အသုံးပြုပုံများ
Entresto (အန်ထရက်စ်တို) ကို ဘာအတွက်အသုံးပြုကြသလဲ
Entrestoဟာ sacubitril နဲ့ valsartan ပေါင်းစပ်ထားတဲ့ ဆေးဝါးဖြစ်ပါတယ်။ သွေးတိုးရောဂါကုသရာမှာအဓိကအသုံးပြုတဲ့ sacubitril က ခန္ဓါကိုယ်ရှိသွေးကြောတွေကိုကျယ်စေနိုင်တဲ့ အချို့သောပရိုတင်းတွေကိုတိုးမြင့်စေပြီးသွေးတွင်းဆိုဒီယမ်ပမာဏကိုကျဆင်းစေခြင်းအားဖြင့် သွေးဖိအားကိုပါ ကျဆင်းစေပါတယ်။ Valsartan ကတော့ Angiotensin II receptor blocker အမျိုးအစားဖြစ်ပြီးသွေးကြောမကျဉ်းအောင် ကာကွယ်ပေးခြင်းအားဖြင့် သွေးဖိအားကိုကျဆင်းစေသလိုသွေးလှည့်ပတ်မှုကိုလည်းကောင်းမွန်စေပါတယ်။
Entrestoကိုအချို့သောနာတာရှည် နှလုံးသွေးညှစ်အားနည်းရောဂါရှိသူလူနာတွေအတွက် အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ ဒီဆေးဝါးဟာ နှလုံးရောဂါအခြေအနေဆိုးရွားပြီးဆေးရုံတက်ရနိုင်ချေနဲ့ နှလုံးသွေးညှစ်အားနည်းရောဂါကြောင့် အသက်သေဆုံးနိုင်ချေကိုလည်းလျော့နည်းစေပါတယ်။
ပုံမှန်အားဖြင့် ဆရာဝန်တွေက Entrestoကိုသွေးတိုးရောဂါအတွက် အသုံးပြုတဲ့ အခြားဆေးဝါးတွေနဲ့တွဲပြီး ညွှန်ကြားလေ့ရှိတာကိုတွေ့နိုင်ပါတယ်။
Entresto (အန်ထရက်စ်တို) ဘယ်လိုသောက်သုံးသင့်သလဲ
Entrestoကို ဆရာဝန်ညွှန်ကြားသည့်အတိုင်းအစာနဲ့တွဲပြီးဖြစ်စေ ခြားပြီးဖြစ်စေနေ့စဉ် အချိန်မှန်မှန် သောက်သုံးပါ။ ဆေးညွှန်းမှာဖော်ပြထားသည်များကိုတိတိကျကျ လိုက်နာပါ။ သင့်အခြေအနေပေါ်မူတည်ပြီးရလဒ်အကောင်းဆုံးဖြစ်အောင် သင့်ဆရာဝန်က ရံဖန်ရံခါ ဆေးပမာဏအချိုးအစားအပြောင်းအလဲလုပ်ဖို့ ညွှန်ကြားနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်သဘောနဲ့ကိုယ် ဆေးအတိုးအလျော့လုပ်ခြင်း၊ စွဲသောက်ခြင်းမပြုလုပ်သင့်ပါဘူး။
သင့်အနေနဲ့ ဆေးသောက်နေစဉ် အတောအတွင်းသွေးပေါင်မကြာခဏချိန်ဖို့ လိုအပ်သလို၊ ကျောက်ကပ်အလုပ်လုပ်နိုင်စွမ်းကိုလည်းရံဖန်ရံခါစစ်ဆေးဖို့ လိုအပ်ပါလိမ့်မယ်။
Entresto (အန်ထရက်စ်တို) ဘယ်လိုသိမ်းဆည်းရမလဲ
Entrestoကိုအခန်းအပူချိန်တွင် တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Entrestoကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Entrestoဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။
Entrestoကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Entresto (အန်ထရက်စ်တို) အသုံးမပြုခင် ဘာတွေသိသင့်သလဲ
အကယ်၍ သင့်မှာအောက်ဖော်ပြပါ အခြေအနေတစ်ခုခုရှိနေခဲ့မယ်ဆိုရင် ဆေးအသုံးမပြုခင် သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုပြောပြတိုင်ပင်သင့်ပါတယ်။
- ကိုယ်ဝန်ဆောင်နေချိန် သို့မဟုတ် ကလေးနို့တိုက်နေချိန် – အကယ်၍သင်ဟာ ကိုယ်ဝန်ဆောင်မိခင် သို့မဟုတ် ကလေးနို့တိုက်နေတဲ့ မိခင်တစ်ဦး ဖြစ်နေမယ်ဆိုရင် ဘယ်ဆေးကိုမဆို ဆရာဝန်မညွှန်ကြားဘဲမသောက်သုံးသင့်ပါဘူး။
- အခြားဆေးဝါးများ သောက်သုံးနေချိန် – တိုင်းရင်းဆေး၊ အားဖြည့်ဆေးများ အပါအဝင် သင်လက်ရှိသောက်သုံးနေတဲ့ ဆေးအားလုံးကိုသင့်ဆရာဝန်သိအောင် ပြောပြရမှာဖြစ်ပါတယ်။
- Entrestoသို့မဟုတ် အခြားဆေးဝါးများတွင်ပါဝင်သည့် ပစ္စည်းတစ်မျိုးမျိုးနှင့် ဓါတ်မတည့်ခြင်း
- ရောဂါဝေဒနာတစ်ခုခု ခံစားနေရခြင်း
အကယ်၍ သင်ဟာအောက်ဖော်ပြပါ ဆေးဝါးတွေအသုံးပြုပြီး ပြင်းထန်တဲ့ ဓါတ်မတည့်တုန့်ပြန်မှု ဖြစ်ခဲ့ဖူးမယ်ဆိုရင် Entrestoမသောက်သုံးသင့်ပါဘူး။
- ACE inhibitor အမျိုးအစားသွေးကျဆေးများ – benazepril, captopril, enalapril, fosinopril, lisinopril, moexipril, perindopril, quinapril, ramipril, trandolapril (Lotensin, Vasotec, Prinivil, Accupril, Mavik)
- ARB အမျိုးအစားသွေးကျဆေးများ -azilsartan, candesartan, eprosartan, irbesartan, losartan, olmesartan, telmisartan, valsartan (Atacand, Avapro, Benicar, Diovan, Edarbi, Micardis, Teveten)
Entrestoကို ACE inhibitor အုပ်စုဝင် သွေးကျဆေးတွေနဲ့ အနည်းဆုံး ၃၆နာရီခြားပြီး သောက်သုံးသင့်ပါတယ်။
ဆီးချိုရောဂါ သို့မဟုတ် ကျောက်ကပ်ရောဂါ ရှိသူတွေအနေနဲ့ ဒီဆေးကိုaliskiren ပါဝင်တဲ့ ဘယ်ဆေးဝါးနဲ့မဆို (ဥပမာAmturnide, Tekturna, Tekamlo, Valturna) တွဲပြီးမသောက်သုံးသင့်ပါဘူး။
အကယ်၍ သင့်မှာအသည်းရောဂါ၊ ဆီးချိုရောဂါရှိနေမယ်၊ ရေဓါတ်ခမ်းခြောက်နေမယ်၊ ဒါမှမဟုတ် သင်ဟာ ဆားပါဝင်မှုနည်းတဲ့ အစားအစာတွေကိုသာရွေးချယ်စားသုံးနေတယ်ဆိုရင် Entrestoသောက်သုံးဖို့ စိတ်ချရခြင်းရှိမရှိသင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။
Entrestoကိုကိုယ်ဝန်ဆောင်မိခင်တွေ လုံးဝမသောက်သုံးသင့်ပါဘူး။ ဆေးသောက်နေရင်း ကိုယ်ဝန်ရှိလာခဲ့ရင်လည်းဆေးဆက်မသောက်ဘဲသင့်ဆရာဝန်ကို ချက်ချင်းအသိပေးသင့်ပါတယ်။ ဒီဆေးကို ကိုယ်ဝန် ဒုတိယသုံးလပတ်နဲ့ တတိယသုံးလပတ်အတွင်းသောက်သုံးမိရင် ကလေးကိုထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ဒီဆေးသောက်သုံးနေစဉ်အတောအတွင်းထိရောက်တဲ့ သန္ဓေတားနည်းလမ်းအသုံးပြုသင့်ပါတယ်။
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Entresto (အန်ထရက်စ်တို) ကိုသုံးစွဲဖို့ စိတ်ချရပါသလား
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။
ဘေးထွက်ဆိုးကျိုးများ
Entresto (အန်ထရက်စ်တို) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
Entrestoအသုံးပြုပြီးခန္ဓါကိုယ်မှာအင်ပြင်ထခြင်း၊ အသက်ရှူရခက်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ၊ လည်ချောင်းတို့ရောင်ရမ်းခြင်းစတဲ့ဓါတ်မတည့်တုန့်ပြန်မှုလက္ခဏာတွေ ဖြစ်လာခဲ့ရင် အရေးပေါ်ဆေးကုသမှု အမြန်ဆုံးခံယူဖို့ လိုအပ်ပါတယ်။ အာဖရိကန်-အမေရိကန် လူမျိုးတွေဟာဒီဆေးနဲ့ ဓါတ်မတည့်တုန့်ပြန်မှုဖြစ်နိုင်ချေ ပိုများပါတယ်။
အောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးလက္ခဏာတွေ ဖြစ်လာခဲ့ရင်လည်းသင့်ဆရာဝန်ကို ချက်ချင်းအကြောင်းကြားသင့်ပါတယ်။
- သတိလစ်တော့မလိုခေါင်းထဲရီတီတီခံစားရခြင်း
- အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်း
- သွေးတွင်းပိုတက်ဆီယမ်ပမာဏများခြင်း – နှလုံးခုန်နှေးခြင်း၊ သွေးခုန်အားနည်းခြင်း၊ ကြွက်သားအားနည်းခြင်း၊ တစ်ကိုယ်လုံးကျင်နေသလိုခံစားရခြင်း
- ကျောက်ကပ်ပြဿနာများ – ဆီးသွားနည်းခြင်းသို့မဟုတ် ဆီးလုံးဝမသွားခြင်း၊ ဆီးသွားလျှင်နာကျင်ခြင်း၊ ဆီးသွားရခက်ခြင်း၊ ခြေဖမိုး၊ ခြေမျက်စိများဖောရောင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မောခြင်း
Entrestoကြောင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့
- မူးဝေခြင်း
- ချောင်းဆိုးခြင်း
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Entresto (အန်ထရက်စ်တို) နဲ့ ဓါတ်ပြုနိုင်သလဲ
Entrestoဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီးဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။
Entrestoနဲ့ သက်ရောက်ဓါတ်ပြုနိုင်တဲ့ ဆေးဝါးတွေကတော့
- Aliskiren
- Lithium
- နှလုံးရောဂါ၊ သွေးတိုးရောဂါ ကုသရာတွင် အသုံးပြုသည့်ဆေးဝါးများ
- ဆီးရွှင်ဆေးများ
- ပိုတက်ဆီယမ်ပါဝင်သည့် သတ္တုအားဖြည့်ဆေးများ
- စတီးရွိုက်မပါဝင်သည့် အရောင်ကျဆေး၊ အကိုက်အခဲပျောက်ဆေးများ – aspirin, ibuprofen (Advil, Motrin), naproxen (Aleve), celecoxib, diclofenac, indomethacin, meloxicam
အစားအသောက်တွေနဲ့ အရက်က Entresto (အန်ထရက်စ်တို) နဲ့ ဓါတ်ပြုနိုင်သလား
Entrestoက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Entresto (အန်ထရက်စ်တို) နဲ့ ဓါတ်ပြုနိုင်သလဲ
Entrestoဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Entresto (အန်ထရက်စ်တို) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
နှလုံးသွေးညှစ်အားနည်းသည့်ရောဂါအတွက်
ကနဦးသောက်သုံးရမည့် ပမာဏ – Valsartan ၅၁ မီလီဂရမ် တစ်နေ့ ၂ကြိမ်
ရေရှည်သောက်သုံးရမည့် ပမာဏ – Sacubitril ၉၇ မီလီဂရမ်၊ Valsartan ၁၀၃ မီလီဂရမ် တစ်နေ့ ၂ကြိမ်
ကလေးတွေအတွက် Entresto (အန်ထရက်စ်တို) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ
Entresto (အန်ထရက်စ်တို) ကိုဘယ်လိုရရှိနိုင်သလဲ
Entrestoကို sacubitril ၂၄ မီလီဂရမ်၊ valsartan ၂၆ မီလီဂရမ် ပါဝင်တဲ့ ဆေးပြားပုံစံနဲ့ ရရှိနိုင်ပါတယ်။
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
Entrestoကိုသောက်ဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်ဆေးသောက်ရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။