backup og meta

ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 27/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သလား။

    ဘယ် ကင်ဆာ အမျိုးအစားကိုမှ ကာကွယ်လို့ မရပေမယ့် ကင်ဆာဖြစ်နိုင်ခြေကိုတော့ လျှော့ချလို့ ရနိုင်ပါတယ်။ ဘယ်လို လျှော့ချလို့ ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

    ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မယ့် နည်းလမ်း တစ်ရပ်

    ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မယ့် နည်းလမ်း တစ်ရပ်ကတော့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာပါ။ နေ့စဉ်ဘဝမှာ တက်တက်ကြွကြွ နေတာ၊ ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သလို ကင်ဆာဖြစ်နေသူတွေမှာ ကုထုံး ခံယူနေစဉ်မှာလည်း ကောင်းမွန်တဲ့ ရလဒ်တွေကို ရရှိစေနိုင်ပါတယ်။

    နေ့စဉ် ပုံမှန် လေ့ကျင့်ခန်း လုပ်ပေးတာက ကောင်းကျိုး အများကြီး ရှိပါတယ်။ ကြီးမားတဲ့ ရလဒ် တစ်ရပ်ကတော့ လေ့ကျင့်ခန်း ပုံမှန် လုပ်တာက ကာကွယ်လို့ မရတဲ့ ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချနိုင်တာပါ။ လေ့လာမှုတွေအရ လေ့ကျင့်ခန်း ပိုလုပ်နိုင်လေလေ အမျိုးမျိုးသော ကင်ဆာတွေ ဖြစ်နိုင်ခြေကို လျှော့ချနိုင်လေလေပါ။

    ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန် လုပ်ဆောင်ပေးတာက ရင်သားကင်ဆာဆီးကျိတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ သားအိမ်ကင်ဆာ၊ ပန်ကရိယ ကင်ဆာတွေအပါအဝင် ကင်ဆာ အများစု ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

    ကိုယ်လက်လေ့ကျင့်ခန်း လုပ်ခြင်းက ကင်ဆာဖြစ်နိုင်ခြေကို ဘယ်လို လျှော့ချပေးသလဲ ………

    နေ့စဉ် ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက ရုပ်ပိုင်းဆိုင်ရာကို ကျန်းမာစေနိုင်သလို ကိုယ်တွင်းက ဟော်မုန်း ထုတ်လုပ်မှုတွေကို ထိန်းညှိပေးတာ၊ ခန္ဓာကိုယ်ကို ဇီဝကမ္မဖြစ်စဉ်ကို တိုးတက် ကောင်းမွန်စေနိုင်တာကြောင့် ကင်ဆာဖြစ်နိုင်ခြေကို အတိုင်းအတာ တစ်ခုလောက်အထိတော့ လျှော့ချပေးနိုင်ပါတယ်။

    အဓိကကတော့ ဟော်မုန်းပမာဏကို ထိန်းချုပ်ပေးတာပါပဲ။ အခုနောက်ပိုင်းမှာ ကင်ဆာ ဖြစ်ပွားမှု မြင့်တက်လာတာက အထိုင်များပြီး လှုပ်ရှားမှု နည်းတဲ့ နေထိုင်မှု ပုံစံတွေနဲ့ သဘာဝအတိုင်း မဟုတ်ဘဲ ပြုပြင်ထားတဲ့ အစားအစာတွေကို စားသောက်တာကြောင့်လည်း ကင်ဆာဖြစ်နိုင်ခြေတွေက တိုးလာရတာပါ။ တစ်နေ့တာမှာ ထိတွေ့မိနေတဲ့ ဓာတ်တိုးပစ္စည်းတွေကလည်း တစ်နေ့ထက် တစ်နေ့ ပိုများလာတာလည်း ပါပါတယ်။

    လေ့ကျင့်ခန်း ပုံမှန် လုပ်တာက သင့်တင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်တဲ့အတွက် အဝလွန်တာရဲ့ နောက်ဆက်တွဲ အနေနဲ့ ဖြစ်လာတဲ့ ကင်ဆာရောဂါတွေ ခံစားရနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

    နေ့စဉ် ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပြီး သင့်တင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားနိုင်မယ်ဆိုရင် အဖြစ်အများဆုံး ကင်ဆာ နှစ်မျိုးဖြစ်တဲ့ ရင်သားကင်ဆာ နဲ့ အူမကြီး ကင်ဆာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်မှာ ဖြစ်သလို ကုသရ ခက်ခဲတဲ့ ကင်ဆာရောဂါတွေ ဖြစ်ကြတဲ့ ပန်ကရိယကင်ဆာ၊ အစာရေမျိုကင်ဆာ၊ သည်းခြေအိတ် ကင်ဆာတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

    ကိုယ်လက်လေ့ကျင့်ခန်းပုံမှန် လုပ်ဆောင်ပေးတာက ကိုယ်တွင်း ဟော်မုန်းကို အကောင်းဆုံး ထိန်းညှိပေးတဲ့အတွက် ဟော်မုန်း မညီမျှမှုကြောင့် ခံစားရတဲ့ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာလိုမျိုး ကင်ဆာရောဂါတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

    ကိုယ်ခံအားကို ကောင်းမွန်စေတာကြောင့်လည်း ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တာပါ။

    အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေပြီး အူမကြီးကို ကျန်းမာစေနိုင်တာကြောင့် အူမကြီး ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ မကြာသေးခင်က လုပ်ဆောင်ခဲ့တဲ့ လေ့လာမှုတွေ အရကတော့ နေ့စဉ် ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက အစာရေမျို ကင်ဆာ၊ အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ သွေးကင်ဆာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်သလို ဦးခေါင်းနဲ့ လည်ပင်း ကင်ဆာ၊ အစာဟောင်းအိမ် ကင်ဆာ၊ ဆီးအိတ်ကင်ဆာ၊ အဆုတ်ကင်ဆာတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိရပါတယ်။

    ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သလား။

    ကိုယ်လက်လေ့ကျင့်ခန်း ကို ဘယ်လောက်အတိုင်းအတာ အထိ လုပ်ရမလဲ။

    ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချနိုင်ဖို့အတွက် အရွယ်ရောက်ပြီးသူ တစ်ယောက် တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ လောက် သင့်တင့်တဲ့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဆောင်ဖို့ လိုပါတယ်။

    ကိုယ်လက်လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် လုပ်ဆောင်မယ်ဆိုရင်တော့ တစ်ပတ်ကို ၇၅ မိနစ် လုပ်ဆောင်ဖို့ လိုပါမယ်။ လေ့ကျင့်ခန်းကို စလုပ်စမှာတော့ နည်းနည်းချင်းနဲ့ ပေါ့ပေါ့ပါးပါး ဖြစ်တဲ့ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ရပါတယ်။

    ကလေးတွေအနေနဲ့ကတော့ ပြေးလွှားကစားတာအပါအဝင် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းကို တစ်နေ့ကို ၁ နာရီနဲ့ တစ်ပတ်ကို ၃ ကြိမ်လောက်လုပ်ဆောင်ပေးရပါမယ်။ ဒါမှ ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မှာပါ။

    ဘယ်လို လေ့ကျင့်ခန်းတွေ လုပ်ရမလဲ။

    ကင်ဆာ ကာကွယ်ဖို့ ကိုယ်လက်လေ့ကျင့်ခန်းတွေကို လုပ်ဆောင်တော့မယ်ဆိုရင် အခုလို လေ့ကျင့်ခန်းလေးတွေကို လုပ်ဆောင်ပေးလို့ ရပါတယ်။

    • ကတာ
    • စက်ဘီးစီးတာ
    • လမ်းလျှောက်တာ
    • ယောဂ လေ့ကျင့်တာ
    • ဂေါက်ရိုက်တာ
    • တင်းနစ်ရိုက်တာ
    • ပြေးတာ
    • ခပ်ရွရွ ပြေးတာ
    • ရေကူးတာ
    • ဘတ်စကတ်ဘော ကစားတာမျိုးတွေ လုပ်ဆောင်လို့ ရပါတယ်။

    ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချဖို့အတွက် ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်ဆောင်လို့ ရသလို ကင်ဆာကုထုံး ထိရောက်မှု ရှိစေဖို့အတွက်လည်း လေ့ကျင့်ခန်းတွေ လုပ်ပေးလို့ ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 27/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement