backup og meta

အစာအိမ်ပိုး ကြောင့် အစာအိမ်ကင်ဆာ ဖြစ်တတ်တာ သိပါရဲ့လား

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


01/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစာအိမ်ပိုး ကြောင့် အစာအိမ်ကင်ဆာ ဖြစ်တတ်တာ သိပါရဲ့လား

    အစာအိမ်ပိုး ရှိနေလို့ ပိုးသတ်ဆေးသောက်နေရတယ်။ ခဏခဏ အစာအိမ်အောင့်နေရင် အစာအိမ်ပိုး စစ်ကြည့်ဦး ဆိုပြီး ပြောတာ ကြားဖူးကြမှာပါ။ ဒီအစာအိမ်ပိုးကလေ တခြားတွေပိုးတွေနဲ့ မတူတာက အစာအိမ်ကင်ဆာ ဖြစ်စေတတ်ပါတယ်။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ အစာအိမ်အောင့်တာကို ပေါ့ပေါ့တန်တန် ထားမိမှာရယ်၊ အစာအိမ်ပိုးက အရေးမကြီးလောက်ပါဘူးလို့ ထင်ကြလို့ပါ။

    အစာအိမ်ပိုး ဆိုတာ

    အစာအိမ်ပိုး ဆိုတာက သိပ္ပံနာမည်နဲ့ ကြီးကြီးကျယ်ကျယ် ပြောရရင် Helicobacter pylori (H. pylori) ဆိုတဲ့ ဘက်တီးရီးယားပဲ ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် အပြင်ကနေ စားလိုက်လို့ အစားအစာနဲ့ ပါလာတဲ့ ဘက်တီးရီးယားတွေက အစာအိမ်အက်စစ်နဲ့ တွေ့ရင် သေကုန်ကြပေမယ့် သူကတော့ ချွင်းချက်ပါ။

    သူကတော့ အစာအိမ်အက်စစ်မှာတောင် ရှင်နိုင်တဲ့ စူပါဘက်တီးရီးယားပဲ ဖြစ်ပါတယ်။

    အစာအိမ်ပိုးက ကလေးဘဝမှာ ကူးကြတာ များပါတယ်။ မြန်မာနိုင်ငံလို ပိုးပေါင်းစုံတဲ့နိုင်ငံဆို ဖြစ်တဲ့သူမရှားပါဘူး။ ဒါ့ပြင် လူနေထူထပ်တဲ့နေရာတွေ၊ သန့်ရှင်းရေး အားနည်းတဲ့နေရာတွေမှာဆို ကူးစက်လွယ်ပါတယ်။ ကူးနည်းကတော့ မစင်တွေ (အိမ်သာတက်ပြီး လက်မဆေးရင်ပေါ့)၊ တံတွေးနဲ့ အန်ဖတ်တွေကနေ ကူးနိုင်ပါတယ်။

    ဒါကြီးတွေက ပါးစပ်ထဲ တန်းဝင်သွားတာ မဟုတ်ပေမယ့် ခုနက ပြောသလို သန့်ရှင်းရေး အားနည်းလို့ အစာသန့်၊ ရေသန့်၊ လက်သန့်ဖို့ မလွယ်တဲ့နေရာတွေမှာဆိုရင်တော့ လက်ကနေ၊ အစားအသောက်တွေကနေ  ကူးနိုင်ပါတယ်။

    အစာအိမ်ပိုးက ဘာ‌ရောဂါတွေကို ဖြစ်စေလဲ

    အစာအိမ်ပိုးက နာမည်အတိုင်းပဲ အစာအိမ်မှာနေပြီး အစာအိမ်ကို ဒုက္ခပေးပါတယ်။ အစာအိမ်ပိုးက ကိုယ်ထဲမှာ လက္ခဏာမပြဘဲ နေနိုင်ပေမယ့် သူ့ကြောင့် အစာအိမ်ထိခိုက်တတ်ပါတယ်။

    အစာအိမ်ပိုးရှိတုန်းက လက္ခဏာသေချာမပြဘဲ ဒီလက္ခဏာတွေ ပေါ်လာမှ လက္ခဏပြတာတွေ ဖြစ်တတ်ပါတယ်။

    အစာအိမ်ပိုးနဲ့ အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေ

    ပြောခဲ့သလိုပဲ အစာအိမ်ပိုးက ဘာလက္ခဏာမှမပြဘဲ အစာအိမ်ထဲမှာ အောင်းနေတတ်ပါတယ်။ တချို့တွေမှာတော့ အောင်းနေရုံတင်မကဘဲ အစာနံရံကို စားပြီး ‌ရောင်ရမ်းတာ၊ အနာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုမျိုး ခဏခဏရောင်ရမ်းနေရင်တော့ ကင်ဆာဖြစ်နိုင်ခြေ များပါတယ်။

    အစာအိမ်ကင်ဆာအပြင် နောက်ထပ် ဖြစ်နိုင်တဲ့ ကင်ဆာကတော့ MALT lymphoma လို့ခေါ်တဲ့ ကင်ဆာပါ။ သူက ပြန်ရည်ကျိတ်ကင်ဆာ တစ်မျိုးပါ။ အစာအိမ်မှာဖြစ်တဲ့ ပြန်ရည်ကျိတ်ကင်ဆာ တော်တော်များများက H.pylori ပိုး‌ကြောင့် ဖြစ်တာပါ။ ဒီကင်ဆာက ရှားပေမယ့် ဖြစ်တော့ ဖြစ်တတ်ပါတယ်။

    အစာအိမ်ပိုး ရှိတိုင်း အစာအိမ်ကင်ဆာ ဖြစ်မှာလား

    အစာအိမ်ပိုးက လူတော်တော်များများမှာ ရှိနိုင်ပေမယ့် လူတိုင်းတော့ ကင်ဆာ မဖြစ်ပါဘူး။ လေ့လာချက်တွေအရ ပိုးရှိသူ ၁၀၀မှာ ၃ယောက်လောက်ပဲ ဖြစ်နိုင်ခြေ ရှိပါတယ်။

    ဒီလိုဆိုလို့လည်း ပေါ့ဆလို့ မရပါဘူး။ ကိုယ့်ကိုယ်ထဲမှာ ကင်ဆာဖြစ်နိုင်တဲ့ ပိုးကို လွယ်ထားရတာက တွေးကြည့်ရုံနဲတင် ကြောက်ဖို့ ကောင်းပါတယ်။

    ပိုးရှိတိုင်း ကင်ဆာဖြစ်တာ မဟုတ်ဘူးဆိုပေမယ့် ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကို သတိထားဖို့ လိုပါတယ်။ ပိုးရှိတာချင်း အတူတူ ကိုယ်က ဆေးလိပ်သောက်မယ်။ ပြုပြင်ထားတဲ့ အစားအသောက်တွေ စားတာများမယ်ဆိုရင်တော့ ဖြစ်နိုင်ခြေ ပိုများပါလိမ့်မယ်။

    အစာအိမ်ပိုးအပြင် အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေများစေတဲ့ အချက်များ

    အစာအိမ်ပိုးအပြင် ကိုယ့်မှာ ဒီအချက်တွေ ရှိနေမယ်ဆိုရင် အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေ များနိုင်တယ်ဆိုတာ သတိရပါ။

    • စားချဉ့်ရည်ပြန်ဆန်တက်တတ်တဲ့သူတွေ
    • အငန်နဲ့ အကင်၊ ကြပ်တိုက်ထားတာတွေ အစားများသူတွေ
    • အသီးအရွက်၊ အသီးအနှံ အစားနည်းသူတွေ
    • ဆေးလိပ်သောက်သူတွေ စတာတွေပါ။

    ဒါဆို ဘယ်လိုလုပ်ကြမလဲ

    အကောင်းဆုံးနည်းလမ်းကတော့ အစာအိမ်ပိုးကို ရှာဖွေကုသတာပါပဲ။ တကယ်လို့ ကိုယ်က ခဏခဏ အစာအိမ်နာတတ်တယ်။ ဒါမှမဟုတ် အစာအိမ်အနာ၊ အူအနာ ရှိတယ်ဆိုရင် အစာအိမ်ရှိတာပဲလေဆိုပြီး ပေါ့ပေါ့ဆဆ မနေပါနဲ့။ အစာအိမ်ဆေးလေးတွေ သောက်ပြီး အနာသက်သာရုံလောက်လေး မနေပါနဲ့။

    နီးစပ်ရာဆရာဝန်နဲ့ ပြသပြီး အစာအိမ်ပိုးရှိမရှိ ရှာဖွေကုသပါ။ အစာအိမ်ပိုးကို ကုသတာက သောက်ဆေးနဲ့တင် ရပါတယ်။ အစာအိမ်ဆေးရယ်၊ ပိုးသတ်ဆေးတွေရယ်ကို ၂ပတ်‌လောက် သောက်ရပါတယ်။ ပြီးရင် ပိုးစင်မစင် စစ်ဆေးပြီး ကျန်သေးရင် ထပ်သောက်ရပါတယ်။

    အများစုကတော့ တစ်ခေါက် သောက်ရုံနဲ့ ပိုးသေပါတယ်။ ပိုးသတ်ဆေးတွေ ခဏခဏ သောက်လို့ ဆေးယဉ်ပါးပြဿနာရှိသူတွေကတော့ ပိုးသတ်ဆေးပြောင်းပြီး ထပ်‌သောက်ရတတ်ပါတယ်။

    ဆေးသောက်ပြီး ပြန်ဖြစ်တတ်လားဆိုရင်တော့ ဖြစ်ခဲပေမယ့် ဖြစ်တော့ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ပထမတစ်ခေါက်က  ဆေးပတ်လည်အောင် သေချာ မသောက်ထားရင် ဖြစ်တတ်ပါတယ်။

    ပြန်ချုပ်ရရင် အစာအိမ်ပိုးက အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေ များစေနိုင်ပါတယ်။ ၁၀၀မှာ ၃ယောက်လောက်ပဲဆိုပြီးလည်း မပေါ့ပါနဲ့။ ကိုယ့်ရဲ့ စားသောက်မှုပုံစံနဲ့ အစာအိမ်ပိုးနဲ့ ပေါင်းသွားရင် ကင်ဆာဖြစ်နိုင်ခြေ ပိုများတတ်လို့ သတိထားတာ ပိုကောင်းပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    01/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement