backup og meta

သားဥအိမ်ကင်ဆာနဲ့ ပတ်သက်တဲ့ အရေးကြီးအချက်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားဥအိမ်ကင်ဆာနဲ့ ပတ်သက်တဲ့ အရေးကြီးအချက်များ

    သားဥအိမ်ကင်ဆာ က အဖြစ်များတဲ့ ကင်ဆာပါ။ အထူးသဖြင့် သွေးဆုံးချိန်မှာဆို ပိုသတိထားသင့်ပါတယ်။ နောက်ကျမှသိရရင် အသက်သေဆုံးနိုင်သည်အထိ ပြင်းထန်တဲ့ ကင်ဆာပဲ ဖြစ်ပါတယ်။ စောစောစီးစီး မသိလိုက်ဘူးဆိုရင် သားဥအိမ်က ကင်ဆာဆဲလ်တွေက တင်ပဆုံကွင်းနဲ့ ဝမ်းခေါင်းထဲကို ပြန့်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် သားဥအိမ်ကင်ဆာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သိထားဖို့ လိုပါတယ်။

    သားဥအိမ်ကင်ဆာနဲ့ ပတ်သက်တဲ့ အရေးကြီးအချက်များ

    • မျိုးဗီဇစစ်ဆေးမှုတွေက အရေးကြီးပါတယ်။

    သားဥအိမ်ကင်ဆာက သားအိမ်ခေါင်းကင်ဆာလို သားအိမ်ခေါင်းအချွဲ စစ်ဆေးတာတို့၊ HPV ကာကွယ်ဆေးထိုးတာတို့ မရှိပါဘူး။ သူ့မှာရှိတာက မျိုးဗီဇပါ။ ဒီထဲမှာ အရေးကြီးဆုံးက BRCA geneပါ။

    ဥပမာ ပြောရရင် မိမိမှာ BRCA 1 gene ပါနေရင် ရင်သားကင်ဆာဖြစ်နိုင်ခြေ ၉၀%နဲ့  သားဥအိမ်ကင်ဆာဖြစ်နိုင်ခြေ ၅၀% ရှိပါတယ်။ ခုစစ်လို့ မရှိရင်တောင်  နောက်ရှိလာနိုင်တယ်။ ဒါကြောင့် ဒီမျိုးဗီဇရှိနေတဲ့ အမျိုးသမီးတွေက ကြိုပြီးတော့ ရင်သားခွဲစိတ်တာ၊ သားဥအိမ်ထုတ်တာတွေ လုပ်ကြတာပါ။ ဆိုလိုတာက ကင်ဆာဖြစ်လာနိုင်တဲ့ ရင်သားတွေ၊ သားဥအိမ်တွေကို ကြိုရှင်းထားတဲ့ သဘောပါ။

    မင်းသမီးကြီး အိန်ဂျလီနာဂျိုလီမှာ ဒီမျိုးဗီဇပါပါတယ်။ သူ့မိခင်ကလည်း ရင်သားကင်ဆာဖြစ်ဖူးပါတယ်။ ဒါကြောင့် အန္တရာယ်ကြိုရှင်းထားတဲ့အနေနဲ့ သူ့ရင်သားကိုရော၊ သားဥအိမ်ကိုပါ ထုတ်ထားလိုက်ပါတယ်။ ဒါကြောင့် သူရဲ့ ကင်ဆာဖြစ်နိုင်ခြေက မရှိသလောက် ဖြစ်သွားပါပြီ။

    • မိသားစုရာဇဝင်ကို သိပါစေ။

    အများစု ထင်ကြတာက အမေမှာ သားဥအိမ်ကင်ဆာရှိရင် သမီးမှာလည်း ဖြစ်နိုင်တယ်ဆိုတာပါ။ ဒါကလည်း မှန်ပေမယ့် မိသားစုရာဇဝင်ဆိုတာ ဒီထက်ပိုပါတယ်။ မိခင်အပြင် ဖခင်ဘက်က ရာဇဝင်ကိုပါ သိထားဖို့ လိုပါတယ်။ အဖေဘက်က အဒေါ်၊ ကြီးတော်၊ အဘွားစတာတွေမှာလည်း ရင်သားကင်ဆာ၊ သားဥအိမ်ကင်ဆာဖြစ်ဖူးတဲ့သူ ရှိမရှိဆိုတာက အရေးကြီးပါတယ်။

    • ကြိုတင်စစ်ဆေးခြင်းက အရေးကြီးဆုံးပါ။

    သားဥအိမ်ကင်ဆာ က ကုသလို့ရတယ်ဆိုပေမယ့် အချိန်တော့ ယူရပါတယ်။ ဒါကြောင့် စောစောသိရင် ပိုကောင်းပါတယ်။ စောစောသိတဲ့အခါ ကုသရတာ ပိုလွယ်သလို စရိတ်စကလည်း ပိုသက်သာပါတယ်။

    ကင်ဆာရောဂါတွေကို ကုသပေမယ့် ရလဒ်မကောင်းရတဲ့ အကြောင်းရင်းက နောက်ကျမှ ရောက်လာလို့ပါတဲ့။ တကယ်တမ်း ဆရာဝန်နဲ့ တွေ့ပြီး စကုတဲ့အချိန်မှာ  ကင်ဆာက အနီးအနား ဒါမှမဟုတ် ခပ်ဝေးဝေးက အစိတ်အပိုင်းတွေကို ပြန့်နှင့်ပြီး ဖြစ်ပါတယ်။ ဒါကြောင့် ကြိုတင်စစ်ဆေးခြင်း Screeningက အရေးကြီးပါတယ်။

    လက္ခဏာမရှိခင်တည်းက ပုံမှန်စစ်ဆေးနေမယ်ဆိုရင် အကျိတ်တည်စမှာ စတွေ့ပြီး စကုလို့ရပါတယ်။ ဘယ်လိုမျိုးတွေ စစ်ဆေးသင့်တယ်ဆိုတာကိုတော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

    သားဥအိမ်ကင်ဆာ နဲ့ပတ်သက်တဲ့ အရေးကြီးအချက်များ

    • သားဥအိမ်ကင်ဆာရဲ့ လက္ခဏာတွေကို သိထားတာကလည်း အားသာချက်ပါ။

    သားဥအိမ်ကင်ဆာ ကို ”အသံတိတ်ကင်ဆာ”လို့ ခေါ်ကြပါတယ်။ တခြားမီးယပ်ကင်ဆာတွေကို ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာမျိုးက ရှားပါတယ်။ သူ့မှာ ဖြစ်တတ်တာက

    -လေပွတာ၊ ဗိုက်ဖောင်းတာ

    -နည်းနည်းလေး စားလိုက်တာနဲ့ ရင်ပြည့်တာ

    -ဆီးခဏခဏ သွားချင်တာ စတာတွေ ခံစားရပါတယ်။

    ဒီလက္ခဏာတွေက ရုတ်တရက်ဆို သားဥအိမ်ကင်ဆာလို့ ထင်မိမှာ မဟုတ်ပါဘူး။ ဒါတွေက သားဥအိမ်ကင်ဆာမှာလည်း ဖြစ်နိုင်တယ်ဆိုတာကို သိထားတာက ရောဂါကို သတိပြုမိစေပါတယ်။ ဒီလက္ခဏာတွေကို မကြာခဏ ခံစားနေရတယ်။ တစ်လကို ၁၂ကြိမ်လောက် ခံစားရမယ်။ အစားအသောက်ပြောင်းလည်း မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ ပြဖို့ လိုပါပြီ။

    • သားဥအိမ်ကင်ဆာကို ကုသလို့ရနေပါပြီ။

    ကင်ဆာဆိုတိုင်း စိတ်ဓာတ်ကျစရာ မလိုပါဘူး။ အထူးသဖြင့် သားဥအိမ်ကင်ဆာ ကုသနည်းတွေက ဒီနှစ်ပိုင်းမှာ အင်မတန်တိုးတက်လာခဲ့ပါတယ်။ ခွဲစိတ်နည်းတွေ၊ ဆေးဝါးတွေက ပိုပြီးကောင်းမွန်လာတဲ့အတွက်  အသက်ရှင်နှုန်းတွေလည်း တိုးလာပါတယ်။ အထူးသဖြင့် စောစောသိပြီး ကုသမယ်ဆိုရင်တော့ ပိုပြီးရလဒ်ကောင်းနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement