home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

သွားပွတ်တံရွေးချယ်တဲ့အခါ ဘာတွေကိုသိထားရမလဲ

သွားပွတ်တံရွေးချယ်တဲ့အခါ ဘာတွေကိုသိထားရမလဲ

အစားကောင်းကောင်းစားဖို့ သွားေကာင်းကောင်းလိုမှာပေါ့နော်။ အသက်ကြီးလာတာနဲ့အမျှ အရိုးတွေ ၊ သွားတွေက အားနည်းလာပါတယ်။ သွားတွေကလည်း လူတစ်ယောက်မှာ မရှိမဖြစ်လိုအပ်တဲ့အရာပါ။ သွားကောင်းမှပဲ စားရသောက်ရတဲ့အခါအဆင်ပြေတာပါ။ သွားမရှိတာကို မပြောနဲ့ဦး သွားကိုက်တဲ့အခါ သွားနာတဲ့အခါမျိုးမှာဆိုရင်တောင် တော်တော်လေးစိတ်အနှောင့်အယှက်ဖြစ်ရတယ်နော်။ ဒီအခြေအနေမျိုးကိုတော့ လူတိုင်းလိုလိုကြုံဖူးကြမှာပါ။ ဒါကြောင့် သွားတွေကို ဂရုစိုက်ဖို့ကို မေ့မထားဖို့သတိပေးပါရစေ။

သွားနဲ့ခံတွင်းကျန်းမာရေးက အရေးပါတယ်။

သွားနဲ့ခံတွင်းကျန်းမာအောင်ထားပေးတာက နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ ပြင်းထန်တဲ့ ကျန်းမာရေးအခြေအနေတွေကို ကာကွယ်ရာရောက်ပါတယ်။ သွားဖုံးရောဂါက ဆီးချိုရောဂါနဲ့ နှလုံးရောဂါလိုမျိုး နာတာရှည်ကျန်းမာရေးပြဿနာတွေကိုဖြစ်ပေါ်စေနိုင်တဲ့ အဓိကအကြောင်းရင်းခံတစ်ခုဆိုတာကို သိပါရဲ့လား။ ဒီတော့ ပျော်ရွှင်စရာမိသားစုဘဝလေးကို နာတာရှည်ရောဂါတွေကြောင့်ထိခိုက်တာမျိုးမဖြစ်စေဖို့ သွားနဲ့ခံတွင်းကို သန့်ရှင်းကျန်းမာအောင်ဂရုစိုက်ဖို့လိုပါမယ်။ သွား နဲ့ ခံတွင်းကျန်းမာရေးအတွက် အရေးအပါဆုံးအရာတစ်ခုကတော့ သွားပွတ်တံပါ။ သွားပွတ်တံကောင်းကောင်းရွေးချယ်ခြင်းက သင့်ရဲ့ သွားနဲ့ခံတွင်းရေရှည်ကျန်းမာရေးအတွက် အဓိကနေရာကပါဝင်တယ်။

သွားပွတ်တံရဲ့ အသုံးဝင်ပုံအချို့

သွားနဲ့ခံတွင်းသန့်ရှင်းရေးအတွက် တာဝန်ယူထားတဲ့ သွားပွတ်တံက ဒီလိုလေးအသုံးဝင်ပါတယ်။

  • သွားမှာကပ်ညှိနေတဲ့ အရာတွေကိုဖယ်ရှားပေးတယ်
  • သွားဖုံးရောဂါကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးတယ်
  • သွားဖုံးတွေကျန်းမာအောင်လှုံ့ဆော်ပေးတယ်
  • သွားကြိုသွားကြားထဲက အစာအကြွင်းအကျန်တွေကို ဖယ်ရှားပေးတယ်
  • ပြုံးလိုက်တိုင်းလှစေမယ့် သွားတွေကိုပိုင်ဆိုင်စေနိုင်တယ်

ကျန်းမာသန့်ရှင်းတဲ့ သွားနဲ့ခံတွင်းကို ပိုင်ဆိုင်ထားမယ်ဆိုရင် အများနဲ့ပြောဆိုတဲ့အခါမှာဖြစ်ဖြစ် အစားအစာတွေကိုစားသောက်တဲ့အခါမှာဖြစ်ဖြစ် အစစအရာရာအဆင်ပြေမှာ အသေအချာပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း တိုးစေနိုင်မယ်လေ။

သွားပွတ်တံရွေးချယ်တော့မယ်ဆိုရင်

သွားပွတ်တံရွေးချယ်တဲ့အခါ တွေ့ကရာကို အလွယ်တကူဝယ်ယူတာမျိုးမလုပ်သင့်ပါဘူး။ သွားပွတ်တံက အဆင်မပြေတဲ့အခါ ခံတွင်းကျန်းမာဖို့ဆိုတာထက် သွားနဲ့သွားဖုံးတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် သွားပွတ်တံကိုရွေးချယ်တဲ့အခါ အခုပြောပြမယ့်အချက်လေးတွေနဲ့ ကိုက်ညီအောင်ရွေးချယ်ဖို့လိုပါမယ်။

Brush ခပ်ပျော့ပျော့လေးကိုရွေးချယ်တာ အကောင်းဆုံးပါ – သွားပွတ်တံရွေးချယ်တဲ့အခါ Brush ခပ်ပျော့ပျော့လေးကိုရွေးချယ်တာက အကောင်းဆုံးပါ။ ဒါကသွားတွေအတွက်ရော သွားဖုံးနဲ့ခံတွင်းအတွက်ပါ အသင့်တော်ဆုံးဖြစ်မှာပါ။ အပေါ်ယံကြွေလွှာတွေထိခိုက်ပျက်စီးနိုင်ခြေကိုလည်း လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ ထိခိုက်လွယ်တဲ့ သွားဖုံးရှိသူတွေအတွက်လည်း Brush ခပ်ပျော့ပျော့လေး ရွေးချယ်မှဖြစ်နိုင်ပါမယ်။

သွားပွတ်တံရဲ့ Size ကိုဂရုစိုက်ပါ – သွားပွတ်တံကိုမဝယ်ခင်သတိထားရမှာက သွားပွတ်တံရဲ့ အရွယ်အစားပါ။ ဒါကတစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။ အချို့သော သွားပွတ်တံတွေက အရမ်းကြီးနေတတ်ပြီး သွာတိုက်ရတာ အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် သွားပွတ်တံရွေးချယ်တဲ့အခါ အရမ်းကြီးနေတာ မျိုးကိုမရွေးချယ်ပါနဲ့။ ခံတွင်းရဲ့ နေရာအနှံ့ကို ရောက်ရှိနိုင်ဖို့ ခက်ခဲတာကြောင့်ပါ။ သွားတိုက်တဲ့အခါ မှန်ကြည့်ပေးပါ။ အကြောင်းကတော့ သွားပွတ်တံက ပါးစပ်ထဲမှာရှိတဲ့ သွားတစ်ချောင်းမကျန်ဆီကိုရောက်နိုင်ရဲ့လားဆိုတာကို သိရှိနိုင်စေဖို့ပါ။ တကယ်လို့ သွားပွတ်တံက သွားတိုင်းဆီကို မရောက်နိုင်ဘူးဆိုရင် သွားပွတ်တံအသစ်လဲပေးပါ။ သွားတိုက်တံက တစ်လက်မ ဒါမှမဟုတ် လက်မဝက်လောက်ဆိုရင် အဆင်ပြေဆုံးဖြစ်မှာပါ။

သွားပွတ်တံရဲ့ ပုံစံကိုဂရုစိုက်ပါ – သွားတိုက်တံပုံစံဆိုတဲ့နေရာမှာလည်း သွားပွတ်တံရဲ့ ထိပ်ပိုင်းက စက်ဝိုင်း ပုံစံရှိသလို တြိဂံပုံစံ ခပ်လုံးလုံးလေးတွေလည်းရှိပါတယ်။ နောက်တစ်မျိုးကတော့ သွားပွတ်တံထိပ်က ခပ်လုံးလုံးနဲ့ ခပ်ရှည်ရှည်ပုံစံပါ။ ဒီလိုပုံစံအမျိုးမျိုးထဲမှာမှ လက်ကိုင်ကလည်း ကိုင်ရအဆင်ပြေပြီး သွားပွတ်တံကလည်း ပါးစပ်ထဲထည့်လို့ အဆင်ပြေမယ့် အရွယ်အစားမျိုးက ပိုအဆင်ပြေပါတယ်။ ကိုယ့်သွားတွေရဲ့ ပုံစံနဲ့ အဆင်ပြေမယ့် သွားပွတ်တံပုံစံမျိုးကိုရွေးချယ်ဖို့ပြောပါရစေ။ သွားပုံစံတွေက တစ်ဦးနဲ့တစ်ဦးမတူနိုင်ပါဘူး။

လက်ကိုင်ကို ဂရုစိုက်ရွေးချယ်ပေးပါ – သွားတိုက်တဲ့နေရာမှာ အဆင်ပြေပြေဖြစ်စေဖို့ အတွက်က သွားတိုက်တံရဲ့ လက်ကိုင်အဆင်ပြေဖို့လိုပါမယ်။ လက်ကိုင်က မိမိရရကိုင်လို့ရတာဖြစ်ဖို့လိုပါမယ်။ လက်ကိုင်ကရှင်းရှင်းလေးဖြစ်ပြီး လိုသလို အသုံးပြုနိုင်ဖို့လိုပါတယ်။ နောက်တစ်ချက်က အလွယ်တကူကျိုးလွယ်တာမျိုးမဖြစ်ဖို့လိုပါမယ်။

ကိုယ်နဲ့ကိုက်ညီတာကိုရွေးချယ်ပါ – သွားတိုက်တံတွေက အမျိုးမျိုး ရှိပါတယ်။ တချို့သွားတိုက်တံတွေက သွားဖုံးတွေကျန်းမာရေးအတွက်ကို အဓိကထားထုတ်လုပ်ထားတယ်။ တချို့သွားတိုက်တံတွေကတော့ အထွေထွေသွားနဲ့ခံတွင်းကျန်းမာရေးအတွက်ထုတ်လုပ်ထားတယ်။ ထိခိုက်လွယ်တဲ့သွားတွေအတွက်ထုတ်လုပ်ထားတယ် စသဖြင့်ပေါ့။ အဲဒီထဲကမှ ကိုယ်နဲ့အကိုက်ညီဆုံးဖြစ်နိုင်မယ့် သွားပွတ်တံအမျိုးအစားကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။

ဒါကြောင့်ကိုယ်တိုင်အတွက်ဖြစ်ဖြစ် မိသားစုဝင်တွေအတွက်ဖြစ်ဖြစ် သွားပွတ်တံရွေးချယ်တဲ့အခါ အခုပြောခဲ့တဲ့ အချက်လေးတွေနဲ့ ကိုက်ညီအောင်ရွေးချယ်ဝယ်ယူသုံးစွဲမှ ကောင်းပါလိမ့်မယ်။ ပြောထားတဲ့အချက်အလက်တွေအတိုင်းကိုက်ညီဖို့ တစ်ခုချင်းစီလိုက်ရှာရခက်နေမယ်ဆိုရင် သွားဆရာဝန်နဲ့သေချာတိုင်ပင်ဆွေးနွေးကြည့်ဖို့ အကြံပေးလိုက်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Picking Your Ideal Toothbrushhttps://www.arizonafamilydental.com/blog/picking-ideal-toothbrush/ Accessed Date 15 August 2018

Choosing a Toothbrush: The Pros and Cons of Electric and Disposablehttps://www.webmd.com/oral-health/guide/choosing-a-toothbrush-the-pros-and-cons-of-electric-and-disposable#1 Accessed Date 15 August 2018

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။