backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

သားဥအိမ်ကင်ဆာ (Ovarian Cancer)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 21/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သားဥအိမ်ကင်ဆာ (Ovarian Cancer)

ဒီကင်ဆာ အမျိုးအစားက အမျိုးသမီးတွေမှာ ဖြစ်တဲ့ ကင်ဆာပါ။ အဖြစ်များတဲ့ ကင်ဆာတစ်ခုဆိုလည်း မမှားပါဘူး။ ဒီတော့ လေဒီတွေအနေနဲ့ သတိထားလို့ရအောင် သားဥအိမ်ကင်ဆာအကြောင်းလေး ပြောပြပေးပါရစေ။

သားဥအိမ်ကင်ဆာ  ဆိုတာ ဘာလဲ

သားဥအိမ်တွေမှာ စတင်ပြီး ဖြစ်ပွားတဲ့ကင်ဆာကို သားဥအိမ်ကင်ဆာလို့ ခေါ်ပါတယ်။ များသောအားဖြင့် ဆီးစပ်နဲ့ ဝမ်းဗိုက်ဆီ ကင်ဆာဆဲလ်တွေပျံ့နှံ့ပြီး ကုသရခက်ခဲတဲ့အခြေအနေ၊ အသက်အန္တရာယ်ရှိတဲ့ အခြေအနေရောက်မှ သားဥအိမ်ကင်ဆာ ဖြစ်နေတယ်ဆိုတာကို သိကြတာ များပါတယ်။

သားဥအိမ်ကင်ဆာ လက္ခဏာများ

သားဥအိမ်ကင်ဆာဟာ အစောပိုင်းအဆင့်တွေမှာ ရောဂါလက္ခဏာပြလေ့မရှိပါဘူး။ လက္ခဏာ ပြခဲ့ရင်လည်း ဝမ်းချုပ်တာလိုမျိုး စိုးရိမ်စရာမကောင်းတဲ့ အခြေအနေတွေသာ ဖြစ်နေတတ်ပါတယ်။ သားဥအိမ်ကင်ဆာကြောင့် ဖြစ်လေ့ဖြစ်ထအများဆုံး လက္ခဏာတွေကတော့

  • လေပွခြင်း
  • ဝမ်းဖောဝမ်းရောင်ဖြစ်ခြင်း
  • အစာနည်းနည်းစားပဲစားပြီး ဗိုက်ဝခြင်း
  • ကိုယ်အလေးချိန် ကျခြင်း
  • ဆီးစပ်နာကျင်ကိုက်ခဲခြင်း
  • ဝမ်းမမှန်ခြင်း
  • ဆီးခဏခဏသွားခြင်း စတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

တကယ်လို့ အထက်ပါလက္ခဏာတစ်ခုခုကို ခံစားရရင်ဖြစ်ဖြစ် မိသားစုဝင်တွေထဲမှာ သားဥအိမ်ကင်ဆာ နဲ့ ရင်သားကင်ဆာဖြစ်ဖူးတဲ့ ရာဇဝင်ရှိခဲ့မယ်ဆိုရင် လိုအပ်တဲ့ စစ်ဆေးကုသမှုတွေကို ခံယူဖို့ လိုပါမယ်။

သားဥအိမ်ကင်ဆာ ဖြစ်စေတဲ့ အကြောင်းအရင်းတွေ

သားဥအိမ်ကင်ဆာ ဖြစ်စေနိုင်တဲ့အကြောင်းအရင်းတွေက အများကြီးပါ။

  • အသက်အရွယ် ကြီးရင့်တာ (ဥပမာ အသက် ၅၀ နဲ့အထက်ဖြစ်နေတာ)
  • မျိုးဗီဇပြောင်းလဲတာ
  • မျိုးရိုးရှိတာ
  • အက်စထရိုဂျင်ဟော်မုန်း အစားထိုးကုသမှုခံယူထားဖူးတာတွေက သားဥအိမ်ကင်ဆာ ခံစားရနိုင်ခြေကို တိုးစေပါတယ်။

သားဥအိမ်ကင်ဆာကို ဘယ်လိုစစ်ဆေးသိရှိနိုင်မလဲ

သားဥအိမ်ကင်ဆာ ရှိနေလားဆိုတာကို စစ်ဆေးအတည်ပြုနိုင်ဖို့

Pelvic exam – ဒီစစ်ဆေးမှုမှာ ဆရာဝန်က လက်အိတ်စွပ်ထားတဲ့ လက်ချောင်းတွေနဲ့ မိန်းမကိုယ်အတွင်းကို စမ်းသပ်မှာပါ။ လက်တစ်ဖက်ကလည်း ဝမ်းဗိုက်ကို ဖိနှိပ်ရင်းပေါ့။

ပုံရိပ်ဖော် စစ်ဆေးခြင်း (Imaging tests) – ဒီစစ်ဆေးမှုမှာ ဆီးခုံနဲ့ ဝမ်းဗိုက်ပိုင်းကို ultrasound၊ CT scan တို့နဲ့ ပုံရိပ်ရယူပြီး သားဥအိမ်တွေရဲ့ ပုံသဏ္ဍာန်၊ အရွယ်အစားနဲ့ တည်ဆောက်ပုံကို လေ့လာမှာ ဖြစ်ပါတယ်။

သွေးစစ်ခြင်း – သွေးကနေ ရောဂါအမျိုးမျိုးကို စစ်ဆေးသိရှိနိုင်တာ​ကြောင့် သားဥအိမ်ကင်ဆာဖြစ်နေလားဆိုတာကိုလည်း သွေးဖောက်စစ်ဆေးတဲ့ နည်းလမ်းပါ။ သွေးထဲမှာ cancer antigenတွေ များနေလားဆိုတာကို စစ်ဆေးတာပါ။

ခွဲစိတ်စစ်ဆေးနည်း – အခြားစစ်ဆေးနည်းတွေနဲ့ စစ်ဆေးပေမယ့် အဖြေတိတိကျကျ မသိရတဲ့အခါမျိုးမှာ ခွဲစိတ်ပြီး သားဥအိမ်ကို ဖယ်ထုတ်လိုက်ပြီး ကင်ဆရှိနေတာလားဆိုတာကို စစ်ဆေးတာပါ။

သားဥအိမ်ကင်ဆာ အဆင့်များ

သားဥအိမ်ကင်ဆာက ကင်ဆာဆဲလ်တွေ ပြန့်တဲ့အခြေအနေကို လိုက်ပြီး အဆင့်တွေ ကွာခြားနိုင်ပါတယ်။ သားဥအိမ်ကင်ဆာကို အဆင့် ၄မျိုး ပိုင်းခြားသတ်မှတ်နိုင်ပါတယ်။

အဆင့် ၁ – သားဥအိမ် ၂လုံးတွင်သာ ကင်ဆာဆဲလ်များရှိသည့်အဆင့်

အဆင့် ၂ – ဆီးစပ်ပိုင်းရှိ အခြားနေရာများဆီ ကင်ဆာဆဲလ်များ ပျံ့နှံ့သည့်အဆင့်

အဆင့် ၃ – ဝမ်းဗိုက်ပိုင်းဆီ ကင်ဆာဆဲလ်များ ပျံ့နှံ့သည့်အဆင့်

အဆင့် ၄ – ဆီးစပ်နှင့် ဝမ်းဗိုက်ပိုင်းကို ကျော်လွန်ပြီး ကင်ဆာဆဲလ်များ ပျံ့နှံ့သည့်အဆင့်ဆိုပြီး ရှိပါတယ်။

သားဥအိမ်ကင်ဆာ ကုသမှု နည်းလမ်းများ

သားဥအိမ်ကင်ဆာ ကို အဆင့်ကိုလိုက်ပြီး ကုသမှုတွေ ကွာခြားနိုင်ပါတယ်။။

ခွဲစိတ်ကုထုံး – ကင်ဆာပျံ့နှံ့နေတဲ့ အခြေအနေတွေမှာ သားဥအိမ်နဲ့ သားဥပြွန်နှစ်ဖက်၊ သားအိမ်နဲ့ အနီးအနားက ကင်ဆာဆဲလ်တွေကို ဖယ်ရှားပစ်မှာ ဖြစ်ပါတယ်။

ကင်ဆာအစောပိုင်းအဆင့်မှာ ရောဂါရှာဖွေသိရှိခဲ့ရင်တော့ ကင်ဆာဆဲလ်တွေရှိနေတဲ့ သားဥအိမ်နဲ့ သားဥပြွန်တစ်ဖက်ကိုသာ ဖယ်ထုတ်ဖို့ လိုအပ်မှာဖြစ်ပြီး ကလေးရနိုင်တဲ့ အခွင့်အလမ်းကိုပါ ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။

ကင်ဆာဆေးသွင်းကုထုံး – ခွဲစိတ်ပြီး ကျန်ရှိနေတဲ့ကင်ဆာဆဲလ်တွေကို ကင်ဆာဆေးသွင်းကုထုံး အကူအညီနဲ့ ဖယ်ရှားပစ်ဖို့ လိုအပ်ပါတယ်။ ကင်ဆာဆေးကို အကြောထဲသွင်းပြီးဖြစ်စေ၊ ဝမ်းဗိုက်ထဲတိုက်ရိုက်သွင်းပြီးဖြစ်စေ၊ နည်းလမ်း ၂မျိုးလုံးနဲ့ဖြစ်စေ အသုံးပြုနိုင်ပါတယ်။ ကင်ဆာအဆင့်မြင့်တဲ့ လူနာတွေမှာတော့ ကင်ဆာဆေးသွင်းကုထုံးကို ကနဦးကုသမှုအဖြစ် အသုံးပြုဖို့ လိုအပ်နိုင်ပါတယ်။

Targeted therapies (ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်တဲ့ ကုထုံး) – ဒီကုထုံးကတော့ ကင်ဆာဆဲလ်တွေကို ပစ်မှတ်ထားပြီး ကင်ဆာဆဲလ်တွေရဲ့ကြီးထွားမှုကို ဟန့်တားပေးတာ ဒါမှမဟုတ် ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပေးတဲ့ကုထုံးပါ။

သားဥအိမ်ကင်ဆာ ကာကွယ်နည်း

သားဥအိမ်ကင်ဆာ ကာကွယ်နိုင်မယ့်နည်းလမ်းက တိတိကျကျ မရှိသေးပါဘူး။ ဒါပေမယ့် အကောင်းဆုံးကာကွယ်စေဖို့ဆိုရင်

  • သန္ဓေတားဆေးတွေကို ဆရာဝန်နဲ့သေချာတိုင်ပင်ပြီးမှ သောက်ပါ။
  • သားဥအိမ်ကင်ဆာ ခံစားရနိုင်တဲ့ လက္ခဏာတစ်ခုခုတွေ့ရပြီဆိုရင် အမြန်ဆုံး လိုအပ်တဲ့ စစ်ဆေးကုသမှုကို အမြန်ဆုံး ခံယူပါ။

သားဥအိမ်ကင်ဆာကို ရင်ဆိုင်ခြင်း

သားဥအိမ်ကင်ဆာ ရှိနေပြီလို့ အဖြေထွက်လာတာက အတော်လေးတော့ စိတ်ဓာတ်ကျစရာကောင်းပါတယ်။ ဒီလိုအချိန်မှာ တစ်ယောက်တည်း ကြိတ်မခံစားပါနဲ့ ယုံကြည်ရသူကို ရင်ဖွင့်ပါ။

ကင်ဆာ အပါအဝင် ရောဂါတွေကို တစ်ယောက်တည်း ရင်ဆိုင်ရတာက အတော်ပင်ပန်းပါတယ်။ ဒါ​ကြောင့် မိသားစုဝင်တွေရဲ့ ဖေးမမှုနဲ့အတူ ဖြတ်သန်းပါ။ ကင်ဆာကုထုံးတွေကြောင့် ဖြစ်လာနိုင်တဲ့ စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်မှုဒဏ်ကို ခံနိုင်ရည်ရှိအောင် ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်စားသောက်ပြီး လုံလုံလောက်လောက် အနားယူအားဖြည့်ခြင်းက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

 

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


ဆက်စပ် အကြောင်းအရာများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 21/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement