backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

နှလုံးကင်ဆာ (Heart Cancer)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

နှလုံးကင်ဆာ (Heart Cancer)

နှလုံးရောဂါဆိုတာက လူတိုင်နဲ့ ရင်းနှီးပြီးသား ရှိပေမယ့် နှလုံးကင်ဆာဆိုတာကတော့ ကြားဖူးတဲ့သူ နည်းဦးမှာပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ နှလုံးကင်ဆာ (Heart Cancer) အကြောင်းလေး ပြောပြပေးသွားပါမယ်။ 

နှလုံးကင်ဆာ ဆိုတာက နှလုံးမှာ ဖြစ်တဲ့ အကျိတ် ဒါမှမဟုတ် အခြားအင်္ဂါအစိတ်အပိုင်းမှာ ဖြစ်တဲ့ ကင်ဆာဆဲလ်တွေက နှလုံးဆီကို ပြန့်လာချိန်မှာ ဖြစ်တဲ့ ကင်ဆာ တစ်မျိုးပါ။ နှလုံးကင်ဆာက ဖြစ်ခဲတဲ့ ကင်ဆာ တစ်မျိုးပေါ့။ ကဲ …. နှလုံးကင်ဆာအကြောင်း သေသေချာချာလေး သိရှိနိုင်စေဖို့ လေ့လာလိုက်ရအောင်နော်။ 

နှလုံးကင်ဆာ (Heart Cancer) ဆိုတာ

နှလုံးကင်ဆာ ဆိုတာက နှလုံးဆီမှာ ဆဲလ်တွေ ပုံမှန် မဟုတ်ဘဲ အဆမတန် ကွဲပွားလာတာ ဒါမှမဟုတ် နှလုံးအနီးနားက ဆဲလ်တွေက ပုံမှန်မဟုတ်ဘဲ ထိန်းချုပ်လို့ မနိုင်အောင် ကြီးထွားလာတဲ့ အခြေအနေပါ။ ဒီဆဲလ်တွေက ကင်ဆာအကျိတ်အဖြစ် ဖွဲ့စည်း သွားပါတယ်။ နှလုံးကင်ဆာက ဖြစ်ခဲပြီး အင်မတန်ရှားပါးတဲ့ ကင်ဆာတစ်ခုပါ။ 

နှလုံးကင်ဆာက သူကိုယ်တိုင်က ကင်ဆာဖြစ်တာ ရှိသလို တခြားနေရာက ကင်ဆာဆဲလ်တွေ သူ့ဆီကို ပြန့်လာတာလည်း ရှိပါတယ်။ ၂ခုလုံးက ဖြစ်တာ ရှားပါတယ်။

>> နှလုံးကင်ဆာက ဘယ်လောက် အဖြစ်များလဲ!

နှလုံးကနေ စဖြစ်နေတဲ့ နှလုံးကင်ဆာက အတော်လေး ဖြစ်ခဲပါတယ်။ နှစ်စဉ်တိုင်းမှာ လူအယောက် ၁၀၀,၀၀၀ မှာ ၂ ယောက်ထက်နည်းတဲ့ နှုန်းလောက်ပဲ ဖြစ်ပွားတာပါ။ 

နှလုံးကင်ဆာက ဖြစ်ခဲတယ်လို့ ပြောရတဲ့ အကြောင်းအရင်းကတော့ နှလုံးကို တွယ်ဆက်တစ်ရှူးနဲ့ ကြွက်သား ဆဲလ်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး ဒီဆဲလ်တွေက တခြားဆဲလ်တွေလို ပျက်လိုက် ပွားလိုက် သိပ်မဖြစ်ပါဘူး။ သိပ်မပွားတဲ့အတွက် ကင်ဆာဖြစ်နိုင်ခြေလည်း နည်းပါတယ်။ ကင်ဆာဆဲလ်တွေက ပွားလိုက် ပျက်လိုက် ခဏခဏဖြစ်နေတဲ့ epithelial tissue  တွေမှာ အဖြစ်များပါတယ်။ 

>> ဘယ်သူတွေမှာ နှလုံးကင်ဆာဖြစ်နိုင်လဲ!

ဘယ်သူမဆို နှလုံးကင်ဆာ ဖြစ်နိုင်ပါတယ်။ နှလုံးကင်ဆာက များသောအားဖြင့် အမျိုးသားတွေမှာဆိုရင် အသက် ၃၀ ကနေ ၅၀ အရွယ်တွေမှာ ပိုအဖြစ်များပါတယ်။ အမျိုးသမီးတွေမှာလည်း ဖြစ်နိုင်ခြေ ရှိပါတယ်။ ဆေးလိပ်သောက်သူတွေ၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ခံစားနေရသူတွေမှာ ပိုအဖြစ် များပါတယ်။

နှလုံးကင်ဆာဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ!

နှလုံးကင်ဆာဖြစ်စေနိုင်တဲ့ အကြောင်းအရင်းကို တိတိကျကျ မသိရသေးပေမယ့် ဓာတ်ရောင်ခြည်သင့်တာ၊ အချို့သော အဆိပ်အတောက်တွေကြောင့် ဖြစ်တဲ့ Angiosarcomaဆိုတဲ့ ကင်ဆာကြောင့် နှလုံးကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ ဒီAngiosarcomaက သွေးကြောမကြီးမှာလည်း အကျိတ်ဖြစ်စေတတ်ပါတယ်။ 

နောက်ထပ်တစ်ခုကကတော့ နှလုံးဆီကနေ စတင်လာတဲ့ ကင်ဆာ မဟုတ်ဘဲ အရေပြား၊ အဆုတ်တွေနဲ့ ကျောက်ကပ်တို့မှာ ဖြစ်နေတဲ့ ကင်ဆာတွေက နှလုံးဆီကို ပြန့်လာတာကြောင့် ဖြစ်တဲ့ နှလုံးကင်ဆာပါ။ ဥပမာ  ပြန်ရည်ကျိတ်တွေနဲ့ သွေးကင်ဆာကနေတဆင့် ပြန့်လာတဲ့ ကင်ဆာမျိုးပါ။ 

>> နှလုံးကင်ဆာက မျိုးရိုးလိုက်သလား!

Angiosarcomaလို့ ခေါ်တဲ့ နှလုံးကင်ဆာက တစ်ခါတလေမှာမိသားစု တစ်ခုထဲက မိသားစုဝင်တွေ များစွာမှာ ဖြစ်တတ်တာမျိုး ရှိပါတယ်။ နှလုံးကနေ အစပြု ဖြစ်ပွားတဲ့ နှလုံးကင်ဆာက မျိုးရိုးရှိရင် ဖြစ်နိုင်ခြေ ပိုများတယ်လို့ သုတေသီတွေက လက်ခံ ယူဆထားကြပါတယ်။ 

နှလုံးကင်ဆာ လက္ခဏာများ

နှလုံးကင်ဆာ ဖြစ်နေပြီဆိုရင် အခုလို လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။ 

  • နှလုံးခုန် မြန်တာ
  • ရင်ဘတ်အောင့်တာ
  • သတိလစ်တာ
  • နာတာရှည် နောက်ကျော နာကျင်တာ
  • စိတ်ရှုပ်ထွေးတာ
  • မှတ်ဉာဏ်ဆိုင်ရာ ပြဿနာ
  • ချောင်းဆိုး သွေးပါတာ
  • အဆုတ်မှာ ရေဝိုင်းဖြစ်ပြီး နှလုံးလုပ်ဆောင်ချက် ကျဆင်းတာ
  • သွေးစီးဆင်းမှု အနှောင့်အယှက် ဖြစ်တာ
  • သွေးခဲပိတ်ဆို့တာ
  • ခြေကုန်လက်ပမ်းကျတာ
  • အားနည်းတာ
  • အသက်ရှူတာ ပြတ်တောင်းတောင်း ဖြစ်တာ
  • နှလုံးစည်းချက် မမှန်တာ
  • အကြောင်းအရင်း မရှိဘဲ ကိုယ်အလေးချိန် ကျတာပါ။

နှလုံးကင်ဆာ လက္ခဏာတွေက အခြားသော ပြင်းထန်တဲ့ နှလုံးရောဂါ၊ လေဖြတ်တာ၊ ရုတ်တရက် နှလုံးရပ်တာ လိုမျိုး နှလုံးရောဂါတွေရဲ့ လက္ခဏာတွေနဲ့ ခပ်ဆင်ဆင် တူပါတယ်။

ဘယ်လို စစ်ဆေး သိရှိနိုင်မလဲ!

နှလုံးကင်ဆာ ဖြစ်နေပြီလို့ သံသယ ရှိနေပြီဆိုရင် အခုလို နည်းလမ်းလေးတွေနဲ့ စစ်ဆေး သိရှိနိုင်ပါတယ်။

  • Complete blood count (CBC) သွေးစစ်ဆေးတာ
  • ရင်ဘတ် X-rays ရိုက်တာ
  • CT scan (သို့မဟုတ်) MRI နည်းနဲ့ စစ်ဆေးတာ
  • Echocardiogram (အက်ကိုးရိုက်တာ)
  • Electrocardiogram (ECGဆွဲတာ)
  • Coronary angiography and cardiac catheterization
  • Coronary computed tomography angiogram (CTA).

နှလုံးကင်ဆာအတွက် ကုထုံး

နှလုံးကင်ဆာက နှလုံးရဲ့ လုပ်ဆောင်မှုကို ထိခိုက်စေနိုင်ပါတယ်။ ဒီလို ထိခိုက်မှုက အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါတယ်။ နှလုံးမှာ ကင်ဆာကြောင့် အကျိတ် ရှိနေပြီဆိုရင်တော့ ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာ နဲ့ ပြင်းထန်တဲ့ နှလုံးစွမ်းဆောင်ရည် ကျဆင်းတာတွေကို ခံစားရနိုင်ပါတယ်။

သေးငယ်တဲ့ အကျိတ်လေးတွေက ကွဲထွက်သွားချိန်မှာ သွေးကြောထဲမှာ မျောပါသွားရင်း သွေးကြောတွေထဲမှာ ပိတ်ဆို့တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလို အကျိတ်လေးတွေက ဦးနှောက်ဆီသွားတဲ့ သွေးကြော၊ အသက်ရှူ လမ်းကြောင်း( အဆုတ်တွေ) ဆီ သွားတဲ့ သွေးကြောတွေကို ပိတ်ဆို့မိသွားတဲ့အခါမျိုးမှာ လေဖြတ်တာကို ဖြစ်စေနိုင်ပါတယ်။ 

နှလုံးကင်ဆာကို Chemotherapy ကုထုံးနဲ့ ကုသလို့ ရသလို ဓာတ်ရောင်ခြည် ကုထုံးနဲ့လည်း ကုလို့ ရပါတယ်။ ဒီကုထုံး ၂ မျိုးစလုံးနဲ့လည်း ကုသလို့ ရပါတယ်။

ကင်ဆာကျိတ်ရဲ့ အရွယ်အစားနဲ့ နေရာအပေါ်မှာ မူတည်ပြီး ကုထုံးက ကွာခြားနိုင်သလို ကျန်းမာရေးအခြေအနေနဲ့ အသက်အရွယ်ပေါ်မှာ လိုက်ပြီးလည်း ကုထုံး ကွာခြားနိုင်ပါတယ်။ ခွဲစိတ်ပြီး အကျိတ်ကို ဖယ်ရှားတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒီခွဲစိတ်ကုသမှုက ရှုပ်ထွေးတာကြောင့် တတ်ကျွမ်းနားလည်သူတွေနဲ့သာ ကုသမှုခံယူဖို့ လိုပါမယ်။ 

ကာကွယ်လို့ ရလား!

နှလုံးကင်ဆာက ဖြစ်ခဲတဲ့ ကင်ဆာ တစ်ခုဖြစ်ပြီး ဖြစ်စေတဲ့ အကြောင်းအရင်းကို တိတိကျကျ မသိရသေးပါဘူး။ ဆေးလိပ်သောက်တာကတော့ ကင်ဆာတော်တော်များများကို ဖြစ်စေတဲ့ အကြောင်းရင်းခံ ဖြစ်တာကြောင့် ဆေးလိပ်နဲ့ ဆေးလိပ်ငွေ့တွေကို တတ်နိုင်သမျှ ရှောင်ဖို့ သုတေသီတွေက အကြံပြုထားပါတယ်။  

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement