ဆောင်ပေးလို့ ရပါတယ်။ ဆေးကို မှန်မှန်သောက်ဖို့တော့ လိုပါမယ်။

တစ်ခါတလေ generalized anxiety disorder (GAD)မှာ စိုးရိမ်စိတ်များတဲ့ လက္ခဏာတွေကို ထိန်းချုပ်ဖို့ အသုံးပြုကြပါတယ်။

ဆေးဝါးတွေက နာကျင်မှုနဲ့ အတက်ရောဂါကို ထိန်းချုပ်ထားတဲ့ ဗဟိုအာရုံကြောစနစ်အပေါ်မှာ သက်ရောက်မှုရှိပါတယ်။

Pregabalin (ပရီဂါဘာလင်) ကို ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်းပဲ သောက်သုံးရပါမယ်။ ဆရာဝန်ညွှန်တာမျိုး မရှိဘဲ ဆေးကို ရပ်တာ ဒါမှမဟုတ် တိုးသောက်တာမျိုး မလုပ်ရပါဘူး။ ဒီလိုလုပ်တာက လက္ခဏာတွေကို ပိုဆိုးစေပြီး ဘေးထွက်ဆိုးကျိုးတွေ ခံစားရစေနိုင်ပါတယ်။

ဆေးကို ချိုးတာ၊ ဝါးစားတာမျိုး၊ ကြိတ်ခြေတာမျိုး မလုပ်ဘဲ အလုံးလိုက် မျိုချပါ။ ဆေးအာနိသင် ကောင်းစေဖို့အတွက် ဆေးကို နေ့တိုင်း အချိန်မှန်မှန် သောက်ပေးပါ။

Pregabalin (ပရီဂါဘာလင်)ကို စသောက်ပြီး ရက်သတ္တပတ် အတော်ကြာ ဒါမှမဟုတ် ဒီထက်ပိုကြာမှ ဆေးအာနိသင်ကို တွေ့ရနိုင်ပါတယ်။ ကျန်းမာရေး အခြေအနေ တိုးတက်လာရင်တောင်မှ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးပတ်ပြည့်အောင် သောက်ပါ။

Pregabalin (ပရီဂါဘာလင်)ကို ဘယ်လိုသိမ်းဆည်းရမလဲ

ဆေးကို အခန်းအပူချိန်မှာ သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Pregabalin (ပရီဂါဘာလင်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

မသောက်သုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။
  • ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်
  • တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
  • ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်
  • တခြားရောဂါအခံတွေ ရှိနေရင်

ဆေးသောက်ပြီးချိန်မှာ မူးဝေနေတာမျိုး ဖြစ်စေနိုင်တာကြောင့် ဆေးသောက်ပြီးချိန်မှာ ကားမောင်းတာမျိုး၊ စက်ယန္တရားတွေ မောင်းနှင်တာမျိုး ဒါမှမဟုတ် အာရုံစိုက်ဖို့ လိုတဲ့ အလုပ်လုပ်စရာတွေကို မလုပ်ပါနဲ့။

Pregabalin (ပရီဂါဘာလင်)ဆေးက စိတ်ပိုင်းဆိုင်ရာအပေါ်မှာ သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ တကယ်လို့ ဆေးသောက်ပြီးချိန်မှာ ခန္ဓာကိုယ်က ဂနာမငြိမ်တာ၊ စိုးရိမ်စိတ်များတာ၊ ကိုယ့်ကိုယ့်ကိုယ် နာကျင်အောင် လုပ်ချင်တာ၊ အပြုအမူပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာမှာ ပုံမှန် မဟုတ်တဲ့ ပြောင်းလဲမှုတွေကို ခံစားရနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Pregabalinကို သုံးစွဲဖို့ စိတ်ချရပါသလား

Pregabalinကို ကိုယ်ဝန်ဆောင်ချိန်မှာ အခြားဆေးတွေ ညွှန်းစရာ မရှိဘူးမှ သောက်သုံးသင့်ပါတယ်။ ဆေးအသုံးမပြုခင်မှာ ဖြစ်နိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

တကယ်လို့ Pregabalinက ဗိုက်ထဲက ကလေးလေးကို ထိခိုက်စေနိုင်တယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ရှားသင့်ပါတယ်။

ဒီဆေးကို နို့တိုက်မိခင်တွေမှာလည်း ညွှန်လေ့မရှိပါဘူး။ ဒါပေမယ့် ဒါကလည်း သင့်အခြေအနေနဲ့ ဆရာဝန်ရဲ့ ညွှန်ကြားချက်ပေါ်  မူတည်ပါသေးတယ်။

ဘေးထွက်ဆိုးကျိုးများ

Pregabalin (ပရီဂါဘာလင်)ကို အသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။

အတွေ့ရများတဲ့ လက္ခဏာတွေကတော့

  • မူးဝေတာ
  • ငိုက်မြည်းတာ
  • ခြေလက်တွေ ဖောတာ
  • အာရုံစိုက်ရခက်တာ
  • အစားစားချင်စိတ် တိုးလာတာ
  • ကိုယ်အလေးချိန် တက်လာတာ
  • ခံတွင်းခြောက်တာ
  • အမြင်အာရုံ ဝေဝါးတာတွေ ခံစားရနိုင်ပါတယ်။

အချို့သော အခြေအနေတွေမှာ Pregabalinက ပြင်းထန်တဲ့ လက္ခဏာတွေကို ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ အခုပြောပြမယ့် ဘေးထွက်ဆိုးကျိုးတွေကို ခံစားရမယ်ဆိုရင် ဆရာဝန်နဲ့ ချက်ချင်း ဆက်သွယ်ပေးပါ။

  • အသက်ရှူနှုန်း ကျလာတာ
  • အရေပြား၊ နှုတ်ခမ်း၊ လက်ချောင်းလေးတွေ နဲ့ ခြေဖဝါးတွေ ပြာနှမ်းလာတာ
  • အာရုံရှုပ်ထွေးတာ ဒါမှမဟုတ် အားနည်းတာ
  • ဆီးချိုလူနာတွေမှာ အရေပြားမှာ အနာတွေ ဖြစ်တာ
  • အရေပြားမှာ အညိုမည်းစွဲလွယ်တာ
  • ပုံမှန်မဟုတ်ဘဲ သွေးယိုတာ
  • သိသိသာသာ ကိုယ်အလေးချိန် တက်လာတာ၊ ကိုယ်အလေးချိန် အလျင်အမြန် တက်လာတာ
  • ကြွက်သားတွေ နာကျင်တာ၊ အဖျားပါတက်လာတာမျိုးပါ။

ဆေးမှာပါတဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ဘူးဆိုရင် pregabalinကို မသောက်ပါနဲ့။ အကြောင်းကတော့ ဒီဆေးက ပြင်းထန်တဲ့ ဓာတ်မတည့်မှုကို ဖြစ်စေနိုင်လို့ပါ။

ဆေးသောက်ပြီးချိန်မှာ ယားယံတာ၊ အသက်ရှူရခက်တာ၊ မျက်နှာတွေ ရောင်ရမ်းတာ၊ နှုတ်ခမ်း၊ လျှာ၊ လည်ချောင်းတွေ ရောင်ရမ်းတာမျိုး ဖြစ်မယ်ဆိုရင် ဆေးသောက်တာကို ချက်ချင်း ရပ်လိုက်ပါ။

ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Pregabalin (ပရီဂါဘာလင်)နဲ့ ဓာတ်ပြုနိုင်သလဲ

Pregabalinက လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။ ဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

ဓာတ်ပြုနိုင်တဲ့ ဆေးဝါးများ

  • ACEI အမျိုးအစား သွေးတိုးကျဆေး
  • စိတ်ကျန်းမာရေး သောက်ဆေးတွေ
  • Rosiglitazone, pioglitazone  အမျိုးအစား ဆီးချိုအတွက် သောက်ဆေးတွေပါ။

ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။

အစားအသောက်တွေနဲ့ အရက်က Pregabalin (ပရီဂါဘာလင်)နဲ့ ဓာတ်ပြုနိုင်သလား

Pregabalinက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ အစာခြေတဲ့အခါ ဆေးရဲ့ အာနိသင်လျော့နိုင်တဲ့အတွက် အစာစားပြီးမှ သောက်ပေးပါ။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Pregabalin (ပရီဂါဘာလင်)နဲ့ ဓာတ်ပြုနိုင်သလဲ

Pregabalinက သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့်

  • ဖောရောင်နေရင်
  • နှလုံးရောဂါအခံရှိရင်
  • ကျောက်ကပ်မကောင်းရင်
  • ကြွက်သားအားနည်းတတ်ရင်ပါ။

သောက်သုံးရန်အညွှန်း

အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အရွယ်ရောက်ပြီးသူတွေအတွက် အသုံးပြုရမယ့်ပမာဏ

နာတာရှည် ကြွက်သားအရိုးအဆစ်နာရောဂါ (fibromyalgia)

  • တစ်နေ့ကို 150 mg ကို ၂ ကြိမ် ကနေ ၃ ကြိမ်ခွဲပြီး သောက်ပေးပါ။ တစ်ပတ်ကြာပြီးရင်တော့ ဆေးပမာဏကို တစ်နေ့ကို 300 mg အထိ တိုးပေးနိုင်ပါတယ်။ အများဆုံး ပမာဏက 450 mgပါ။

အတက်ရောဂါ (Partial seizure)

  • တစ်နေ့ကို 150 mg ကို ၂ ကြိမ် ကနေ ၃ ကြိမ်ခွဲပြီး သောက်ပေးပါ။ တစ်ပတ်ကြာအောင် နေ့တိုင်း သောက်ပေးပါ။ တစ်ပတ်ကြာပြီးရင်တော့ ဆေးပမာဏကို 300 mg အထိ တိုးပေးနိုင်ပါတယ်။ အများဆုံး ပမာဏကတော့ တစ်နေ့ကို 600 mg ပါ။

အာရုံကြောနာကျင်မှု

  • စစချင်းမှာ တစ်နေ့ကို 150 mg ကို ၂ ကြိမ် ကနေ ၃ ကြိမ် ခွဲသောက်ပေးပါ။ ဆေးစသောက်ပြီး ၃ ရက် ကနေ ၇ ရက် အကြာမှာ ဆေးပမာဏကို  300 mg အထိ တိုးပြီးသောက်ရ နိုင်ပါတယ်။ တစ်ပတ်ကြာပြီးနောက်မှာ ဆေးပမာဏကို အများဆုံး 600 mg အထိ တိုးပြီး သောက်ရနိုင်ပါတယ်။

စိုးရိမ်စိတ်များတဲ့ လက္ခဏာ

  • စစချင်းမှာ တစ်နေ့ကို 150 mg ကို ၂ ကြိမ် ကနေ ၃ ကြိမ် ခွဲသောက်ပေးပါ။ ဒီနောက်မှာ ဆေးကို တစ်ပတ်ကို 150 mgစီ တိုးပေးရမှာပါ။ အများဆုံး သောက်နိုင်တဲ့ ပမာဏကတော့ 600 mg ပါ။

ရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Pregabalinကို သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်ပါ။ ဒါပေမယ့် နောက်တစ်ကြိမ်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သောက်ပါ။ ဆေးနှစ်ကြိမ် သောက်တာမျိုး မလုပ်ပါနဲ့။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


ဆက်စပ် အကြောင်းအရာများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 16/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement