backup og meta

နေမကောင်း မဖြစ်ဖို့ သွားတိုက် ကြစို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 16/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နေမကောင်း မဖြစ်ဖို့ သွားတိုက် ကြစို့

    သွားတိုက် တာ သွားကျန်းမာရေးအတွက်ပဲ မဟုတ်ပါဘူး။ သွားနဲ့ ခံတွင်း ကျန်းမာရေးက သင်ထင်ထားတာထက် အများကြီး ပိုအရေးကြီးပါတယ်။ နှလုံးရောင်တာက စလို့ အယ်ဇိုင်းမား ရောဂါအထိ သွားတိုက်တာက အရေးပါတယ်လို့ ပြောရင် ယုံမလားမသိ။

    သွားတိုက် တာနဲ့ ကျန်းမာရေး ဘယ်လို ဆက်စစ်နေတာလဲ။

    တခြားနေရာတွေလိုပဲ ခံတွင်းထဲမှာလည်း ဘက်တီးရီးယားတွေ ရှိပါတယ်။ အများစုကတော့ အန္တရာယ် မပေးပါဘူး။ ဒါပေမယ့် ခံတွင်းက ရောဂါတွေရဲ့ ဝင်ပေါက်ဆိုတာကိုလည်း မမေ့ပါနဲ့။ ဒီကနေ အစာခြေလမ်းကြောင်းနဲ့ အသက်ရှူလမ်းကြောင်းထဲကို ပိုးတွေ အများကြီး ဝင်သွားနိုင်တယ်လေ။

    ပုံမှန်ဆို လူတစ်ယောက်က ခုခံအားလည်း ကောင်းနေမယ်။ သွားသန့်ရှင်းရေးလည်း ပုံမှန်လုပ်ပေးမယ်ဆိုရင် ဘက်တီးရီးယားတွေက မသောင်းကျန်းနိုင်ပါဘူး။ ဒါပေမယ့် သွားမတိုက်ဘူး၊ ခံတွင်း သန့်ရှင်းရေး မလုပ်ဘူးဆိုရင်တော့ ခံတွင်းထဲမှာ မကောင်းတဲ့ ဘက်တီးရီးယားတွေ ပိုများလာပြီး သွားနဲ့ ခံတွင်း ရောဂါတွေ ဖြစ်လာပါလိမ့်မယ်။

    ဒါ့ပြင် နှာစေးပျောက်ဆေး၊ အလာဂျီပျောက်ဆေး၊ အကိုက်အခဲ ပျောက်ဆေး၊ ဆီးဆေးနဲ့ စိတ်ကျရောဂါကုဆေးတွေကလည်း ဘေးထွက်ဆိုးကျိုးအနေနဲ့ တံတွေးထွက်တာကို နည်းစေပါတယ်။ တံတွေးရဲ့ အလုပ်က စားကြွင်းစားကျန်တွေကို ရှင်းထုတ်ပြီး ဘက်တီးရီးယားတွေကြောင့် ထွက်လာတဲ့ အက်စစ်တွေကို ခြေဖျက်ဖို့ပါ။ ဒါ့ပြင် ပိုးတွေ ပွားမလာအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

    လေ့လာချက်တွေအရ ခံတွင်းထဲက ဘက်တီးရီးယားတွေရယ်၊ သွားဖုံးရောင်တာတွေရယ်က တချို့ရောဂါတွေနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ ဒါ့ပြင် ဆီးချိုတို့၊ HIV/AIDSတို့လိုမျိုး ရောဂါတွေမှာ ခုခံအားကျတာကြောင့် ခံတွင်းထဲက ပိုးတွေ ထကြွပြီး ခံတွင်းရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

    သွားတိုက် ဖို့ တိုက်တွန်းနေရတာ ဒါကြောင့်ပါ။

    ခံတွင်းသန့်ရှင်းရေး မလုပ်ဘူးဆိုရင် အောက်ပါ ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

    ခံတွင်း အပါအဝင် ခန္ဓာကိုယ် တခြားနေရာက ပိုးတွေက သွေးထဲကနေတဆင့် နှလုံးကို ရောက်မယ်။ နှလုံးမှာ ကပ်တွယ်ပြီး ပွားမယ်ဆိုရင် နှလုံးအတွင်းပိုင်း ရောင်ရမ်းတာ ဖြစ်တတ်ပါတယ်။

    • နှလုံးနဲ့ ဆက်စပ်သော ရောဂါများ

    ဘာကြောင့်လဲဆိုတာ တိတိကျကျ မပြောနိုင်သေးပေမယ့် တချို့ လေ့လာချက်တွေမှာ ခံတွင်းက ပိုးမွှားတွေကြောင့် ဖြစ်လာတဲ့ ရောင်ရမ်းခြင်းတွေက သွေးကြောတွေကို ထိခိုက်စေပြီး လေဖြတ်စေနိုင်တယ်၊ နှလုံးရောဂါ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

    • ကိုယ်ဝန်ဆောင်နဲ့ မီးတွင်း ပြဿနာများ

    ကိုယ်ဝန်ဆောင်ချိန်မှာ သွားဖုံးရောင်ရမ်းတာကြောင့် ပိုးဝင်လွယ်ပြီး လမစေ့ ပေါင်မပြည့်တဲ့ ကလေးတွေ မွေးတတ်ပါတယ်။

    ခံတွင်းထဲက ပိုးတွေက အဆုတ်ထဲကို ရောက်တဲ့အခါ နမိုးနီးယား အဆုတ်ရောင် ရောဂါနဲ့ တခြား အသက်ရှူလမ်းကြောင်း ပြဿနာတွေ ဖြစ်တတ်ပါတယ်။

    ရောဂါတွေကြောင့်ရော သွားကျန်းမာရေးကို ထိခိုက်နိုင်သလား။

    တချို့ရောဂါတွေကြောင့် သွားကျန်းမာရေး ထိခိုက်ရတာမျိုးတွေလည်း ရှိပါတယ်။ ဥပမာ

    • ဆီးချိုရောဂါ

    ဆီးချိုရောဂါမှာ ခုခံအားကျပြီး ရောဂါပိုးတွေကို ခံနိုင်ရည် မရှိပါဘူး။ ဒီထဲမှာ ခံတွင်းရောဂါပိုးတွေလည်း ပါပါတယ်။ ဆီးချိုရောဂါရှိတဲ့သူတွေမှာ သူများထက် သွားဖုံးပြဿနာတွေ ပိုဖြစ်တတ်တာကို တွေ့ရပါတယ်။

    လေ့လာချက်တွေအရ သွားဖုံးရောဂါရှိတဲ့ ဆီးချိုသမားတွေက စားရသောက်ရ ခက်လို့ ဆီးချိုထိန်းရတာလည်း ပိုခက်ပါတယ်။ ဒါကြောင့် ဆီးချိုရှိသူတွေမှာ ခံတွင်းကျန်းမာရေးကို ပုံမှန်စစ်ဆေးပေးတာက ဆီးချို ထိန်းဖို့ အထောက်အကူ ဖြစ်နိုင်ပါတယ်။

    • HIV/AIDS

    ခံတွင်းထဲမှာ အနာတွေ ပေါက်တာ၊ ပြည်တည်တာတွေက HIV/AIDSရှိတဲ့သူတွေမှာ ပိုတွေ့ရတတ်ပါတယ်။ သူတို့ဆိုရင်လည်း ပုံမှန် သွားတိုက်ဖို့၊ သွားကျန်းမာရေး စစ်ဆေးဖို့ လိုပါတယ်။

    • အရိုးပွရောဂါ

    အရိုးပွရောဂါကလည်း သွားကျွတ်ထွက်တာ၊ မေးရိုးတွေ ပါးလာတာနဲ့ ဆက်စပ်နေပါတယ်။ အရိုးပွရောဂါမှာ ကုသတဲ့ တချို့ဆေးတွေကလည်း မေးရိုးကို အနည်းငယ်ထိခိုက်စေနိုင်တာကို တွေ့ရပါတယ်။

    • အယ်ဇိုင်းမားရောဂါ

    ဘာကြောင့်လည်း မသိပေမယ့် အယ်ဇိုင်းမား ရောဂါ ဆိုးလာလေလေ သွားကျန်းမာရေး ပိုပြီး ထိခိုက်လေလေပါပဲတဲ့။

    သွားကျန်းမာရေးကို ထိခိုက်စေတဲ့ တခြားရောဂါတွေကတော့ စားသောက်မှုပုံစံမမှန်တဲ့ ရောဂါတွေ (ဥပမာ စားပြီး ပြန်အန်ထုတ်ရာက အက်စစ်နဲ့ ထိတွေ့ပြီး သွားတွေ ပျက်စီးတာ)။ လေးဖက်နာရောဂါ၊ တချို့ကင်ဆာတွေနဲ့ တံတွေးမထွက်စေတဲ့ Sjogren’s syndromeလို ရောဂါတွေပဲ ဖြစ်ပါတယ်။

    သွားကျန်းမာရေးကို ဘယ်လို စောင့်ရှောက်ကြမလဲ။

    သိထားပြီးသား ရိုးရှင်း လွယ်ကူတဲ့ နည်းလမ်းတွေပါပဲ။

    • သွားတိုက်မပျင်းပါနဲ့။ အနည်းဆုံး တစ်နေ့ ၂ကြိမ် တစ်ခါတိုက်ရင် ၂မိနစ်လောက်ကြာပါစေ။ သွားကြား၊ အတွင်းပိုင်းကို သေချာတိုက်ပါ။ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးနဲ့ သွားပွတ်တံ အမွေးနူးညံ့တာကို သုံးပါ။ လျှာကိုပါ တိုက်ပါ။
    • သွားပွတ်ကြိုး သုံးပါ။
    • အစာစားပြီးတိုင်း ပလုပ်ကျင်းပါ။
    • အာဟာရပြည့်အောင် စားပါ။ သကြားများတာတွေကို လျှော့စားပါ။
    • ၃-၄ လတစ်ခါ ဒါမှမဟုတ် အမွေးတွေ ဖွာလာရင် သွားပွတ်တံ အသစ်လဲပါ။
    • ဆေးလိပ်မသောက်ပါနဲ့။
    • ၆လတစ်ခါ သွားဆေးခန်းပြပါ။ ဘာလက္ခဏာမှမခံစားရလည်း ပုံမှန် စစ်ဆေးသင့်ပါတယ်။ တချို့ သွားရောဂါတွေက အပြင်က ကြည့်ရင် မမြင်ရဘဲ စစ်ဆေးမှ သိနိုင်တာမျိုးပါ။

    သွားကျန်းမာရေးမှာ ရင်းနှီး မြုပ်နှံဖို့ မနှမြောပါနဲ့။ ယုတ်စွအဆုံး သွားတိုက် ဖို့တောင် မပျင်းပါနဲ့။ သွားကျန်းမာရေးကို ဂရုစိုက်မှ နောက်ဆက်တွဲ ရောဂါတွေ ဆက်ဖြစ်မလာအောင် ကာကွယ်နိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 16/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement