backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဆေးလိပ် ကြောင့် ကင်ဆာ ၁၆မျိုး ဖြစ်နိုင်ပါတယ်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 05/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဆေးလိပ် ကြောင့် ကင်ဆာ ၁၆မျိုး ဖြစ်နိုင်ပါတယ်။

ဆေးလိပ် က မကောင်းဘူးဆိုတာ သိထားပေမယ့်လည်း ဖြတ်ဖို့ ခက်ပါတယ်။ ဆေးလိပ်တစ်ချက်ဖွာလိုက်တိုင်းမှာ အမျိုးအစား ၇၀၀၀လောက်ရှိတဲ့ ဓာတုပစ္စည်းတွေက အဆုတ်နဲ့ တခြား ကိုယ်တွင်းအင်္ဂါတွေကို ပြန့်သွားပါတယ်။ ဒီအမျိုး ၇၀၀၀ကျော်ထဲမှာ ကင်ဆာဖြစ်စေတဲ့ ဓာတ်ပစ္စည်း ၆၉မျိုး ပါဝင်ပါတယ်။

ဆေးလိပ် နဲ့ ပတ်သက်ပြီး မှတ်သားဖွယ်အချက်အလက်များ

ဆေးလိပ်နဲ့ ကင်ဆာနဲ့က ဆက်နွယ်မှု ကြီးမားပါတယ်။

  • ကင်ဆာဖြစ်သူ ၈ယောက်မှာ ၁ယောက်က ဆေးလိပ်ကြောင့်ပါ။
  • ကင်ဆာကြောင့် သေဆုံးသူ ၅ယောက်မှာ ၁ယောက်က ဆေးလိပ်ကြောင့်ပါ။
  • ဆေးလိပ်တစ်ချက် ဖွာလိုက်တိုင်းမှာ ဓာတုပစ္စည်းပေါင်း ၇၀၀၀က အဆုတ်နဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့်သွားပါတယ်။
  • စီးကရက်မှာ ကင်ဆာဖြစ်စေတဲ့ ပစ္စည်းပေါင်း ၆၉မျိုး ပါပါတယ်။
  • တစ်နှစ်ကို ကင်ဆာရောဂါတွေ့ရှိမှု ၁၅,၀၀၀ကျော်လောက်က ဆေးလိပ်ကြောင့်ပါ။
  • ဆေးလိပ်သောက်ပြီး ၆နာရီလေက်ဆိုရင် ခန္ဓာကိုယ်က စပြီး ဓာတုပစ္စည်းတွေကို စဖျက်ဆီးပါပြီ။ သင်သာ ထပ်မသောက်ဘူးဆိုရင် ကိုယ်ထဲမှာ ဓာတ်ပစ္စည်းတွေ ပုံလာမှာ မဟုတ်ပါဘူး။
  • ဆေးလိပ်သောက်သုံးမှုသာ မရှိဘူးဆိုရင် အဆုတ်ကင်ဆာဆိုတာ ရှားပါးရောဂါ ဖြစ်သွားမှာပါ။
  • ဆေးလိပ်ကြောင့် အစာအိမ်ကင်ဆာဖြစ်နိုင်ခြေ ၆၁% တိုးလာနိုင်ပါတယ်။
  • ခံတွင်းကင်ဆာအများစုက ဆေးလိပ်ကြောင့် ဖြစ်တာပါ။ (ခံတွင်းနဲ့ လည်ချောင်းကင်ဆာ ၆၀%၊ အသံအိုးကင်ဆာ ၇၇%၊ အစာရေမျိုပြွန်ကင်ဆာ ၆၀%)

 ဆေးလိပ် ကြောင့် ဖြစ်နိုင်တဲ့ ကင်ဆာ ၁၆မျိုး

ဆေးလိပ်က ကင်ဆာဖြစ်နိုင်တယ်ဆိုပေမယ့် ဒီလောက်များမှန်းတော့ ထင်ထားမှာ မဟုတ်ပါဘူး။ ဒါတွေက သက်သေအခိုင်အမာပြထားတာတွေ ဖြစ်ပြီး ဆက်လက်လေ့လာနေဆဲ ကင်ဆာအမျိုးအစားတွေလည်း ရှိပါတယ်။ ဆိုလိုတာက ၁၆မျိုးထက် များနိုင်ပါသေးတယ်။

ဖြစ်နိုင်တဲ့ ကင်ဆာ ၁၆မျိုးကတော့

  • အဆုတ်ကင်ဆာ
  • ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ နှာခေါင်းကင်ဆာ၊ မျက်နှာလေအိတ်ကင်ဆာ
  • အစာရေမျိုပြွန်ကင်ဆာ
  • ဆီးအိမ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ ဆီးပို့ပြွန်ကင်ဆာ
  • ပန်ကရိယကင်ဆာ
  • အစာအိမ်ကင်ဆာ
  • အသည်းကင်ဆာ
  • သားအိမ်ခေါင်းကင်ဆာ၊ သားဥအိမ်ကင်ဆာ
  • အူမကြီးကင်ဆာ
  • Acute myeloid leukaemia လို့ခေါ်တဲ့ သွေးကင်ဆာ

ဒါကြောင့် ဆေးလိပ် သောက်တဲ့ အချိန်တိုင်းမှာ ‘ငါ့မှာ ကင်ဆာ ၁၆မျိုး ဖြစ်နိုင်တယ်’ ဆိုပြီး နှလုံးသွင်းထားဖို့ လိုပါတယ်။

ဆေးလိပ်က ကင်ဆာကို ဘယ်လိုဖြစ်စေတာလဲ။

လူ့ခန္ဓာကိုယ်ထဲက အသေးဆုံးအစိတ်အပိုင်းက ဆဲလ်ဖြစ်ပြီး သူ့ကို DNAက ထိန်းချုပ်ထားပါတယ်။ ဆေးလိပ်လေး တစ်လိပ်ကတောင် DNA ကို အပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။

  • ဆေးလိပ်မှာ ဓာတုပစ္စည်းပေါင်း ၇၀၀၀ကျော်ပါပြီး ၆၉မျိုးက ကင်ဆာဖြစ်စေနိုင်ပါတယ်။
  • ဆေးလိပ်သောက်တိုင်းမှာ ဒီပစ္စည်းတွေက အဆုတ်အပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးကို ရောက်ရှိသွားပါတယ်။
  • ဒီဓာတုပစ္စည်းတွေက ဆဲလ်တွေထဲက DNAကို ပျက်စီးစေပါတယ်။
  • ပျက်စီးနေတဲ့ DNAကို ပြန်ပြီး ပြုပြင်လို့ ခက်ခဲအောင် ဓာတုပစ္စည်းတွေက ထပ်ပြီး တားမြစ်ပါတယ်။ ဒါ့ပြင် ကင်ဆာမဖြစ်အောင် ကာကွယ်ပေးတဲ့ DNAတွေကိုလည်း ဖျက်ဆီးပစ်ပါတယ်။
  • ဒီလိုနဲ့ ဆဲလ်တွေမှာ ခဏခဏ DNAတွေ ပျက်စီးတဲ့အခါ ကင်ဆာဆဲလ်အဖြစ်ကို ပြောင်းသွားပါတယ်။

ဆေးလိပ် ကြောင့် ကင်ဆာ ၁၆မျိုး ဖြစ်နိုင်ပါတယ်။

ဆေးလိပ်သောက်တာ ကင်ဆာဖြစ်နိုင်ခြေကို ဘယ်လောက်မြင့်တက်စေပါသလဲ။

အကြမ်းဖျင်းပြောရရင်တော့ တော်တော်များပါတယ်။ ဖြစ်နိုင်ခြေက dose-dependentပါ။ ဆိုလိုတာက များများသောက်၊ ကြာကြာသောက်ရင် ဖြစ်နိုင်ခြေ များပါတယ်။ ဒါ့ပြင် ကင်ဆာအမျိုးအစားပေါ်လည်း မူတည်ပါတယ်။

ဥပမာ ပြောရရင် ဆေးလိပ် လုံးဝမသောက်တဲ့သူထက် လက်ရှိမှာ ဆေးလိပ်သောက်သူက အဆုတ်ကင်ဆာဖြစ်နိုင်ခြေ ၂၅ဆ ပိုများပါတယ်။ ဆီးအိမ်ကင်ဆာဆိုရင်တော့ ၂ဆပါ။ အဆ ကွာတယ်ဆိုပေမယ့် မသောက်တဲ့သူထက် ပိုများတာကတော့ အမှန်ပဲ ဖြစ်ပါတယ်။

ဒါဆို ဆေးပေါ့လိပ်ပြောင်းသောက်မယ်ဆိုရင်ရော

ဆေးတံတွေ၊ ဆေးပေါ့လိပ်တွေကလည်း ထိုနည်းလည်းကောင်းပါပဲ။ စီးကရက်နဲ့ ယှဉ်ရင် ဖြစ်နိုင်ခြေ နည်းတယ်ဆိုပေမယ့် သူတို့ကလည်း ဖြစ်နိုင်ခြေတော့ ရှိပါသေးတယ်။

ဥပမာ ဆေးလိပ်မသောက်တဲ့သူနဲ့ ယှဉ်ရင် စီးကရက်သောက်သူက အဆုတ်ကင်ဆာဖြစ်နိုင်ခြေ ၂၅ဆ ပိုများချိန်မှာ ဆေးပေါ့လိပ်သောက်သူက ၅ဆပိုများနေပါတယ်။ ဒီလိုပြောတာ စီးကရက်နေရာမှာ ဆေးပေါ့လိပ်တွေ အစားထိုးသောက်ဖို့ မဟုတ်ပါဘူး။ နည်းတာများတာပဲ ကွာပြီး နှစ်ခုလုံးက ကင်ဆာဖြစ်နိုင်ခြေရှိတာကတော့ အတူတူပဲ ဖြစ်ပါတယ်။

အီးစီးကရက်တွေကိုတော့ ဒီနေရာမှာ ထည့်သွင်းပြောပြထားတာမျိုး မရှိပါဘူး။ ဒီဆယ်စုနှစ်ပိုင်းလောက်မှ ခေတ်စားလာတာဖြစ်လို့ လက်ရှိမှာ စမ်းသပ်လေ့လာနေဆဲပါ။ ဒါပေမယ့် ကင်ဆာဖြစ်စေနိုင်တဲ့ နီကယ်၊ ကဒ်မီယမ်လို ပစ္စည်းတွေကို အီးစီးကရက်ရဲ့ အငွေ့တွေထဲမှာ တွေ့ရတဲ့အတွက် သတိထားတာ ကောင်းပါတယ်။ ဆေးလိပ်ဖြတ်ဖို့ အီးစီးကရက်သောက်တယ်ဆိုပေမယ့် ဆေးလိပ်ပြတ်ပြီး အီးစီကရက် စွဲမသွားဖို့တော့ လိုပါတယ်။

ဆေးလိပ်သောက်တာ တော်တော်လည်း ကြာနေပြီ။ ခုမှဖြတ်လည်း မထူးတော့ပါဘူး။

ဒါက မှားပါတယ်။ ဆေးလိပ်ဖြတ်တဲ့နေရာမှာ နောက်ကျနေပြီဆိုတာ မရှိပါဘူး။ ဖြတ်လိုက်တာနဲ့ ကင်ဆာဖြစ်နိုင်ခြေက စလျော့လာပါတယ်။ နောက်ဆုံး ဆေးလိပ်ကြောင့် ကင်ဆာရောဂါ ခံစားရနေစေဦးတော့။ ဆေးလိပ်ဖြတ်လိုက်တာက လူနာအတွက် ရောဂါကုသတဲ့နေရာမှာရော၊ နာလန်ထတဲ့နေရာမှာပါ အထောက်အကူပြုပါတယ်။

ဆေးလိပ် ဖြတ်လိုက်တဲ့အတွက် ခန္ဓာကိုယ်ထဲကို အဆိပ်အတောက်တွေ၊ ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ ဝင်တာ ရပ်တန့်သွားပါတယ်။ ဒါကိုက ခန္ဓာကိုယ်ထဲက ဆေးလိပ်ကြောင့် ပျက်စီးနေတာတွေကို ပြန်လည်ကုစားဖို့ အခွင့်အရေးပဲ ဖြစ်ပါတယ်။

ခုပြောခဲ့တာက ဆေးလိပ်နဲ့ ကင်ဆာအကြောင်းပဲဖြစ်ပြီး တခြားရောဂါတွေ ဖြစ်တဲ့ ဆေးလိပ်ကြောင့် နှလုံးသွေးကြောထိခိုက်တာ၊ အစာအိမ်အနာတွေ ပိုဆိုးလာတာတွေ မပါသေးပါဘူး။ ဒါတွေပါ ထည့်တွက်ရင် ဆေးလိပ်ရဲ့ ဆိုးကျိုးက ကြောက်ခမမ်းလိလိမို့ စဖြတ်ဖို့ တိုက်တွန်းပါရစေ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 05/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement