backup og meta

ကင်ဆာရောဂါ တွေကို ဘယ်လိုကုသနိုင်သလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကင်ဆာရောဂါ တွေကို ဘယ်လိုကုသနိုင်သလဲ။

    ကင်ဆာရောဂါ တစ်ခုခု ခံစားနေရတယ်လို့ အဖြေထွက်လာရင် လူနာက စိတ်ဓာတ်အကြီးအကျယ် ကျသွားတတ်ပါတယ်။ သူသိထားတာက ကင်ဆာဆိုတာ ကုသလို့ မရဘူးဆိုပြီးတော့ပါ။ ဒါက အကုန်မှန်တာတော့ မဟုတ်ပါဘူး။ ကင်ဆာက အပြီးပျောက်အောင် ကုသလို့ မရတာ မှန်ပေမယ့် သက်တမ်းစေ့ မနေနိုင်တာတော့ မဟုတ်ပါဘူး။

    ကင်ဆာရောဂါက ဘာနဲ့ တူသလဲဆိုတော့ သွေးတိုးတို့၊ ဆီးချိုတို့လို နာတာရှည်ရောဂါတွေနဲ့ တူပါတယ်။ ဒီရောဂါတွေကလည်း ကုလို့ မပျောက်ပါဘူး။ ဒါပေမယ့် လူနာတွေက ဆေးတွေသောက်တယ်။ ရက်ချိန်းတွေ မှန်မှန်ပြပြီး နောက်ဆက်တွဲရောဂါတွေ မဖြစ်အောင် ကာကွယ်ကြပါတယ်။

    ကင်ဆာကလည်း ဒီသဘောပါပဲ။ ကုသလို့ မပျောက်ဘူး။ ပိုဆိုးရင် ပြန်ပြန်ဖြစ်တယ်ဆိုပေမယ့် ဒါက စိတ်ဓာတ်ကျစရာ မဟုတ်ပါဘူး။ သွေးတိုးတို့ ဆီးချိုတို့လိုပဲ ကင်ဆာကုထုံးကို သေချာခံယူမယ်။ ရက်ချိန်းမှန်မှန်ပြန်ပြပြီး ရောဂါအခြေအနေကို စောင့်ကြည့်မယ်ဆိုရင် သက်တမ်းစေ့နေနိုင်မှာပါ။

    ဒါဆိုရင် ကင်ဆာရောဂါကို ဘယ်လိုကုသနေလဲဆိုတာကို သိဖို့ လိုလာပါပြီ။

    ကင်ဆာရောဂါ ကို ဘယ်လိုကုသနိုင်သလဲ။

    အများစု သိဖူး၊ မြင်ဖူးတာက ကင်ဆာကို ခွဲစိတ်တာ၊ ဆေးသွင်းတာ၊ ရောင်ခြည်ပြတာရယ်ဆိုပြီး ၃မျိုးပါ။ ဆေးပညာတွေ တိုးတက်လာတာနဲ့အမျှ ဒီ၃မျိုးအပြင် တခြားပိုကောင်းတဲ့ နည်းလမ်းတွေလည်း ရှိလာပါပြီ။

    ခွဲစိတ်တဲ့ နည်းက ကင်ဆာကျိတ်ကို ဖယ်တာ၊ အရွယ်အစားသေးအောင် ခွဲပြီး နောက်ကနေ တခြားကုထုံးတွေနဲ့ ဆက်ကုတာ ရှိသလို နောက်ဆုံးအဆင့် ဖြစ်ပေမယ့် အကျိတ်ရဲ့ ဖိအားကြောင့် လူနာက ဝေဒနာတွေ ခံစားနေရတယ်ဆိုရင်လည်း သက်သာအောင် ခွဲစိတ်ရလေ့ရှိပါတယ်။

    ခွဲနည်းကတော့ အခြေအနေပေါ် မူတည်ပြီး မြင်နေကြအတိုင်း ဓားနဲ့ ခွဲကြောင်းပေးပြီး ခွဲတာ ရှိသလို laproscopic လို့ခေါ်တဲ့ အပေါက်သေးသေးလေးတွေ ဖောက်ပြီး ခွဲတာလည်း ရှိပါတယ်။

    အရင်က ဓာတ်ကင်တယ်လို့ လူသိများပါတယ်။ တကယ် ကင်တာ မဟုတ်ဘဲ ကင်ဆာဆဲလ်တွေကို ရောင်ခြည်နဲ့ ဖျက်ဆီးတာ ဖြစ်တဲ့အတွက် ရောင်ခြည်ပြတယ်လို့ပဲ နောက်ပိုင်းမှာ ပြောကြပါတယ်။ ကင်ဆာရောဂါအတွက် ပြတဲ့ ရောင်ခြည်က သာမန်ဓာတ်မှန်ရိုက်တာထက် အနည်းငယ် အားပိုပြင်းပါတယ်။ ဒါမှလည်း ကင်ဆာဆဲလ်တွေကို ဖျက်ဆီးနိုင်မှာပါ။

    တစ်ခါတည်းနဲ့ မပြီးဘဲ အသုတ်တွေ ခွဲပြီး ပြရတတ်ပါတယ်။ ရောင်ခြည်ပြတာကို တခြားကင်ဆာကုထုံးတွေနဲ့ တွဲပြီး ကုသနိုင်ပါတယ်။ ဥပမာ ကင်ဆာကျိတ်ကို သေးအောင်  ခွဲပြီးမှ ရောင်ခြည်ပြတာ ဒါမှမဟုတ်  ခွဲတဲ့အခါမှာ သွေးထွက်နည်းအောင် ရောင်ခြည်နဲ့ ကင်ဆာကျိတ်ကို သေးအောင် လုပ်ပြီးမှ ခွဲတာမျိုး စသဖြင့် အမျိုးမျိုးရှိပါတယ်။

    ဆေးသွင်းတာကလည်း တခြားကုထုံးတွေလိုပဲ ကင်ဆာဆဲလ်တွေ ပျက်စီးအောင်၊ အပွားနှေးလာအောင် လုပ်ပေးနိုင်ပါတယ်။ ဆေးသွင်းတယ်ဆိုပေမယ့် အကြောဆေးအပြင် သောက်ဆေး၊ အသားဆေး၊ အရေပြားအောက်ထဲ ထည့်တဲ့ဆေး၊ ကျောရိုးဆစ်၊ ဝမ်းခေါင်း စတဲ့နေရာတွေကို သွင်းတာ စသဖြင့် အမျိုးမျိုးရှိပါတယ်။

    ဆေးသွင်းတာကိုလည်း တခြားကုထုံးတွေဖြစ်တဲ့ ခွဲစိတ်တာ၊ ရောင်ခြည်ပြတာတွေနဲ့ တွဲပြီး ကုသရနိုင်ပါတယ်။ ဒီလိုပေါင်းစပ်ကုသတာက ကင်ဆာဆဲလ်တွေကို ပိုပြီး ပျက်စီးစေပါတယ်။ အကြွင်းအကျန်နည်းစေပါတယ်။

    ကင်ဆာရောဂါ တွေကို ဘယ်လိုကုသနိုင်သလဲ။

    ကင်ဆာရောဂါအတွက် နောက်ဆုံးပေါ်ကုထုံးများ

    ကင်ဆာရောဂါကို အပေါ်က နည်းလမ်းနဲ့ ကုသတာက အစွမ်းထက်တယ်ဆိုပေမယ့် ကင်ဆာဆဲလ်တွေအပြင် သာမန်ဆဲလ်တွေပါ ထိခိုက်လာပါတယ်။ ဒါကြောင့် လူနာကဝမ်းလျှောတာ၊ ဆံပင်တွေ ကျွတ်တာ ခံစားရတာပါ။ ကင်ဆာဆဲလ်တွေလည်း ပျက်စီးသလို သာမန်ဆဲလ်တွေလည်း ပျက်စီးပါတယ်။

    ဒီလိုနဲ့ ကင်ဆာဆဲလ်တွေကို အဓိကထားပြီး ရွေးချယ်တိုက်ခိုက်တဲ့ ကုထုံးတွေ ပေါ်ထွက်လာပါတယ်။

  • ခုခံအားစနစ်ကုထုံး

  • Immunotherapy လို့ခေါ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ခုခံအားက ရောဂါပိုးတွေကို တိုက်သလို ကင်ဆာဆဲလ်တွေကိုလည်း တိုက်နိုင်ပါတယ်။ ဒါပေမယ့် ကင်ဆာဆြလ်တွေက ဗိုင်းရပ်စ်တွေကို ဗီဇပြောင်းတာ၊ သာမန်ဆဲလ်တွေနဲ့ ရောနေတာတွေကြောင့် ခုခံအားက တိုက်ဖို့ မလွယ်ပါဘူး။

    ဒါကြောင့် ပြင်ပကနေ ခုခံအားကုထုံးကို ပေးပြီး တိုက်ခိုက်စေတာပဲ ဖြစ်ပါတယ်။ ဆေးသွင်းကုသသလိုပဲ ကုသရတာ ဖြစ်ပါတယ်။

    • ကင်ဆာဆဲလ်ကို ဦးတည်ပြီး တိုက်ခိုက်တဲ့ ကုထုံး

    Targeted therapy လို့ခေါ်ပါတယ်။ ကင်ဆာဆဲလ်တွေကို ကြီးထွားစေ၊ ပွားစေတဲ့ ပရိုတင်းတွေကို ဦးတည်ပြီး တိုက်ခိုက်ပါတယ်။ ဒါ့ပြင် ခုခံအားဆဲလ်တွေက ကင်ဆာဆဲလ်တွေကို တိုက်ခိုက်နိုင်အောင်လည်း ကူညီပေးပါတယ်။

    ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ စတာတွေမှာ ကင်ဆာဆဲလ်တွေ ကြီးထွားဖို့ ဟော်မုန်းတွေ မထုတ်အောင်လည်း တားဆီးပေးလို့ ကင်ဆာဆဲလ်တွေ အကြီးနှေး၊ အပွားနှေးစေပါတယ်။

    • ဟော်မုန်းကုထုံး

    ရင်သားကင်ဆာလိုမျိုး ကင်ဆာတွေက အီစထရိုဂျင်နဲ့ ထိတွေ့မှုများတဲ့အခါ ပိုပြီး ကြီးထွားတတ်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့ ဟော်မုန်းကိုသာ တားလိုက်နိုင်မယ်ဆိုရင် ကင်ဆာကျိတ်က ဆက်ပြီး မကြီးနိုင်တော့ပါဘူး။ ဒါကို Hormonal therapy လို့ခေါ်ပါတယ်။

    ဟော်မုန်းကုထုံးကို ဆေးသွင်းပြီး ပေးလို့ရသလို ခွဲစိတ်လို့လည်း ရပါတယ်။ ဥပမာ ဟော်မုန်းထုတ်ပေးတဲ့ သားဥအိမ်တို့၊ ဝှေးစေ့တို့ကို ထုတ်ပစ်လိုက်တာကလည်း ဟော်မုန်းကုထုံး တစ်မျိုးပဲ ဖြစ်ပါတယ်။

    ဆေးပညာတွေ တိုးတက်လာတာနဲ့အမျှ ကင်ဆာရောဂါက ကြောက်စရာ မဟုတ်တော့ပါဘူး။ ကင်ဆာကျိတ်ကို ထိထိရောက်ရောက် ဖယ်ရှားနိုင်တဲ့ နည်းလမ်းတွေ ရှိနေပါပြီ။ ကင်ဆာကုထုံးကြောင့် ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်စရာ မလိုတော့ပါဘူး။ နောက်ဆုံးပေါ်ကုထုံးတွေလည်း ကင်ဆာဆဲလ်တွေကို ဦးတည်ပြီး တိုက်ခိုက်တဲ့အတွက်  ဆိုးကျိုးတွေ နည်းလာပါပြီ။ ကုသနည်းတွေ အဆင့်မြင့်လာတာနဲ့အမျှ လူနာတွေ အသက်ရှည်ရှည်နေရဖို့ ပိုပြီးမျှော်လင့်လာနိုင်ပါပြီ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement