backup og meta

သားဥအိမ်ကင်ဆာ ဖြစ်ရတဲ့ အကြောင်းရင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားဥအိမ်ကင်ဆာ ဖြစ်ရတဲ့ အကြောင်းရင်း

    သားဥအိမ်ကင်ဆာ ဖြစ်တဲ့အခါ ကင်ဆာဆဲလ်တွေက သားဥအိမ်ထဲမှာ အလျင်အမြန်ပဲ ပွားလာပြီး ဘေးနားက တစ်ရှူးတွေဆီကို ပြန့်သွားတတ်ပါတယ်။ အမျိုးသမီး မျိုးပွားအင်္ဂါမှာ သားဥအိမ် ၂ခုရှိပြီး သားအိမ်ရဲ့ ဘေးတစ်ဖက်တစ်ချက်ဆီမှာ ရှိနေတာပါ။ ဗာဒံစေ့သာသာလောက်ပဲရှိပြီး လစဉ် မျိုးဥလေးတွေကို လွှတ်ထုတ်ပေးပါတယ်။ ဒါ့ပြင် အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း ဟော်မုန်းတွေကိုလည်း ထုတ်ပေးနိုင်ပါတယ်။ သားဥအိမ်ကင်ဆာ ဖြစ်ရတဲ့ အကြောင်းရင်း တွေကို သိထားမယ်ဆိုရင် ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

    သားဥအိမ်ကင်ဆာ ဖြစ်ရတဲ့ အကြောင်းရင်း

    သားဥအိမ်ထဲမှာ ရှိတဲ့ ဆဲလ်တွေရဲ့ မျိုးဗီဇ DNAမှာ ပြောင်းလဲမှုတွေဖြစ်ရာက စပြီးတော့ ကင်ဆာဆဲလ်တွေ ဖွံ့ဖြိုးလာပါတယ်။ မျိုးဗီဇပြောင်းလဲနေတဲ့ ဆဲလ်တွေက မြန်မြန်ဆန်ဆန် ပွားလာတဲ့အခါ အကျိတ်တွေ ဖြစ်လာပါတယ်။ ဒီကင်ဆာဆဲလ်တွေ ဆက်ပြီး ပွားလာတာနဲ့အမျှ ကောင်းတဲ့ ဆဲလ်တွေ သေဆုံးပြီး နည်းသွားပါတယ်။ ဒီလိုနဲ့ ကင်ဆာဆဲလ်တွေက တဖြည်းဖြည်းနဲ့ ဘေးက တစ်ရှူးတွေ ပြန့်၊ ဒီကနေမှ ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေကို ဆန့်ပြန့်သွားပါတော့တယ်။

    သားဥအိမ်ကင်ဆာ ဖြစ်နိုင်ခြေများစေတဲ့ အကြောင်းရင်း

    အပေါ်မှာ ပြောခဲ့တဲ့ မျိုးဗီဇပြောင်းလဲမှုတွေက ဘယ်သူ့မှာမဆို ဖြစ်နိုင်ပါတယ်။ ဒါကို တိုက်ရိုက်ဖြစ်စေတဲ့ အကြောင်းရင်းရယ်လို့ မရှိပါဘူး။ ဒါပေမယ့် အောက်ပါအချက်တွေ ရှိနေရင်တော့ ဖြစ်နိုင်ခြေ များလာနိုင်ပါတယ်။

    • အသက်ကြီးလာတာ

    သားဥအိမ်ကင်ဆာဖြစ်နိုင်ခြေက အသက်ကြီးလာတာနဲ့အမျှ ပိုများလာပါတယ်။ အသက် ၄၀အောက်ဆို ဖြစ်ခဲပါတယ်။ သားဥအိမ်ကင်ဆာအများစုက သွေးဆုံးပြီးချိန်မှာ ဖြစ်ကြတာပဲ ဖြစ်ပါတယ်။ သားဥအိမ်ကင်ဆာတွေရဲ့ တစ်ဝက်လောက်ကို အသက် ၆၃နဲ့ အထက်မှာ တွေ့ရပါတယ်။

    • ကိုယ်အလေးချိန်များတာ၊ အဝလွန်တာ

    အဝလွန်တာက ကင်ဆာတော်တော်များများကို ဖြစ်နိုင်ခြေများစေပါတယ်။ ဒီနှစ်ခုကြားက ဆက်စပ်မှုကိုတော့ အတိအကျ မပြောနိုင်သေးဘူးဆိုပေမယ့် BMI ၃၀နဲ့ အထက်တွေက ဖြစ်နိုင်ခြေများတယ်လို့ ဆိုကြပါတယ်။ ဒါ့ပြင်  သားဥအိမ်ကင်ဆာရှိပြီးသားသူတွေမှာ အဝလွန်နေတာက အသက်ရှင်နှုန်းကို ထိခိုက်စေနိုင်ပါတယ်။

  • ကလေးယူတာနောက်ကျတာ ဒါမှမဟုတ် ကလေးလုံးဝမမွေးဖူးတာ
  • အသက် ၃၅နှစ်ကျော်မှ ကလေးစယူတဲ့သူ ဒါမှမဟုတ် ကလေးလုံးဝမယူသူတွေက သားဥအိမ်ကင်ဆာဖြစ်နိုင်ခြေ များပါတယ်။

    သွေးဆုံးကိုင်လက္ခဏာတွေ သက်သာအောင် အီစထရိုဂျင်တစ်မျိုးတည်း ဒါမှမဟုတ် အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း ပေါင်းစပ်ဟော်မုန်း ကုသမှု ခံယူတာက သားဥအိမ်ကင်ဆာဖြစ်နိုင်ခြေကို များစေပါတယ်။

    သားဥအိမ်ကင်ဆာ ဖြစ်ရတဲ့ အကြောင်းရင်း

    • မိသားစုမျိုးရိုးရှိနေတာ

    သားဥအိမ်ကင်ဆာက မျိုးရိုးလိုက်တတ်ပါတယ်။ အမေ၊ ညီအမ၊ သမီးမှာ သားဥအိမ်ကင်ဆာဖြစ်ဖူးတဲ့သူရှိရင် ကိုယ့်မှာလည်း ဖြစ်နိုင်ခြေ များတတ်ပါတယ်။ မိသားစုထဲမှာ ဖြစ်ဖူးတဲ့သူ များလေလေ ကိုယ့်မှာ ဖြစ်နိုင်ခြေများလေလေပဲ ဖြစ်ပါတယ်။ တစ်ခါတလေ အဖေ့ဘက်က အမျိုးတွေမှာ သားဥအိမ်ကင်ဆာ မျိုးရိုးရှိရင် (ဥပမာ ဒေါ်လေး၊ ကြီးတော်၊ အဖွား) ကိုယ့်မှာလည်း ဖြစ်လာနိုင်ပါတယ်။

    သားဥအိမ်ကင်ဆာမဟုတ်ဘဲ မိသားစုထဲမှာ အူမကြီးကင်ဆာ ဒါမှမဟုတ် ရင်သားကင်ဆာတွေ ရှိနေရင်လည်း သတိထားရပါမယ်။ အကြောင်းက ဒီကင်ဆာတွေမှာ မျိုးဗီဇပြောင်းလဲတာတွေက မိသားစုလိုက် လက်ဆင့်ကမ်းနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါကို family cancer syndrome လို့ခေါ်ပါတယ်။

    • Family cancer syndrome ရှိနေတာ

    သားဥအိမ်ကင်ဆာတွေရဲ့ ၂၅ ရာခိုင်နှုန်းက family cancer syndromes လို့ခေါ်တဲ့ ကင်ဆာမျိုးရိုးကို လက်ဆင့်ကမ်းလာလို့ပဲ ဖြစ်ပါတယ်။ ဥပမာ ပြောရရင်

    -Hereditary breast and ovarian cancer syndrome (HBOC) : BRCA1နဲ့ BRCA2 မျိုးဗီဇပါနေလို့ပါ။ ဒီမျိုးဗီဇပါနေရင် ရင်သားကင်ဆာ၊ သားဥအိမ်၊ သားဥပြွန်ကင်ဆာတွေ ဖြစ်နိုင်ခြေများပါတယ်။ ဒါ့ပြင် ပန်ကရိယကင်ဆာ၊ ဆီးကျိတ်ကင်ဆာတွေလည်း ဖြစ်တတ်ပါတယ်။ မင်းသမီးကြီး အန်ဂျလီနာဂျိုလီ ရင်သားနဲ့ သားဥအိမ်တွေ ထုတ်ထားတာ ဒီမျိုးဗီဇရှိနေလို့ပါပဲ။

    -Hereditary nonpolyposis colon cancer (HNPCC): ဒါက မျိုးရိုးလိုက် အူမကြီးကင်ဆာဖြစ်တာပါ။ ဒါ့ပြင်  သားအိမ်နဲ့ သားဥအိမ်ကင်ဆာလည်း ဖြစ်နိုင်ပါစေးတယ်။

    -Peutz-Jeghers syndrome: ရှားပါးတဲ့ မျိုးရိုးလိုက်ရောဂါပါ။ လူငယ်ဘဝမှာတည်းက အစာအိမ်နဲ့ အူလမ်းကြောင်းမှာ အသားပိုတွေ ရှိနေတတ်ပါတယ်။ ဒါကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ကင်ဆာဖြစ်နိုင်ခြေ (ဥပမာ အစာရေမျိုပြွန်၊ အစာအိမ်၊ အူသိမ်၊ အူမကြီးကင်ဆာ)လည်း များပါတယ်။ အမျိုးသမီးတွေမှာဆိုရင် သားဥအိမ်ကင်ဆာဖြစ်နိုင်ခြေပါ များပါတယ်။

    -MUTYH-associated polyposis:  MUTYH လို့ခေါ်တဲ့ မျိုးဗီဇပြောင်းလဲတာပဲ ဖြစ်ပါတယ်။ အူသိမ်နဲ့ အူမကြီးမှာ အသားပိုတွေရှိတတ်ပြီး ကင်ဆာဖြစ်တတ်ပါတယ်။ ဒါ့ပြင်သားဥအိမ်ကင်ဆာနဲ့ ဆီးအိမ်ကင်ဆာလည်း ဖြစ်တတ်ပါတယ်။

    • ဖန်ပြွန်သန္ဓေဆောင်တာ

    ဖန်ပြွန်သန္ဓေဆောင်တာကလည်း “borderline” or “low malignant potential” လို့ခေါ်တဲ့ ကင်ဆာဖြစ်နိုင်ခြေများတဲ့ သားဥအိမ်အကျိတ်အမျိုးအစား ဖြစ်နနိုင်ခြေများစေပါတယ်။ ဒါကြောင့် ကလေးရဖို့ ဆေးတွေ သောက်နေတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ကောင်းကျိုးဆိုးကျိုးချိန်ဆသင့်ပါတယ်။

    • ရင်သားကင်ဆာဖြစ်ဖူးတာ

    အရင်က ရင်သားကင်ဆာဖြစ်ဖူးတယ်ဆိုရင် သားဥအိမ်ကင်ဆာလည်း ဖြစ်နိုင်ခြေရှိပါတယ်။ အကြောင်းရင်းတွေက

    -ရင်သားကင်ဆာနဲ့ သားဥအိမ်ကင်ဆာက ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေ တူပါတယ်။

    -မိသားစုထဲမှာ ရင်သားကင်ဆာဖြစ်တဲ့သူ ရှိတယ်။ ကိုယ်တိုင်လည်း ဖြစ်ဖူးတယ်ဆိုရင် သားဥအိမ်ကင်ဆာဖြစ်ဖို့ အလားအလာများပါတယ်။

    BRCA1 or BRCA2 မျိုးဗီဇသာ ရှိနေမယ်ဆိုရင် ရင်သားကင်ဆာရော၊ သားဥအိမ်ကင်ဆာရောဂါရော ဖြစ်နိုင်ပါတယ်။

    ဆေးလိပ်သောက်တာက mucinous type လို့ခေါ်တဲ့ သားဥအိမ်ကင်ဆာအမျိုးအစားကို ဖြစ်စေနိုင်ပါတယ်။

    ဒီအချက်တွေ ရှိနေရင် သားဥအိမ်ကင်ဆာဖြစ်မှာလား။

    ဒီအချက်တွေရှိတာက မရှိတာထက်စာရင် သားဥအိမ်ကင်ဆာဖြစ်နိုင်ခြေများတယ်လို့ပဲ ဆိုလိုတာပါ။ ဖြစ်ကိုဖြစ်မယ်လို့ ပြောတာမဟုတ်ပါဘူး။ ဒီအချက်တွေ မရှိဘဲ ကင်ဆာဖြစ်သွားတဲ့ သူတွေလည်း ရှိပါတယ်။

    ပြင်လို့ရတဲ့အချက်တွေ (ဥပမာ ဆေးလိပ်သောက်တာ၊ အဝလွန်တာ)ကို ပြုပြင်ပြီး ပြင်လို့ မရတဲ့ အချက်တွေ (ဥပမာ အသက်ကြီးလာတာ၊ မိသားစုမျိုးရိုးရှိတာ) ဆိုရင်တော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

    အကောင်းဆုံးကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ပုံမှန်စစ်ဆေးတာပဲ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement