အဓိပ္ပါယ်ဖွင့်ဆိုချက်
Erythema multiforme (အယ်ရီတီးမား မာတီဖောင်မီ) ကဘာလဲ။
အရေပြားဓါတ်မတည့်မှု ဆိုတာ ကူးစက်မှု တစ်ခုခုကြောင့် ဒါမှမဟုတ် ဆေးဝါးတစ်ခုခုကြောင့် ဖြစ်ပေါ်လာရတဲ့ အရေပြား တုံ့ ပြန်မှု တစ်ခု ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် မပြင်းထန်ပါဘူး။ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် ရှားပါးပြီး ပြင်းထန်တဲ့ အရေပြားဓါတ်မတည့်မှုပုံစံ တစ်မျိုးလည်း ရှိပါတယ်။ ပါးစပ်၊ လိင်အင်္ဂါများ သာမက မျက်လုံးများ အထိပါ ထိခိုက်စေပြီး အသက်အန္တရာယ်ဆုံးပါး တဲ့ အထိ ဖြစ်နိုင်ပါတယ်။ ဒါကို ပြင်းထန် အရေပြားဓါတ်မတည့်မှု လို့ ခေါ်ပါတယ်။
Erythema multiforme (အယ်ရီတီးမား မာတီဖောင်မီ) က ဘယ်လောက်အဖြစ်များသလဲ
အရေပြားဓါတ်မတည့်မှုဟာ အရွယ်မရွေး ဖြစ်နိုင်ပေမယ့် အသက် ၄၀ အောက်လူကြီးတွေကို အဓိက ထိခိုက်စေပါတယ်။ ထပ်သိချင်တာ ရှိရင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။
လက္ခဏာများ
Erythema multiforme (အယ်ရီတီးမား မာတီဖောင်မီ) ရဲ့လက္ခဏာတွေကဘာတွေလဲ
အရေပြားဓါတ်မတည့်မှုရဲ့ အတွေ့ရများတဲ့ လက္ခဏာတွေကတော့
- ဖျားခြင်း
- ဖျားသလိုလို ခံစားရခြင်း
- အရေပြားယားယံခြင်း
- အဆစ်များနာကျင်ခြင်း
- ပြန့်နှံ့လွယ်ပြီး အလျင်အမြန်ပေါ်လာသော အရေပြား အနာများ
- အုံလိုက်ဖြစ်နေတတ်သော အရောင်ကျွတ်နေသော အရေပြား၊ အဖုအပိန့်များ
- အလယ်မှ အနာကို ဘေးနားမှ အနီဖျော့ဖျော့ စက်ဝိုင်းမှ ဝန်းရံထားသော အဖုများ
- အရွယ်အစားအမျိုးမျိုးရှိသော အနာ အရည်အိတ်များ
- ခန္ဓါကိုယ်အပေါ်ပိုင်း ခြေထောက်၊ လက်မောင်း၊ လက်များ၊ လက်ဖဝါးများနှင့် ခြေထောက်များတွင် ရှိနေတတ်ပါတယ်။
- မျက်နှာ၊ နှုတ်ခမ်းများပေါ်မှာလည်း အနာဖြစ်တတ်ပါတယ်။
- ခန္ဓါကိုယ် တစ်ဖက်နဲ့ တစ်ဖက် ညီညီမျှမျှ အနာတွေ ဖြစ်တတ်ပါတယ်။
တခြားလက္ခဏာတွေကတော့
- မျက်လုံးတွေ နီရဲနေမယ်။
- မျက်လုံးတွေ ခြောက်သွေ့နေမယ်။
- မျက်လုံးတွေ ပူလောင်းပြီးယားယံနေမယ်၊ မျက်ဝတ်ထွက်မယ်။
- မျက်လုံးအောင့်မယ်။
- အပူကန်နာတွေ ပါးစပ်မှာ ဖြစ်မယ်။
- အမြင်အာရုံမှာ ပြဿနာ ဖြစ်လာမယ်။
အပေါ်မှာ မပါဝင်တဲ့ လက္ခဏာတွေ ကျန်နေပါသေးတယ်။ စိတ်ပူစရာ တစ်ခုခု ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
အောက်ပါ အခြေအနေတွေ တွေ့ကြုံရမယ်ဆိုရင်တော့ ဆရာဝန်ပြဖို့ လိုပါပြီ။
သင့်ကလေးမှာ အရေပြားဓါတ်မတည့်မှု ခံစားနေရတယ်လို့ သံသယရှိမယ်ဆိုရင် ဆရာဝန်ဆီ ချက်ခြင်းပြပါ။
အရေပြားပေါ်က အနာတွေကို ကြည့်ပြီး အရေပြားဓါတ်မတည့်မှု ဖြစ်တာလား ဆိုတာကို စမ်းသပ်ကြည့်နိုင်ပါတယ်။ ဒါပေမယ့် သိပ်မသေချာရင် အရေပြား အထူးကုဆီကို လွှဲပေးပါလိမ့်မယ်။
တကယ်လို့ အရေပြားဓါတ်မတည့်မှု ဒါမှမဟုတ် Stevens-Johnson လက္ခဏာစု ကို ခံစားနေရတယ် လို့ သံသယ ဖြစ်စရာကောင်းနေမယ်ဆိုရင် တော့ ဆေးရုံချက်ချင်းသွားခိုင်းပါလိမ့်မယ်။ အလွန်ပြင်းထန် ဆိုးရွားတဲ့ အခြေအနေ ဖြစ်သွားနိုင်တာကြောင့် ဖြစ်ပါတယ်။
အကြောင်းရင်းများ
Erythema multiforme (အယ်ရီတီးမား မာတီဖောင်မီ) ကိုဘာတွေကဖြစ်စေသလဲ
အရေပြားဓါတ်မတည့်မှုက ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို သေချာမသိကြသေးပါဘူး။ ဒါပေမယ့် တစ်ချို့ ဖြစ်ရပ်တွေမှာ ကျတော့ အသုံးပြုမိတဲ့ ဆေးဝါး ဒါမှမဟုတ် ကူးစက်မှုကြောင့် ဖြစ်လာရတာ ဖြစ်ပါတယ်။
အရေပြားဓါတ်မတည့်မှုက မကူးနိုင်ပါဘူး။
ကူးစက်ခြင်း
ဖြစ်ရပ်အများစုက ဗိုင်းရပ်စ်ပိုးကူးစက်မှု – အများအားဖြင့် ရေယုန်ဗိုင်းရပ်စ်ပို ကူးစက်မှု ကြောင့် ဖြစ်ပွားကြတာကို တွေ့ရှိရပါတယ်။ ဒီဗိုင်းရပ်စ်ခန္ဓါကိုယ်ထဲမှာ မပေါ်လာပဲ နေတတ်ပါတယ်။ ဒါပေမယ့် တစ်ချိန်မဟုတ် တစ်ချိန်တော့ ပြန်ပြန်ပေါ်လာတတ်ပါတယ်။
လူတချို့ကတော့ အရေပြားအနာတွေ မဖြစ်ခင် ရေယုန်ပေါက်တတ်ပါတယ်။
အရေပြားဓါတ်မတည့်မှုဟာ အဆုတ်နဲ့ အသက်ရှုလမ်းကြောင်းကို နာမကျန်းဖြစ်စေတဲ့ mycoplasma ဘက်တီးရီးယား ကြောင့် လည်း ဖြစ်တတ်ပါတယ်။
ဆေးဝါးကုသခြင်း
ပြင်းထန် အရေပြားဓါတ်မတည့်မှုရောဂါဟာ ဆေးဝါးတွေကြောင့်လည်း တစ်ခုတစ်လေ ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်တဲ့ ဆေးတွေကတော့ –
- sulfonamides, tetracyclines, amoxicillin နဲ့ ampicillin တို့လို ပဋိဇီ၀ ဆေးတွေ၊
- ibuprofen လိုမျိုး စတီးရွိက်မပါတဲ့ ရောင်ရမ်းမှုလျော့ဆေး (NSAIDs)
- phenytoin နဲ့ barbiturates လိုမျိုး anticonvulsants (ဝက်ရူးပြန်ရောဂါကို ကုသရာမှာသုံး)
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Erythema multiforme (အယ်ရီတီးမား မာတီဖောင်မီ) ကို ဘယ်လိုအတည်ပြုပါသလဲ
ဆရာဝန်က သင့်အရေပြားကို ကြည့်ပါလိမ့်မယ်။ ပြီးရင် အရေပြားဓါတ်မတည့်မှု နဲ့ ဆက်နွယ်နေတဲ့ အန္တရယ် အခြေအနေတွေ ရှိခဲ့ဖူးသလားဆိုတာကို မေးပါလိမ့်မယ်
အောက်ပါစမ်းသပ်ချက်တွေကို လုပ်ဆောင်ပါလိမ့်မယ်။
- Nikolsky’s sign
- Skin lesion biopsy
- မိုက်ခရိုစကုပ်အောက်မှာ အသားစ စစ်ဆေးခြင်း
Erythema multiforme (အယ်ရီတီးမား မာတီဖောင်မီ) ကို ဘယ်လိုကုသပါသလဲ
အရေပြားဓါတ်မတည့်မှုကို ကုသတဲ့ အခါ အောက်ပါရည်ရွယ်ချက်တွေလည်း ရှိပါတယ်။
- အရေပြားဓါတ်မတည့်မှုကို ဖြစ်စေတဲ့ နာမကျန်းမှုကို ထိန်းချုပ်ခြင်း
- ကူးစက်မှုကို ကာကွယ်ခြင်း
- ရောဂါလက္ခဏာများကို ကုသခြင်း
နာမကျန်းဖြစ်စေတယ် လို့ ထင်ရတဲ့ ဆေးတွေ သောက်တာ ဆရာဝန်က ရပ်ခိုင်းပါလိမ့်မယ်။ ဆရာဝန်ကို မမေးပဲနဲ့ ဆေးတွေကို ကိုယ့်သဘောနဲ့ ကိုယ်မရပ်ပါနဲ့။
သိပ်မပြင်းထန်တဲ့ ရောဂါ လက္ခဏာတွေကို ကုသဖို့အတွက်-
- ယားတာကို လျော့စေမယ့် Antihistamine လို ဆေးသောက်တာ
- အရေပြားကို အဝတ်စိုနဲ့ သုတ်ပေးတာ
- ရေယုန်ကြောင့်ဖြစ်တဲ့ အရေပြားဓါတ်မတည့်မှု ဆိုရင် antiviral သောက်ဆေး သောက်တာ
- အဖျားသက်သာဖို့ ၊ မအီမသာ ဖြစ်တာကို လျော့စေဖို့ Acetaminophen လို အိမ်တွင်းသုံးဆေးတွေ သောက်တာ
- စားသောက်တဲ့ အခါ အဆင်မပြေတာ မျိုး မဖြစ်ရအောင် ပါးစပ်က အနာတွေအတွက် ထုံဆေးပေးတာ
ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေကို ကုသဖို့ အတွက်-
- အရေပြား ကူးစက်မှုတွေအတွက် ပဋိဇီ၀ ဆေးတွေ
- ရောင်ရမ်းခြင်းကို ထိန်းချုပ်ဖို့ အတွက် Corticosteroid ဆေးတွေ
- ပြင်းထန်တဲ့ လက္ခဏာတွေ ၊ Stevens-Johnson လက္ခဏာစု နဲ့ toxic epidermal necrolysis စတဲ့ အခြေအနေတွေအတွက် နေ့ညမပြတ် စောင့်ရှောက်ပေးခြင်း
- ရောဂါထိန်းချုပ်ရန် Intravenous immunoglobulins (IVIG) ဆေး
- သန့်သန့်ရှင်းရှင်း နေထိုင်ခြင်းနဲ့ လူတွေနဲ့ နီးနီးကပ်ကပ် မနေခြင်းက ထပ်ပြီး ကူးစက်မှု မဖြစ်ဖို့ အထောက်အကူ ဖြစ်ပါလိမ်မယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။