backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

3

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

လျှာကိုက်မိတာ ကြောင့် အနာဖြစ်ရင် သက်သာစေဖို့

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 01/04/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

လျှာကိုက်မိတာ ကြောင့် အနာဖြစ်ရင် သက်သာစေဖို့

စကားပြောရင်းဖြစ်ဖြစ် အစားစားရင်းဖြစ်ဖြစ် အခန့်မသင့်ရင် လျှာကိုက်မိတတ်ကြပါတယ်။ တစ်ခါတလေ ညအိပ်နေရင်း ယောင်ပြီး လျှာကိုက်မိတာ မျိုးတောင် ဖြစ်တတ်ပါတယ်။

လျှာကိုက်မိတဲ့အခါ ကိုက်မိတဲ့ အားပြင်းသလောက် ထိခိုက်မှုလည်း ပြင်းပါတယ်။ တစ်ခါတလေ လျှာက ရက်အတော်ကြာတဲ့အထိ နာနေတာမျိုး ရှိသလို လျှာမှာ အနာလို ဖြစ်တာမျိုးတောင် ရှိပါတယ်။ ဒီတစ်ခေါက်တော့ မတော်တဆ လျှာကိုက်မိတာကြောင့် လျှာမှာ အနာဖြစ်တဲ့အခါ သက်သာစေဖို့ လုပ်ဆောင်ရမယ့် အိမ်တွင်းနည်းလမ်းလေးတွေကို ပြောပြပေးသွားမှာပါ။

လျှာမှာ အနာဖြစ်စေတဲ့ အကြောင်းအရင်းတွေ ဘာတွေလဲ ……

လျှာမှာ အနာဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေက အများကြီးပါ။ အပေါ်မှာ ပြောခဲ့သလို လျှာကိုက်မိတာ ကြောင့် ဖြစ်နိုင်သလို သွားထိန်းတပ်ထားသူတွေမှာ သွားထိန်းတပ်ထားတာကြောင့် ထိခိုက်မိပြီး လျှာမှာ အနာဖြစ်နိုင်ပါတယ်။

အရမ်းစပ်တဲ့ အစားအစာတွေ စားမိတာ၊ ဆေးလိပ်သောက်တာ၊ ဆေးဝါးအချို့ကြောင့်လည်း လျှာမှာ အနာဖြစ်နိုင်ပါတယ်။ တစ်ခါတလေမှာ မှိုပိုးကူးစက်တာကြောင့်လည်း လျှာမှာ အနာဖြစ်စေနိုင်ပါတယ်။

ဒီလိုဖြစ်တဲ့အခါ ဆေးဝါးတွေ သောက်သုံးတာမျိုး မဟုတ်ဘဲ နေအိမ်မှာပဲ သက်သာအောင် လုပ်ပေးလို့ ရပါတယ်။

လျှာကိုက်မိတာ ကြောင့် အနာဖြစ်ရင် သက်သာစေဖို့

လျှာမှာအနာဖြစ်တဲ့အခါ သက်သာစေဖို့ ဒီနည်းလမ်းလေးတွေက အသုံးတည့်မှာပါ။

ရေခဲကပ်ပါ

ရေခဲကပ်တာက ထုံသွားစေတာကြောင့် လျှာနာတာကို သက်သာစေနိုင်ပါတယ်။ လျှာ အရမ်းနာနေရင် အသုံးပြုသင့်တဲ့ နည်းလမ်းပါ။  လျှာအနာကို ရေခဲကပ်ပေးလို့ ရသလို ရေခဲနဲ့ ပွတ်ပေးတာမျိုး လုပ်ပေးလို့လည်း ရပါတယ်။

အုန်းဆီ

အုန်းဆီက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ လျှာက အနာကို သက်သာစေဖို့လည်း အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။

ဒါကြောင့် လျှာအနာ ဖြစ်မယ်ဆိုရင် ဂွမ်းစသန့်သန့်လေးမှာ အုန်းဆီဆွတ်ပြီး လျှာအနာပေါ်မှာ ၁၅ မိနစ်လောက် ကပ်ထားပေးပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ အာလုပ် ကျင်းလိုက်ပါ။ ဒီလိုလုပ်ပေးတာကလည်း လျှာပေါ်က အနာကို သက်သာစေနိုင်မှာပါ။

ချာမိုမိုင်း လက်ဖက်ရည်

ချာမိုမိုင်း လက်ဖက်ရည်က အရောင်ကျစေနိုင်ပါတယ်။ လျှာအနာမှာ ပြည်တည်နေခဲ့ရင်လည်း  ပြည်တွေကို သန့်စင်ပေးနိုင်မှာပါ။

ချာမိုမိုင်း လက်ဖက်ရည်ကို ခပ်နွေးနွေးအနေလေးမှာ ပါးစပ်ထဲ ခဏငုံထားပြီး သောက်ပေးပါ။ ထွေးထုတ်လို့လည်း ရပါတယ်။

Baking Soda

Baking soda က အနာကျက်စေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဒီတော့ လျှာအနာဖြစ်မယ်ဆိုရင် Baking soda လက်ဖက်ရည်ဇွန်း ၃ ဇွန်း ဒါမှမဟုတ် ၄ ဇွန်းစာကို ရေနဲ့ ခပ်ပျစ်ပျစ်​လေး ဖျော်ပေးပြီး လျှာအနာ ပေါ်မှာ လိမ်းပေးပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ ဆေးချပေးပါ။

ဒီလို လုပ်ပေးတာက နာတာကို သက်သာစေသလို အနာလည်း ကျက်စေနိုင်မှာပါ။

ဆားရည်

ဆားရည်က အာသီးရောင်တာ၊ ပါးစပ်ထဲကအနာ၊ လည်ချောင်းနာတာ၊ ချောင်းဆိုးတာတွေကို သက်သာစေနိုင်သလို လျှာအနာ ကိုလည်း သက်သာစေနိုင်ပါတယ်။

လျှာအနာ သက်သာစေဖို့ဆိုရင်တော့ တစ်နေ့ကို ၂ ကြိမ် ကနေ ၃ ကြိမ်လောက် ဆားရည်နဲ့ အာလုပ်ကျင်းပေးပါ။ အစားစားတာကြောင့် လျှာနာတာ၊ စကားပြောတာကြောင့် လျှာနာတာတွေကို သက်သာစေနိုင်သလို လျှာအနာကို ပိုးဝင်ကူးစက်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။

လျှာမှာ အနာဖြစ်နေတာကြောင့် စားရတာ အဆင်မပြေဖြစ်နေမယ်။ စကားပြောရတာ အဆင်မပြေဖြစ်နေမယ်ဆိုရင်တော့ ဒီနည်းလမ်းလေးတွေက သက်သာစေမှာပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 01/04/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement