backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

အူမကြီးအသားပို က ကင်ဆာပြောင်းတတ်သလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 05/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အူမကြီးအသားပို က ကင်ဆာပြောင်းတတ်သလား

အူမကြီးအသားပို ဆိုတာ အရေပြားပေါ်မှာ ပေါက်တဲ့ အသားပိုတွေနဲ့ ဆင်တူပါတယ်။ အများစုကတော့ အူမကြီးမှန်ပြောင်းကြည့်ရင်း အသားပိုတွေ့လို့ဆိုတာကို ကြားဖူးကြမှာပါ။ ဒီလို အသားပိုတွေက အန္တရာယ်ရှိသလား။ ကင်ဆာ ပြောင်းနိုင်သလား။

အူမကြီးအသားပို ဆိုတာ

အသားပိုတွေကို အူမကြီးအပြင် အစာဟောင်းအိမ်မှာလည်း တွေ့ရတတ်ပါတယ်။ အူမကြီးအသားပိုက ကင်ဆာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အထဲမှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေတော့ ရှိနေပါတယ်။

အူမကြီးအသားပိုက ကင်ဆာ မဟုတ်ပေမယ့် တချို့က ကင်ဆာပြောင်းနိုင်ခြေ ရှိပါတယ်။

အူမကြီးအသားပို ဘာကြောင့် ဖြစ်ရတာလဲ

အလွယ်ပြောရမယ်ဆိုရင်တော့ ဆဲလ်တွေပွားတာ ပုံမှန်မဟုတ်လို့ပါ။ ပုံမှန်ထက်လွန်ကဲပြီး ဆဲလ်တွေပွားတဲ့အခါကျတော့ တခြားနေရာတွေလို မဟုတ်ဘဲ အသားပိုတွေ၊ ဖုဖုဖောင်းဖောင်းတွေ ဖြစ်လာတာပါ။

အူမကြီးအသားပိုက ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကြောင့် ဖြစ်နိုင်သလို မျိုးရိုးလိုက်ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

နေထိုင်စားသောက်မှုပုံစံအရဆိုရင်

  • အသက် ၅၀အထက် ဖြစ်တာ
  • ဆေးလိပ်သောက်တာ
  • အရက်အလွန်အကျွံသောက်တာ
  • အဆီတွေ အစားများပြီး အမျှင်ဓာတ်အစားနည်းတာ
  • လေ့ကျင့်ခန်းမလုပ်တာ
  • အဝလွန်တာ
  • ဆီးချိုရောဂါရှိတာ
  • အူမကြီးရောင်ရမ်းတဲ့ ရောဂါရှိနေတာကြောင့် ဖြစ်နိုင်ပါတယ်။

မျိုးရိုးလိုက်ရောဂါတွေကတော့ နည်းနည်းရှုပ်ထွေးပါတယ်။ မျိုးဗီဇပြဿနာတွေကြောင့် အူမကြီးအသားပိုအပြင်  ခန္ဓာကိုယ်တစ်ခုလုံးမှာ တခြားရောဂါလက္ခဏာတွေပါ တွေ့ရတတ်ပါတယ်။ ဥပမာ

  • Lynch syndrome – ဒီရောဂါစုမှာ အသားပိုအရေအတွက်က နည်းပေမယ့် ကင်ဆာအဖြစ် မြန်မြန်ပြောင်းနိုင်ပါတယ်။ အူမကြီးကင်ဆာအပြင် ဝမ်းဗိုက်ထဲက တခြားအင်္ဂါတွေမှာပါ ကင်ဆာ ဖြစ်နိုင်ခြေ ရှိပါတယ်။
  • Familial adenomatous polyposis (FAP) – ဒီရောဂါမှာတော့ အသားပိုတွေ ရာနဲ့၊ ထောင်နဲ့ချီ ရှိတတ်ပါတယ်။ အသက်ငယ်ငယ်လေးနဲ့ အူမကြီးအသားပို တွေ ရှိနေတာပါ။ အသားပိုတွေကိုသာ မဖယ်ဘူးဆိုရင် အသက်၄၀မတိုင်ခင်မှာပဲ အူမကြီးကင်ဆာ ဖြစ်လာပါလိမ့်မယ်။
  • Gardner syndrome – FAPလိုပဲ အူမကြီးမှာ အသားပိုတွေ အများကြီး ဖြစ်တတ်ပါတယ်။ အရေပြား၊ အရိုးနဲ့ ဝမ်းခေါင်းထဲမှာ ကင်ဆာမဟုတ်တဲ့ အကျိတ်တွေလည်း ဖြစ်တတ်ပါတယ်။
  • MUTYH-associated polyposis (MAP) – သူ့မှာလည်း ငယ်ငယ်လေးနဲ့ အသားပိုတွေ အများကြီး ဖြစ်လာပြီး အူမကြီးကင်ဆာ ပြောင်းတတ်ပါတယ်။
  • Peutz-Jeghers syndrome – စစချင်းမှာတော့ အူမကြီးမှာ ရိုးရိုးအသားပိုတွေပဲ ရှိတတ်ပြီး နောက်ပိုင်း ကင်ဆာပြောင်းတတ်ပါတယ်။ အူမကြီးမှာကင်ဆာ ဖြစ်တာအပြင် နှုတ်ခမ်း၊ သွားဖုံးနဲ့ ခြေထောက်တွေမှာ အမည်းစက်တွေ အများကြီး ထွက်တတ်ပါတယ်။
  • Serrated polyposis syndrome – ဒီအသားပိုအမျိုးအစားကလည်း ကင်ဆာပြောင်းနိုင်ခြေရှိလို့ သတိထားပြီး ဖယ်ဖို့ လိုအပ်ပါတယ်။

အူမကြီးအသားပိုရှိရင်  ဘာလက္ခဏာတွေ ခံစားရတတ်သလဲ

အူမကြီးအသားပို အများစုက လက္ခဏာမပြတတ်ပါဘူး။ အများစုက အူမကြီးမှန်ပြောင်း ကြည့်ရင်းနဲ့ တွေ့ကြတာ များပါတယ်။ ဒါကြောင့် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ ရှိသူတွေကို အူမကြီးမှန်ပြောင်း ပုံမှန်ကြည့်ခိုင်းတာ ဖြစ်ပါတယ်။

မကြည့်မိလို့ မသိရင် နောက်ပိုင်း အူမကြီးကင်ဆာဖြစ်မှ သိတော့မှာမို့လို့ပါ။

အူမကြီးအသားပိုက တစ်ခါတလေမှာတော့ လက္ခဏာပြတတ်ပါတယ်။ တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့

  • အူမကြီး သွေးယိုတာ
  • အူမကြီးအသားပိုက သွေးထွက်ခဲ့မယ်ဆိုရင် ဝမ်းသွားတဲ့အခါ သွေးပါနိုင်ပါတယ်။ သွေးပမာဏနည်းနေရင်တော့ သတိထားမိမှာ မဟုတ်ဘူးပေါ့။

    ဒါပေမယ့် သွေးက တစိမ့်စိမ့်နဲ့ ဆက်တိုက် ထွက်နေရင် သွေးအားနည်းလာပြီး နုံးတာ၊ မောတာတွေ ဖြစ်လာနိုင်ပါတယ်။

    • ဝမ်းသွားတဲ့ ပုံစံပြောင်းသွားတာ

    တချို့တွေမှာ အကြောင်းအရင်း မယ်မယ်ရရ မရှိဘဲ ရက်ရှည် ဝမ်းချုပ်တာ၊ ဝမ်းလျှောတာတွေ ဖြစ်နိုင်ပါတယ်။ ဝမ်းထဲမှာအချွဲတွေ ပါလာတာလည်း ကြုံရနိုင်ပါတယ်။ ဒီလက္ခဏာတွေက အူမကြီးအသားပိုရှိရင်လည်း ဖြစ်တတ်သလို တခြားရောဂါတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဆေးစစ်ပြီး အဖြေရှာကြည့်တာ မမှားပါဘူး။

    အူမကြီးအသားပို က ကင်ဆာပြောင်းတတ်သလား

    အူမကြီးအသားပိုတိုင်းက ကင်ဆာမပြောင်းတတ်ပါဘူး။ အသားပိုအမျိုးအစားပေါ် မူတည်ပြီး ကင်ဆာပြောင်းတတ်တဲ့ အမျိုးအစားကသက်သက်ရှိပါတယ်။

    • Adenoma
    • Serrated polyps စတဲ့ အမျိုးအစားတွေကတော့ ကင်ဆာပြောင်းတတ်ပါတယ်။

    အကြမ်းအားဖြင့်

    • ၁စင်တီမီတာထက်ကြီးတဲ့ အသားပိုတွေ
    • အသားပို ၃ခုထက် ပိုရှိနေရင်
    • အသားပိုမှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေ ရှိနေရင် (ဒါကတော့ အသားပိုကို ဖယ်ပြီး အသားစယူကြည့်မှ သိနိုင်တာဖြစ်ပါတယ်။ ) ကင်ဆာပြောင်းနိုင်ခြေ ရှိတယ်ဆိုတာ သိထားသင့်ပါတယ်။

    နောက်ပြီး အ‌ပေါ်မှာ ပြောခဲ့တဲ့ မျိုးဗီဇရောဂါတွေမှာလည်း အူမကြီးကင်ဆာ ပြောင်းတတ်ပါတယ်။

    အသားပိုကနေ ကင်ဆာပြောင်းဖို့ကတော့ ၁၀-၂၀နှစ်လောက် ကြာတတ်ပါတယ်။

    အူမကြီးအသားပိုကို ဘယ်လိုကုသကြမလဲ

    လက္ခဏာလည်း သေသေချာချာမပြ၊ အပြင်ကနေ ကြည့်ရင်လည်း မသိနိုင်၊ တချို့အသားပိုတွေက ကင်ဆာလည်း ပြောင်းနိုင်တော့ အူမကြီးအသားပိုရှိမရှိ သိချင်ရင် အူမကြီးမှန်‌ပြောင်းကြည့်တာ အကောင်းဆုံးပါ။

    သာမန်လူတွေကတော့ အသက် ၄၅နှစ်ကျော်ရင် အူမကြီးမှန်ပြောင်းကြည့်ဖို့ သင့်ပါတယ်။ တကယ်လို့ အူမကြီးကင်ဆာ မျိုးရိုးရှိတာတို့၊ အပေါ်မှာ ပြောခဲ့တဲ့ မျိုးရိုးလိုက်ရောဂါတွေ ရှိတာမျိုးဆိုရင်တော့ ဒီထက်စောကြည့်သင့်ပါတယ်။

    အဖြေပေါ် မူတည်ပြီး လိုအပ်သလို ထပ်ကြည့်ဖို့ လိုမှာ ဖြစ်ပါတယ်။

    တကယ်လို့ အသားပိုကို တွေ့တယ်ဆိုရင်တော့ တစ်ခါတည်း အသားစယူပြီး ကင်ဆာပြောင်းနိုင်တဲ့ အမျိုးအစား ဟုတ်မဟုတ် စစ်လို့ ရပါတယ်။ အရေအတွက် နည်းရင် မှန်ပြောင်းကြည့်ရင်း တစ်ခါတည်း ဖယ်လို့ ရပါတယ်။ အရေအတွက် ရာချီ၊ ထောင်ချီ ဆိုရင်တော့ ခွဲစိတ်မှု လုပ်ပြီး အသားပိုရှိတဲ့ အူမကြီး အစိတ်အပိုင်းကို ဖယ်ရှားဖို့ လိုပါတယ်။

    အကြံပြုချက်

    အူမကြီးအသားပို တွေ့တယ်ဆိုတာနဲ့ ကြောက်မသွားပါနဲ့။ အသားပိုတိုင်းက ကင်ဆာ မပြောင်းပါဘူး။ ဒါပေမဲ့ ကင်ဆာပြောင်းနိုင်တဲ့ အသားပိုတွေလည်း ရှိတာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီး သေချာကုသမှု ခံယူပါ။ အူမကြီး မှန်ပြောင်း ပုံမှန်ကြည့်ပါလို့ အကြံပြုချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 05/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement