မွေးဖွားမယ့်ရက် တွက်ချက်ခြင်း

ဒီတွက်ချက်တဲ့ ကိရိယာကို အသုံးပြုပြီး ကလေးမွေးဖွားမယ့်ရက်ကို တွက်ချက်နိုင်ပါတယ်။ အတိအကျဖြစ်မယ်လို့တော့ အာမမခံနိုင်ပါဘူး။ အနီးစပ်ဆုံး ခန့်မှန်းတွက်ချက်ပေးမှာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်အနေနဲ့ ခန့်မှန်းရရှိလာတဲ့ ရက်ရဲ့ မတိုင်ခင် သီတင်းတစ်ပတ်အတွင်း သို့မဟုတ် သီတင်းတစ်ပတ်အကျော်မှာ မွေးဖွားနိုင်ပါတယ်။

မှ အချက်အလက် စစ်ဆေးထားပါသည်။
16/09/2021
health-tool-icon

အချက်အလက်

မီးဖွားမယ့်ရက် တွက်ချက်ခြင်း ကိရိယာက တိကျလား။

မီးဖွားမယ့်ရက် တွက်ချက်ခြင်း ကိရိယာက ကိုယ်ဝန်ဆောင်ကာလ ဘယ်လောက်ကြာမလဲဆိုတာနဲ့ ဘယ်အချိန်မှာ ကလေးကို မွေးဖွားမလဲဆိုတာကို ခန့်မှန်းတွက်ချက်ပေးတာပါ။ သင့်ရဲ့ နောက်ဆုံးရာသီသွေးပေါ်ခဲ့တဲ့ ရာသီစက်ဝန်းရဲ့ ပထမရက် နဲ့  ရာသီစက်ဝန်း ကာလအတိုင်းအတာ သို့မဟုတ် ဘယ်အချိန်မှာ သန္ဓေအောင်ခဲ့တာလဲဆိုတာကို အခြေခံ တွက်ချက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ရာနှုန်းပြည့် တိကျမှုရှိမယ်လို့တော့ အာမမခံနိုင်ပါဘူး။ အတိုင်းအတာ တစ်ရပ်အထိတော့ မှန်ကန်တိကျပါတယ်။

မီးဖွားမယ့်ရက် တွက်ချက်ခြင်း ကိရိယာက ဖန်ပြွန်သန္ဓေသား ကိုယ်ဝန်ဆောင်ခြင်း ( IVF) အတွက် တွက်ချက်ရင် ပိုပြီး တိကျနိုင်သလား။

ဒါကတော့ သဘာဝကျပါတယ်။ ဖန်ပြွန်သန္ဓေသား ကိုယ်ဝန်ဆောင်ထားတဲ့ မိခင်တွေအတွက်တော့ ဒီကိရိယာက ပိုပြီး တိတိကျကျ အဖြေထုတ်ပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း မီးဖွားမယ့်ရက်က အမျိုးမျိုးသော အကြောင်းခြင်းရာတွေကြောင့် ကွာခြားတာမျိုး ရှိနိုင်ပါတယ်။ မီးဖွားမယ့်ရက်နဲ့ ပတ်သက်ပြီး စိတ်ပူတယ်ဆိုရင် အကောင်းဆုံးကတော့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

ကိုယ်ဝန်ဆောင်ကာလက အချိန် ဘယ်လောက် ကြာမြင့်နိုင်သလဲ။

ကိုယ်ဝန်ဆောင်ကာလဆိုတာ အမျိုးသမီးတစ်ယောက် ကိုယ်ဝန်စရှိစအချိန်ကနေစပြီး ရင်သွေးလေး မွေးဖွားတဲ့ အချိန်အထိ ကာလအပိုင်းအခြားကို ဆိုလိုတာပါ။ ပုံမှန်အားဖြင့်တော့ ကိုယ်ဝန်ဆောင်ကာလက ရက်သတ္တပတ် ၃၈ ပတ် ကနေ ၄၂ပတ်အထိ ကြာမြင့်နိုင်ပါတယ်။ ကလေးကို မွေးဖွားဖို့ အကောင်းဆုံးလို့ သတ်မှတ်ထားတဲ့ အချိန်ကာလကတော့ ကိုယ်ဝန်ဆောင်ကာလ ၃၉ ပတ် ကနေ အပတ် ၄၀ အတွင်းပါ။ ကလေးကို ၃၇ ပတ် မတိုင်ခင် မွေးဖွားတာက လမစေ့မီ မွေးဖွားခြင်းလို့ သတ်မှတ်လို့ ရပြီး ၄၂ ပတ် နောက်ပိုင်းမှ မွေးဖွားခြင်းကိုတော့ မွေးဖွားရက်ကျော်လွန် မွေးဖွားခြင်းလို့ ခေါ်ပါတယ်။

သန္ဓေသား သက်တမ်းဆိုတာ ဘာလဲ။

သန္ဓေသား သက်တမ်းဆိုတာကတော့ ကိုယ်ဝန်ဆောင်ချိန်ကာလကို ဆိုလိုတာပါ။ လက်ရှိ သန္ဓေသား သက်တမ်းကို နောက်ဆုံး ရာသီသွေးဆင်းခဲ့တဲ့ ရာသီစက်ဝန်းရဲ့ ပထမဆုံးရက်ကနေ စတင် တွက်ချက်ပါတယ်။ ဒီကာလအတိုင်းအတာက သန္ဓေသားလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုအဆင့်တွေနဲ့ ဆက်စပ်နေပါတယ်။ ဥပမာ- လက်ကလေးတွေ၊ ခြေဖဝါးလေးတွေ ဖွံ့ဖြိုးလာတာမျိုးပါ။

ပြည့်ဝတဲ့ ကိုယ်ဝန်ဆောင်ကာလမှာ ရက်သတ္တပတ် ဘယ်လောက် ပါဝင်သလဲ။

ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်ကာလလို့ ဆိုနိုင်တဲ့ ပြည့်ဝတဲ့ ကိုယ်ဝန်ဆောင်ကာလမှာ ပျမ်းမျှအားဖြင့် ရက်သတ္တပတ် ၄၀ လို့ သတ်မှတ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ၃၉ ပတ်ထက် စောပြီး မွေးဖွားတဲ့ ကလေး သို့မဟုတ် လမစေ့ဘဲ မွေးဖွားတဲ့ ကလေးတွေမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာ၊ သွေးတွင်းသကြားဓာတ် နည်းတာ၊ စားသောက်မှုပြဿနာ၊ မွေးကင်းစကလေးငယ် အသားဝါပါတာ၊ ဆေးရုံမှာ ပုံမှန်ထက် ရက်ကြာကြာနေရတာတွေပါ ခံစားရနိုင်ပါတယ်။

လမစေ့ဘဲ မီးဖွားနိုင်ခြေ ရှိလား။

အမြွှာ ကိုယ်ဝန်၊ သုံးမြွှာပူး ကိုယ်ဝန်ဆောင်ထားရမယ်ဆိုရင် လမစေ့ဘဲ မွေးဖွားနိုင်ခြေ များပါတယ်။ အခြား အကြောင်းအရာတွေ အနေနဲ့ကတော့ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ ကိုယ်ဝန်တစ်ခုနဲ့ တစ်ခု နီးလွန်းတာ၊ မျိုးမအောင်တဲ့ အခြေအနေမျိုး ရှိခဲ့ဖူးတာ (ဖန်ပြွန်သန္ဓေသားနဲ့ ကိုယ်ဝန်ဆောင်ရဖူးတာမျိုး)၊ ကိုယ်ဝန်ဆောင်ကျန်းမာရေး စောင့်ရှောက်မှု ကင်းမဲ့တာတွေက လမစေ့ဘဲ မွေးဖွားတာကို ဖြစ်စေနိုင်ပါတယ်။

ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်ကာလဖြစ်အောင် ဘယ်လို လုပ်ဆောင်ရမလဲ။

လမစေ့မီ မီးဖွားတာကို တစ်ခါတလေမှာ မလွှဲသာမရှောင်သာ တွေ့ရနိုင်ပေမယ့် ဖြစ်နိုင်ခြေကို လျှော့ချလို့ရတဲ့ နည်းလမ်းလေးတွေတော့ ရှိပါတယ်။

ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ ကျန်းမာပျော်ရွှင်စွာ နေထိုင်ခြင်းက ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်ကာလလေးကို ပိုင်ဆိုင်စေပြီး ပုံမှန်အတိုင်း မီးဖွားနိုင်စေဖို့ ထောက်ကူပေးနိုင်မှာပါ။ အရေးကြီးတဲ့ အချက်ကတော့ ကိုယ်ဝန်ဆောင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို လျှော့ချနိုင်စေဖို့အတွက် မှန်ကန်တဲ့ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုတွေကို ရယူဖို့ လိုပါတယ်။ ဆေးလိပ်သောက်တတ်တယ်၊ အရက်သောက်တတ်တယ်ဆိုရင် ဖြတ်ပါ။ နေလို့ထိုင်လို့ မကောင်းဘူးဆိုရင် ဆေးခန်းကို အမြန်ဆုံး သွားရောက်ပြသပါ။ ဒါမှ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ကျန်းမာရေးအခြေအနေကို အဖြေထုတ်နိုင်မှာပါ။

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း
နောက်ထပ် ဖတ်ရှုရန်