backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ခုခံအားကုထုံး နဲ့ပတ်သက်ပြီး သင်ဘာတွေ သိထားသင့်သလဲ။

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


08/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ခုခံအားကုထုံး နဲ့ပတ်သက်ပြီး သင်ဘာတွေ သိထားသင့်သလဲ။

ခုခံအားကုထုံး ဆိုတာ ကင်ဆာကုထုံးတစ်ခုပါ။ ဆေးပညာတွေ အဆင့်မြင့်လာတာနဲ့အမျှ ကင်ဆာရောဂါကို ကုသရာမှာ အစွမ်းထက်ပြီး လူနာကို ထိခိုက်မှု နည်းစေတဲ့ ကုထုံးတွေကို ရှာဖွေလာကြပါတယ်။ ဒီထဲမှာ ခုခံအား ကုထုံးလည်း ပါဝင်ပါတယ်။

ခုခံအားကုထုံး ဆိုတာ

ခုခံအားကုထုံးဆိုတာ လူနာရဲ့ ကိုယ်ပိုင် ခုခံအားကို သုံးပြီး ကင်ဆာဆဲလ်တွေကို တိုက်ခိုက်စေတာပဲ ဖြစ်ပါတယ်။ ခုခံအားကုထုံးကို ပေးလိုက်တာက လူနာရဲ့ ခုခံအားစနစ်ကို မြှင့်တင် ဒါမှမဟုတ် အပြောင်းအလဲဖြစ်စေတဲ့အတွက် ကင်ဆာဆဲလ်တွေကို ပိုပြီး တိုက်ခိုက်စေနိုင်ပါတယ်။

ခုခံအားကုထုံးက ဘယ်လိုအလုပ်လုပ်သလဲ။

ခုခံအားက ပုံမှန်ဆိုရင် ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကို တိုက်ခိုက်ဖျက်ဆီးပေးပါတယ်။ ဒီလိုဖျက်ဆီးခံရတဲ့ အထဲမှာ ပုံမှန်အတိုင်း မဟုတ်ဘဲ ပွားနေတဲ့ ကင်ဆာဆဲလ်တွေလည်း ပါပါတယ်။ ခုခံအားက ကင်ဆာဆဲလ်တွေကို တိုက်ခိုက်တဲ့အခါ ခုခံအားဆဲလ်တွေကို ကင်ဆာကျိတ်ရဲ့ အထဲ ဒါမှမဟုတ် အနီးအနားမှာ တွေ့ရပါတယ်။

ဒီလိုတွေ့ရတာက ကောင်းပါတယ်။ ခုခံအားက ကင်ဆာဆဲလ်ကို တိုက်ခိုက်နိုင်တယ်ဆိုတဲ့ သဘောဖြစ်ပြီး ဒီလိုလူနာတွေက သူများထက်အခြေအနေကောင်းပါတယ်။ ခုခံအားကုထုံးဆိုတာက ဒီလိုမျိုးတိုက်ခိုက်နိုင်အောင် ပြင်ပကနေ ခုခံအားဆဲလ်တွေကို ကူညီပေးတဲ့ ကုထုံးတစ်ခုပါ။

ခုခံအားကုထုံး အမျိုးအစားများ

ခုခံအားကုထုံးမှာလည်း အမျိုးအစားခွဲတွေ အများကြီး ရှိပါသေးတယ်။ ဥပမာ

  • Monoclonal Antibodies- ပရိုတင်းအမျိုးအစား တစ်ခုဖြစ်ပြီး ကိုယ်ထဲကို ရောက်တဲ့အခါ ကင်ဆာဆဲလ်တွေကို သွားပေါင်းထားပြီး ကိုယ်ခံအားက အလွယ်တကူ တိုက်နိုင်အောင် အချက်ပြပေးပါတယ်။
  • CAR T-cell therapy- ခုခံအားဆဲလ်ဖြစ်တဲ့ T cellကို မျိုးဗီဇကို ပြုပြင်ပြီး ကင်ဆာဆဲလ်တွေကို ပိုမိုတိုက်ခိုက်နိုင်အောင် ဖန်တီးထားခြင်း ဖြစ်ပါတယ်။
  • Checkpoint Inhibitors- ခုခံအားစနစ်က ကင်ဆာဆဲလ်တွေကို မှတ်မိလွယ်ပြီး လွယ်လွယ်ကူကူတိုက်ခိုက်နိုင်အောင် ကူညီပေးတာပဲ ဖြစ်ပါတယ်။
  • Cancer Vaccines- ကင်ဆာကျိတ်တွေကို တုံ့ပြန်မှုကောင်းစေဖို့ ခန္ဓာကိုယ်ထဲက ခုခံအားစနစ်ကို လှုံ့ဆော်ပေးတဲ့ နည်းပဲ ဖြစ်ပါတယ်။
  • Innunomodulator- ခုခံအားကုထုံးတွေထဲမှာ သူက ပိုပြီး တိကျပါတယ်။ ခုခံအားတစ်ခုလုံးကို မဟုတ်ဘဲ မိမိလှုံ့ဆော်ချင်တဲ့ ခုခံအားအစိတ်အပိုင်းကိုပဲ လှုံ့ဆော်ပေးတာ ဖြစ်ပါတယ်။
  • Cytokines- ဒီပရိုတင်းတွေက ခုခံအားစနစ်မှာ ပါတဲ့ ဆဲလ်တွေကို ထိန်းချုပ်ထားပါတယ်။ သူ့ရဲ့ အချက်ပြမှုကို ကြည့်ပြီး ခုခံအားဆဲလ်တွေက ကင်ဆာဆဲလ်တွေကို တိုက်ခိုက်ရတာပဲ ဖြစ်ပါတယ်။

ဒီကုထုံးတွေကို အကြောဆေး၊ သောက်ဆေး၊ လိမ်းဆေး၊ ဆီးအိမ်ထဲ ထည့်တဲ့ဆေး စသဖြင့် ပေးလေ့ရှိပါတယ်။

ခုခံအားကုထုံးရဲ့ အားသာချက်များ

  • တခြားကုထုံးတွေကို ကူညီပေးပါတယ်။

တခြားကင်ဆာကုထုံးတွေနဲ့ တွဲပြီး သုံးတဲ့အခါ ခုခံအားကုထုံးက ကင်ဆာကုထုံးတွေရဲ့ တုံ့ပြန်မှုကို ပိုကောင်းစေပါတယ်။

  • တခြားကုထုံးတွေနဲ့ ကုသဖို့ ခက်တဲ့အခါ သုံးနိုင်ပါတယ်။

အရေပြားကင်ဆာလိုမျိုး ကင်ဆာတချို့က ဆေးသွင်းကုထုံးတွေ၊ ရောင်ခြည်ပြ ကုထုံးတွေကို ကောင်းကောင်း မတုံ့ပြန်ပါဘူး။ ဒီအခါမှာ ခုခံအားကုထုံးကို အသုံးပြုနိုင်ပါတယ်။

  • ဘေးထွက်ဆိုးကျိုးနည်းပါတယ်။

ကင်ဆာကုထုံးမို့လို့ ဘေးထွက်ဆိုးကျိုးရှိတယ်ဆိုပေမယ့် တခြားကုထုံးတွေနဲ့ ယှဉ်ရင် ဘေးထွက်ဆိုးကျိုးနည်းပါတယ်။ ကိုယ်တွင်းက ခုခံအားကို လှုံ့ဆော်ပေးတဲ့ ကုထုံးဖြစ်နေလို့ပါ။

  • ကင်ဆာပြန်ဖြစ်နိုင်ခြေ နည်းပါတယ်။

ခုခံအားဆဲလ်တွေက ကင်ဆာဆဲလ်တွေကို မှတ်ထားတဲ့အတွက် နောက်တစ်ခါ ကင်ဆာထပ်ဖြစ်လာရင်တောင် စောစောစီးစီး တိုက်နိုင်ပါတယ်။

ခုခံအားကုထုံးရဲ့ ဘေးထွက်ဆိုးကျိုး

  • သာမန်ဖျားနာ ဆိုးကျိုးများ

ခုခံအားက တုံ့ပြန်တာကြောင့် တုပ်ကွေးဖြစ်သလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ ဒါ့ပြင် ကိုယ်အလေးချိန်တက်တာ၊ ဝမ်းလျှောတာ၊ ဖောတာတွေ ဖြစ်တတ်ပါတယ်။

  • ပြင်းထန်ဆိုးကျိုး

ဆေးသွင်းတဲ့နေရာမှာ နာတာ၊ ယားတာ၊ နီတာ၊ ရောင်တာတွေ ဖြစ်တတ်ပါတယ်။

  • ကိုယ်တွင်းအင်္ဂါထိခိုက်တာ

ခုခံအားကုထုံးမှာ တချို့က ခုခံအားကို အပြောင်းအလဲဖြစ်စေတာကြောင့် မိမိရဲ့ အူ၊ ကျောက်ကပ်၊ နှလုံးနဲ့ တခြားကိုယ်တွင်းအင်္ဂါတွေကို မှားယွင်းတိုက်ခိုက်တာမျိုး ဖြစ်တတ်ပါတယ်။

  • အချိန်ယူရပါတယ်။

ခုခံအားကုထုံးက တခြားကုထုံးတွေထက်စာရင် အချိန်ပိုကြာပါတယ်။

  • ဆေးမတိုးတာလည်း ရှိနိုင်ပါတယ်။

ဒါက လူတိုင်းအတွက် အဆင်ပြေမှာတော့ မဟုတ်ပါဘူး။ ကင်ဆာဆဲလ်တွေက ပုံပြောင်းလိုက်တဲ့အခါ ခုခံအားဆဲလ်တွေက မမှတ်မိတာကြောင့် မတိုက်ခိုက်တော့တာလည်း ဖြစ်နိုင်ပါတယ်။

  • ကုရင်းနဲ့ ရပ်လိုက်ရတာမျိုး ရှိနိုင်ပါတယ်။

ဆေးမတိုးလို့ ဒါမှမဟုတ် ဘေးထွက်ဆိုးကျိုးတွေ ခံစားရလို့ ရပ်လိုက်ရတာမျိုးလည်း ရှိနိုင်ပါတယ်။

ခုခံအားကုထုံးကို ဘယ်သူတွေ ကုလို့ရလဲ။

ခုခံအားကုထုံးတွေကို သမားရိုးကျ ကင်ဆာကုထုံးတွေဖြစ်တဲ့ ခွဲစိတ်နည်း၊ ဆေးသွင်းနည်း၊ ရောင်ခြည်ပြနည်းတွေလောက်တော့ ကျယ်ကျယ်ပြန့်ပြန့် မသုံးသေးပါဘူး။ ဒါပေမယ့် သူ့ရဲ့ အားသာချက်တွေကြောင့် ကင်ဆာတော်တော်များများမှာ သုံးလာကြပါပြီ။

ဥပမာ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အရေပြားကင်ဆာ၊ သွေးကင်ဆာ၊ ဆီးအိမ်ကင်ဆာ စသဖြင့် ကင်ဆာတော်တော်များများမှာ သုံးနေပါပြီ။ ကုသမှု မခံယူခင်မှာ ရောဂါအခြေအနေ၊ လူနာအခြေအနေပေါ် မူတည်ပြီး ကုထုံးနဲ့ သင့်တော်မတော်ဆိုတာကို ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။

ကင်ဆာရောဂါရှင်တွေအတွက် ကုထုံးတွေက ရွေးချယ်စရာ ပိုများလာပါပြီ။ ဒီလိုများလာတာက လူနာအတွက် တစ်နည်းမဟုတ် တစ်နည်းနဲ့ ပြောင်းလဲ ကုသနိုင်တာကြောင့် အသက်ရှင်နှုန်းကို မြင့်လာစေမှာပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



Written by

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


08/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement