backup og meta

ရိုးရိုးအကျိတ်လား၊ ကင်ဆာကျိတ် လား ဘယ်လိုသိနိုင်မလဲ။

ရိုးရိုးအကျိတ်လား၊ ကင်ဆာကျိတ် လား ဘယ်လိုသိနိုင်မလဲ။

ခန္ဓာကိုယ်မှာ အကျိတ်တစ်ခု တွေ့ပြီဆိုရင် ရိုးရိုးအကျိတ်လား၊ ကင်ဆာအကျိတ်လား ဆိုတာ သိဖို့ အရေးကြီးပါတယ်။ ဒီနှစ်ခုက ပြင်းထန်ပုံခြင်း ကွာခြားသလို ကုသနည်းတွေလည်း မတူပါဘူး။ အကြမ်းအားဖြင့်တော့ ရိုးရိုးအကျိတ်က လူကို အန္တရာယ်ပေးတာ နည်းပါတယ်။ ဒါနဲ့ ပြောင်းပြန် ကင်ဆာကျိတ် ကတော့ အန္တရာယ်များပါတယ်။

အကျိတ်ဆိုတာ

ဆဲလ်တွေပွားပြီး ပုံမှန်မဟုတ်တဲ့ အလုံးအဖုတွေ ပေါ်လာပြီဆိုရင် ဒါကို အကျိတ်လို့ သတ်မှတ်ပါတယ်။ ဒီမှာမှ ဘေးကို မပွားတဲ့ အကျိတ်ဆိုရင်  ရိုးရိုးအကျိတ် (Benign tumor) လို့ သတ်မှတ်ပြီး တခြားကို ပွားတယ်ဆိုရင်တော့ ကင်ဆာကျိတ် လို့ သတ်မှတ်နိုင်ပါတယ်။

ရိုးရိုးအကျိတ်လား၊ ကင်ဆာကျိတ် လား ဘယ်လိုသိနိုင်မလဲ။

ရိုးရိုးအကျိတ်

  • ရိုးရိုးအကျိတ်မှာ ဆဲလ်တွေက ဘေးကို ပြန့်လေ့မရှိပါဘူး။
  • ကြီးတာလည်း နှေးပါတယ်။ ဒီအရွယ်အတိုင်းပဲ နှစ်ကြာအောင် ရှိနေတတ်ပါတယ်။
  • ဘေးနားက တစ်ရှူးတွေကို မတိုးဝင်ပါဘူး။ ဒါကြောင့် အကျိတ်ကို ကိုင်ပြီး လှုပ်ကြည့်ရင် လွတ်လွတ်လပ်လပ် လှုပ်လို့ရပါတယ်။ တစ်ခုခုနဲ့ တွယ်နေတာမျိုး မခံစားရပါဘူး။
  • အဝေးက ကိုယ်တွင်းအင်္ဂါတွေ (ဥပမာ အသည်း၊ အဆုတ်) ကို ပြန့်သွားတာမျိုး မရှိပါဘူး။
  • အသားစယူပြီး စစ်ကြည့်ရင် ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကို မတွေ့ရပါဘူး။
  • သူနဲ့ မဆိုင်တဲ့ ဟော်မုန်းတွေ၊ တခြားဓာတ်ပစ္စည်းတွေကို ထုတ်လေ့ မရှိပါဘူး။
  • မဖြစ်မနေ ကုစရာ မလိုပါဘူး။ အကျိတ်က ကြီးလို့ ဘေးနားက တစ်ရှူးတွေကို ဖိတယ်။ အဆစ်နေရာမှာ ဖြစ်လို့ လှုပ်ရှားလို့ မကောင်းဘူးဆိုရင်တော့ ဖယ်ထုတ်ဖို့ လိုပါတယ်။
  • ပြန်ပြန်ဖြစ်တာ ရှားပါတယ်။
  • ကင်ဆာလိုမျိုး ဆေးသွင်းတာတွေ၊ ရောင်ခြည်ပြတာတွေလည်း လုပ်ဖို့ မလိုပါဘူး။

ဒါကြောင့် ခြုံပြောရရင် ရိုးရိုးအကျိတ်တွေက ကင်ဆာအကျိတ်တွေလောက် စိုးရိမ်စရာ မရှိပါဘူး။

ကင်ဆာအကျိတ်

  • ဆဲလ်တွေက ကြာလေ ပွားလေပါ။
  • ရိုးရိုးအကျိတ်ထက်စာရင် ကြီးလွယ်ပါတယ်။
  • ဘေးနားက တစ်ရှူးတွေကို တိုးဝင် ဖျက်ဆီးပါတယ်။
  • အတက်အလက်တွေထွက်ပြီး ဘေးနားက တစ်ရှူးတွေကို တွယ်တတ်ပါတယ်။ ဒါကြောင့် ဒီအကျိတ်တွေကို လှုပ်ကြည့်ရင် တစ်ခုခုနဲ့ တွယ်ထားသလို ခံစားရပါတယ်။
  • သွေး၊ ပြန်ရည်ကနေ တဆင့် တခြားကိုယ်တွင်းအင်္ဂါတွေ (ဥပမာ အသည်း၊ အဆုတ်) ကို ပြန့်သွားတတ်ပါတယ်။
  • ပြန်ပြန်ဖြစ်တတ်ပါတယ်။ မူလနေရာ ဒါမှမဟုတ် တခြားနေရာမှာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကုပြီးပေမယ့် ရက်ချိန်းပြန်ခေါ်ကြည့်ရတာပါ။
  • အသားစယူပြီး စစ်ကြည့်ရင် ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေ တွေ့ရပါတယ်။
  • အကျိတ်နဲ့ မဆိုင်တဲ့ ဟော်မုန်းတွေ၊ ဓာတ်ပစ္စည်းတွေ ထုတ်ပါတယ်။ ဒါကြောင့် ကင်ဆာလူနာတွေမှာ နုံးတာ၊ အလိုလိုနေရင်း ပိန်ကျသွားတာတွေ ခံစားရတာပါ။
  • ရိုးရိုးအကျိတ်ထက်စာရင် ရှုပ်ထွေးတဲ့ ကုသမှုတွေ လိုအပ်ပါတယ်။ ဥပမာ ခွဲစိတ်တာအပြင် ဆေးသွင်းတာ၊ ရောင်ခြည်ပြတာ၊ ခုခံအား ဆေးတွေ  သွင်းတာမျိုးပါ။

ရိုးရိုးအကျိတ်လား၊ ကင်ဆာကျိတ် လား ဘယ်လိုသိနိုင်မလဲ။

ရိုးရိုးအကျိတ်လား၊ ကင်ဆာကျိတ် လား ဘယ်လိုခွဲကြသလဲ။

လက္ခဏာတွေက အကြမ်းဖျင်းပဲ ပြောလို့ရပြီး အတိအကျ ခွဲခြားနိုင်ခြင်း မရှိပါဘူး။ ပိုပြီး တိကျချင်ရင်တော့ ဆဲလ်တွေကို တိုက်ရိုက် စစ်ဆေးမှပဲ ရမှာပါ။ ဒါကိုအသားစယူ စစ်ဆေးတယ်လို့ ခေါ်ပါတယ်။ အကျိတ်ကနေ အသားစ နည်းနည်း ယူလိုက်ပြီး ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေ ပါမပါ၊ ဘေးနားက တစ်ရှူးတွေကို ဖောက်မဖောက် စစ်ဆေးတာပါ။ ဒါကတော့ အတိကျဆုံး နည်းပဲ ဖြစ်ပါတယ်။

ကင်ဆာအကျိတ်ဆိုတာ သေချာသွားပြီဆိုရင်တော့ ဘယ်အဆင့်လဲဆိုတာ ဆက်ပြီး စစ်ဆေးရပါတယ်။ ဒါမှ အဆင့်ပေါ်လိုက်ပြီး ကုသမှုတွေ  ရွေးချယ်လို့ ရမှာပါ။ အဆင့်မြင့်လေလေ ရှုပ်ထွေးတဲ့ ကုသနည်းတွေနဲ့ ကုသရလေပါပဲ။

အဆင့်သတ်မှတ်ချက်မှာလည်း

  • အသားစယူစစ်ဆေးတာ
  • ခွဲစိတ်တာ
  • ပုံရိပ်ဖော်စက်တွေနဲ့ စစ်ဆေးတာ ပါပါတယ်။

ဒီအဖြေပေါ် မူတည်ပြီး ကုသမှုနည်းလမ်းတွေ ကွာသွားနိုင်ပါတယ်။

ရိုးရိုးအကျိတ်ဆိုရင်တော့ ကင်ဆာမဟုတ်ကြောင်း ဝမ်းသာစရာ သတင်းကို ကြားရမှာပါ။ ရိုးရိုးအကျိတ်တွေက မဖြစ်မနေခွဲစရာ မလိုပါဘူး။ စောင့်ကြည့်လို့ရပါတယ်။ အလုံးအကျိတ်တွေက မြင်သာတဲ့နေရာမှာ ရှိနေလို့ အမြင်မတင့်တော်ဘူးလို့ ခံစားရရင် ဒါမှမဟုတ် ဘေးနားက တစ်ရှူးတွေကို ဖိနေရင်တော့ ခွဲစိတ်ဖယ်ရှားနိုင်ပါတယ်။

အနှစ်ချုပ်

ခန္ဓာကိုယ်မှာ အကျိတ်တစ်ခုခု စမ်းမိရင် ရိုးရိုးအကျိတ်လား၊ ကင်ဆာကျိတ် လား ကွဲကွဲပြားပြား သိဖို့ လိုပါတယ်။ ဘာအကျိတ်လည်း ဆိုတာ သိရမှ စိုးရိမ်ဖို့ လိုမလိုနဲ့ ကုသမှု နည်းလမ်းကို ရွေးချယ်နိုင်မှာပဲ ဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.verywellhealth.com/what-does-malignant-and-benign-mean-514240

https://www.cancercenter.com/community/blog/2017/12/whats-the-difference-benign-and-malignant-tumors

https://jamanetwork.com/journals/jamaoncology/fullarticle/2768634

ယခုပုံစံ

25/03/2024

Written by Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကင်ဆာရောဂါတွေ ကို ကြိုတင်သိရှိနိုင်စေဖို့

ကင်ဆာကုထုံး ရွေးချယ်တဲ့အခါ စဉ်းစားသင့်တဲ့ အချက်များ


Written by

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


25/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement