home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

အသည်းကင်ဆာဝေဒနာခံစားနေရသော ကလေးငယ် ကုသမှုခံယူနေစဉ် ဘယ်လိုကူညီပေးနိုင်သလဲ

အသည်းကင်ဆာဝေဒနာခံစားနေရသော ကလေးငယ် ကုသမှုခံယူနေစဉ် ဘယ်လိုကူညီပေးနိုင်သလဲ

သင့်ကလေးဟာ အသည်းကင်ဆာ ကုသမှုကို ရင်ဆိုင်နေရတယ်ဆိုရင် အခြားကင်ဆာ ကုသမှုတွေလိုပဲ မလိုချင်တဲ့ ဆိုးကျိုးတွေကို ကြုံတွေ့ရနိုင်ပါတယ်။ သင့်ကလေးဟာ ခွဲစိတ်မှုတွေကြောင့် နာကျင်ခြင်း၊ ပျို့အန်ခြင်း၊ ပင်ပန်းခြင်း၊ သွေးအားနည်းခြင်း၊ ရောဂါပိုး ကူးစက်ခံရခြင်းတွေ ပိုမိုဖြစ်နိုင်ပါတယ်။ သင့်ကလေးကို ဒီဆိုးကျိုးတွေကို ရင်ဆိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ အောက်ဖေါ်ပြပါ အချက်တွေကတော့ သင်ကူညီပေးဖို့အတွက် လုပ်နိုင်တဲ့ အချက်အချို့ပဲ ဖြစ်ပါတယ်။

နာကျင်မှု

ကင်ဆာကုသမှုကနေ ဖြစ်လာတဲ့ နာကျင်ခြင်းဟာ ခွဲစိတ်ကုသမှု ကြောင့် (သို့) တခါတရံမှာ ကင်ဆာကြောင့် ဖြစ်နိုင်ပါတယ်။ နာကျင်မှုရဲ့ လက္ခဏာတွေဖြစ်တဲ့ မျက်နှာရှုံ့မဲ့ခြင်း၊ ညည်းတွားခြင်း၊ တင်းကျပ်ခြင်း အစရှိတာတွေကို သတိထားသင့်ပါတယ်။ သင့်ကလေးငယ်ကို ရေနွေးနဲ့ ရေချိုးပေးခြင်း (သို့) နာကျင်တဲ့နေရာတွေကို နွေးနေတဲ့ အဝတ်တွေကို အသုံးပြုခြင်းတွေပြီး ညင်သာစွာ နှိပ်ပေးခြင်း (သို့) ဖိပေးခြင်းဟာလည်း နာကျင်မှုအချို့ကို သက်သာစေပါတယ်။

သင့်ကလေး ခံစားနေရတဲ့ နာကျင်မှုပေါ်မူတည်ပြီး အနာသက်သာဆေးတွေလဲ ပေးနိုင်ပါတယ်။ မပြင်းထန်တဲ့ နာကျင်မှုတွေကို ဘိန်းမပါသော တွေဖြစ်တဲ့ ပါရာစီတမော သို့ NSAIDs (စတီးရွိုက်မပါသော အကိုက်အခဲပျောက်ဆေး) တွေ နဲ့ ကုသနိုင်ပါတယ်။ ဒီဆေးတွေကို ဆေးဆိုင်မှာတင် အလွယ်တကူ ဝယ်လို့ရနိုင်ပါတယ်။ ပြင်းထန်တဲ့ နာကျင်မှုတွေအတွက်ကတော့ သင့်ဆရာဝန်ကို အကိုက်အခဲပျောက်ဆေး အပြင်းတွေ ညွှန်းစေသင့်ပါတယ်။ ဒီအကိုက်အခဲ ပျောက်ဆေးအပြင်းတွေဟာ ဆိုးကျိုးတွေဖြစ်တဲ့ အိပ်ငိုက်ခြင်းနဲ့ အသက်ရှူနှေးခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

စတီးရွိုက်ဆေးတွေဟာ ရောင်ရမ်းမှုကို လျော့ကျစေခြင်းအားဖြင့် နာကျင်မှုကို ထိန်းချုပ်ပေးပါတယ်။ စတီးရွိုက် တွေကို သင့်ကလေးရဲ့ ဆရာဝန်က ညွှန်းပေးနိုင်ပါတယ်။ စတီးရွိုက် သောက်နေတဲ့ ကလေးတွေဟာ တစ်ချိန်လုံး ဗိုက်ဆာနေနိုင်ပြီး ကိုယ်တွင်း အရည်စုပုံ၊ ဖောလာခြင်းကြောင့် ကိုယ်အလေးချိန်တိုးခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

စတီးရွိုက် တွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ကာကွယ်ဖို့အတွက် သင်က သင့်ကလေးဟာ ကို ကိုယ်တွင်းအရည်စုပုံကာ ဖောလာခြင်းမှ ကာကွယ်ဖို့နဲ့ ကိုယ်အလေးချိန်တိုးခြင်းတွေကို လျော့ချဖို့ စားသောက်ပုံ ပြောင်းလဲခြင်းတွေ ပြုလုပ်ပေးနိုင်ပါတယ်။ စားသောက်မှု ကျွမ်းကျင်သူပညာရှင်ဟာ သင့်ကလေးအတွက် စားသောက်ပုံ အစီအစဉ်ကို ပြုလုပ်ဖို့ ကူညီပေးနိုင်ပါတယ်။ သူတို့က အစားအသောက်ထဲမှာ ဆားလျှော့စားဖို့ အကြံပေးမှာပါ။

ပျို့အန်ခြင်း

ဓါတ်ရောင်ခြည် ကုသခြင်း (သို့) ကင်ဆာဆေးသွင်းကုသခြင်းဟာ သင့်ကလေးငယ်ကို ပျို့အန်ခြင်း ဖြစ်စေပြီး ရေဓါတ်ခမ်းခြောက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ သင့်ကလေးငယ်ကို ရေအမြောက်အမြား သောက်စေသင့်ပါတယ်။ ပျို့အန်ခြင်းဟာ သင့်ကလေးငယ်ကို ခံတွင်းနံ့ ဆိုးစေခြင်း၊ စားချင်သောက်ချင်စိတ်မရှိခြင်း၊ အရသာ အာရုံခံနိုင်မှု ပြောင်းလဲခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ အစားအသောက်တွေဟာ ခါးနေပြီး သတ္တုအရသာ ကိုသာ ရနေနိုင်ပါတယ်။

သင့်ကလေး အစာစားစေဖို့အတွက် အောက်ပါအချက်တွေကို ပြုလုပ်ပေးနိုင်ပါတယ်။

  • အစားအသောက်တွေကို ပုံမှန်အခန်းအပူချိန် (သို့) အေးတဲ့နေရာမှာ ထားခြင်းဟာ အစားအသောက်ရဲ့ အနံ့အရသာကို လျော့ကျစေတာမို့ ကလေးငယ်ဟာ ဒါကို ခံနိုင်ရည် ရှိနိုင်ပါတယ်။
  • ဖျော်ရည်တွေကို အဖုံးဖုံးထားပါ။ သင့်ကလေးငယ်ကို ပိုက်နဲ့ သောက်ပါစေ။
  • သင့်ကလေးငယ် အနားမှာ ရှိချိန်မှာ အနံ့ပြင်းတဲ့ အစားအသောက်တွေကို မချက်ပြုတ်သင့်ပါဘူး။
  • အရာဝတ္ထုတွေ ပြည့်နေတဲ့ (သို့) ပူလွန်းတဲ့ အခန်းထဲမှာ အစားစားခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
  • သင့်ကလေး စားလေ့ရှိတဲ့ အစားအသောက်တွေနဲ့ မတူတဲ့ အစားအသောက်တွေကို စမ်းကျွေးကြည့်ပါ။ ကလေးငယ်တွေဟာ ငန်တဲ့ အစာတွေ ဖြစ်တဲ့ အာလူးကြော်၊ မုန့်ကြိုးလိမ် တွေကို ကြိုက်နှစ်သက်နိုင်ပါတယ်။ (သတိထားသင့်တာ တစ်ချက်ကတော့ သင့်ကလေးဟာ စတီးရွိုက်ဆေးသောက်နေတယ်ဆိုရင် ငန်တဲ့ အစားအသောက်တွေဟာ ပြဿနာဖြစ်နိုင်ပါတယ်။)
  • အသီးတွေဖြစ်တဲ့ စပျစ်သီး၊ လိမ္မော်သီး၊ ဖရဲသီး တွေကို ခဲထားသင့်ပါတယ်။ ဒါမှမဟုတ် ခဲထားတဲ့ ဘလူးဘယ်ရီ နဲ့ စတော်ဘယ်ရီသီးတွေကို ဝယ်ပြီး ခဲထားစဉ်မှာ စားသောက်နိုင်ပါတယ်။
  • လတ်ဆတ်တဲ့ အသီးအရွက်တွေကို ကျွေးကြည့်ပါ။ ဒါတွေဟာ စည်သွတ်ဘူးတွေ၊ ခဲထားတဲ့ အစာတွေထက် ပိုမို စားချင်စဖွယ် ဖြစ်ပါတယ်။
  • နူးညံ့ပြီး အရသာရှိတဲ့ နှပ်ပြီး ချက်ထားတဲ့ အသားတွေကို ကျွေးကြည့်ပါ။
  • အနီရောင်ရှိတဲ့အသားတွေဟာ အရသာ ထူးဆန်းနိုင်တာကြောင့် အခြားပရိုတင်းကြွယ်ဝတဲ့ အသားတွေ ဖြစ်တဲ့ ကြက်၊ ငါး၊ ဥ နဲ့ ချီးစ် တွေကို ကျွေးကြည့်သင့်ပါတယ်။
  • အသီးစိမ်းတွေကို မစ်ရှိတ်၊ ဖျော်ရည်၊ ရေခဲမုန့်၊ ဒိန်ချဉ်တွေနဲ့ ရောမွှေပြီး သီးစုံဖျော်ရည် လုပ်နိုင်ပါတယ်။
  • သင့်ကလေးရဲ့ ခံတွင်းကို သန့်ရှင်းအောင် ပုံမှန် သွားတိုက်ခြင်းနဲ့ ပါးလုပ်ကျင်းခြင်းတွေ လုပ်စေဖို့ ဂရုစိုက်ခြင်းဟာလည်း အစားအသောက်တွေရဲ့ အရသာကို တိုးတက်စေပါတယ်။

ပင်ပန်းနွမ်းနယ်ခြင်း

ပင်ပန်းနွမ်းနယ်ခြင်း ဟာ ကင်ဆာရောဂါကုသခြင်းရဲ့အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်ပါတယ်။ ကင်ဆာကုသမှုကြောင့် ဖြစ်တဲ့ ပင်ပန်းနွမ်းနယ်ခြင်း ဟာ ရုတ်တရက်ဖြစ်ပြီး ပြင်းထန်နိုင်ပါတယ်။ နားလိုက်ရုံနဲ့လဲ ပျောက်မသွားနိုင်ပါဘူး။ ပင်ပန်းနွမ်းနယ်ခြင်းရဲ့ လက္ခဏာတွေကတော့ ပုံမှန်ထက်ပို အိပ်နေခြင်း၊ အာရုံစူးစိုက်မှု မရှိခြင်းနဲ့ အပြင်လှုပ်ရှားမှုတွေကို မလုပ်လိုခြင်းတွေပဲ ဖြစ်ပါတယ်။

သင့်ကလေးအတွက် တစ်နေ့တာ အချိန်ဇယားကို ဆွဲပေးထားနိုင်ပြီး သူတို့လုပ်နိုင်တာထက် ပိုလုပ်ဖို့ ဖိအားမပေးသင့်ပါဘူး။ သင့်ကလေးဟာ တစ်နေကုန် အနားယူနေနိုင်ပြီး ခဏတာအိပ်စက်ခြင်းနဲ့ ကြားထဲမှာ အနားယူခြင်းတွေဟာလည်း အကူအညီ ဖြစ်စေပါတယ်။

ရောဂါပိုးဝင်ခြင်း

ကင်ဆာရောဂါကုသမှုဟာ ကိုယ်ခံအားစနစ်ကို အားနည်းစေနိုင်ပါတယ်။ ရောဂါပိုးဝင်ခြင်းဟာ ကင်ဆာနဲ့ ကင်ဆာရောဂါကုသမှုအတွက် အဖြစ်အများဆုံးနဲ့ အန္တရာယ်အရှိဆုံး နောက်ဆက်တွဲ ဆိုးကျိုးတစ်ခုလည်း ဖြစ်ပါတယ်။ ရောဂါပိုးဝင်တဲ့ လက္ခဏာတွေကတော့ အဖျားတက်ခြင်း၊ နီခြင်း၊ ရောင်ခြင်းနဲ့ နာကျင်ခြင်းတွေပဲဖြစ်ပါတယ်။ သင့်ကလေးမှာ လည်ချောင်းနာခြင်း၊ ဗိုက်နာခြင်းနဲ့ ထူးဆန်းတဲ့ ကိုယ်ခန္ဓါက ထွက်တဲ့ အရည်တွေ ရှိနိုင်ပါတယ်။

သင့်ကလေးကို နွေးထွေးစွာထားပြီး အရည်လုံလောက်စွာ တိုက်ဖို့ လိုအပ်ပါတယ်။ ရောဂါပိုးမွှားတွေနဲ့ ဘက်တီးရီးယားပိုးတွေနဲ့ ထိတွေ့ခြင်းကနေ ရှောင်ကြဉ်သင့်ပါတယ်။ ရိုးရှင်းတဲ့ အရာတွေဖြစ်တဲ့ သင့်ကလေးကို လက်သေချာဆေးအောင်၊ သွားပုံမှန်တိုက်အောင် ပြောသင့်ပါတယ်။ တကယ်လို့ သင်သိသူတစ်ယောက်ယောက်မှာ ဝမ်းလျှောခြင်း၊ ဖျားခြင်း၊ တုတ်ကွေးဖြစ်ခြင်းတွေ ဖြစ်ရင် သူတို့နေပြန်မကောင်းမချင်း ကလေးကို ဖုန်းနဲ့သာ သတင်းမေးဖို့ ပြောထားသင့်ပါတယ်။

သွေးအားနည်းခြင်း

သွေးအားနည်းခြင်းဟာ သင့်ကိုယ်ခန္ဓါမှာ သွေးအလုံအလောက်မရှိရင် ဖြစ်တတ်ပါတယ်။ သင့်ကလေးမှာ ဖြူဖျော့နေတဲ့ အသားရောင်၊ လက်သည်း၊ သွားဖုံးတွေနဲ့ ရင်ဘတ်အောင့်ခြင်း၊ လှုပ်ရှားမှု ပြုလုပ်စဉ် ပင်ပန်းခြင်းတွေ ဖြစ်လာခဲ့ရင် သင့်ကလေးကို သွေးအားနည်းခြင်းအတွက် စစ်ဆေးသင့်ပါတယ်။

သင့်ကလေးကို အရည်တွေ အများကြီးသောက်ဖို့ အားပေးသင့်ပါတယ်။ သင့်ကလေးဟာ သွေးအန်ရင် (သို့) ဝမ်းအတွင်း သွေးပါရင် ဆရာဝန်ကို ပြသသင့်ပါတယ်။

အသည်းကင်ဆာ ခံစာနေရတဲ့ ကလေးမှန်သမျှဟာ ဆိုးကျိုးရှိနိုင်တာ မဟုတ်ပဲ အချို့ကသာ ကင်ဆာကုသမှုကြောင့် ဆိုးကျိုးနည်းငယ် ရှိနိုင်ပါတယ်။ ကုသနေစဉ်အတွင်း သင့်ကလေးကျန်းမာစေဖို့ လိုအပ်တဲ့ အာဟာရဖြည့်တင်းပေးဖို့နဲ့ ရေများပြားစွာ သောက်စေဖို့ အရေးကြီးပါတယ်။ နာကျင်မှုတွေ သက်သာအောင် ထိန်းချုပ်ဖို့နဲ့ အတတ်နိုင်ဆုံး တက်တက်ကြွကြွ ရှိစေဖို့ကလည်း အရေးကြီးပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Translated by Phyu Mon Latt

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံ
Dr . Phyu Mon Latt မှ ရေးသားသည်။ 12/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. K Zin Thwe မှ ကျွမ်းကျင်စွာ စစ်ဆေးထားပါသည်။