သားသားမီးမီးတို့ရဲ့ သွားကျန်းမာရေး

    သားသားမီးမီးတို့ရဲ့ သွားကျန်းမာရေး

    သွားလေးတွေ ကျိုးနေတာ ချစ်စရာလေး ဆိုပေမယ့် သားသားမီးမီးတို့ရဲ့ သွားကျန်းမာရေး ကို သေချာလေး ဂရုစိုက်ဖို့က အရေးကြီးပါတယ်။ ဘေဘီလေး အရွယ်ကစလို့ ဖိုးဖိုးဖွားဖွားတွေအရွယ်အထိ သွားတွေ ကျန်းမာဖို့က အတော်လေး အရေးကြီးပါတယ်။ အကြောင်းကတော့ သွားကောင်းမှ အစားများများစားနိုင်ပြီး ခန္ဓာကိုယ်က ကျန်းမာမယ်။ ကြီးထွားဖွံ့ဖြိုးမယ်လေ။

    ဘေဘီလေးတွေဆိုရင် ကြီးထွားဖို့ အရှိန်ယူနေတဲ့အရွယ်မို့ အာဟာရ ပြည့်ဝဖို့က အတော်လေး အရေးပါတာပါ။ ဘေဘီလေးတွေက အသက် ၆ လမှာ မိခင်နို့အပြင် အစာမာကို စစားကြပါတယ်။ ဒီလို စားသုံးမှုနဲ့အတူ ဒီအရွယ်မှာပဲ ဘေဘီလေးတွေက အစားအစာတွေကို ကိုက်ဖြတ်နိုင်မယ့် အစိတ်အပိုင်းတွေဖြစ်တဲ့ သွားတွေကို ပိုင်ဆိုင်လာကြပါတယ်။

    သွားငုတ်တုတ် လူငုတ်တုတ်ဆိုသလိုပေါ့။ စစထွက်ချင်းတော့ ဘေဘီလေးက ရှေ့အပေါ်သွား ၂ ချောင်းနဲ့ ရှေ့အောက်သွား ၂ ချောင်းကို ပိုင်ဆိုင်ကြပါတယ်။ ဒီလိုကနေမှ စွယ်သွား၊ အံသွားလေးတွေ ဖြစ်လာတာပါ။ တကယ်လို့များ ဘေဘီလေးက အသက် ၂ နှစ်ကျော်တဲ့အထိ မေမေ့နို့စို့မယ်။ အချိုစာတွေကို အများကြီး စားမယ်ဆိုရင် ဘေဘီလေးရဲ့ ရှေ့သွားလေးတွေက အံသွားလေးတွေနဲ့တောင် မဆုံလိုက်ရ ကြိတ်ဝါးတဲ့ တာဝန်တွေကို အတူတူ မထမ်းဆောင်လိုက်ရတာမျိုး ရှိတတ်ပါတယ်။

    ဒီလို သွားပိုးစားတာမျိုးက ငယ်သွားလေးတွေမှာ ဖြစ်တာက သိပ်ပြဿနာ မရှိပေမယ့် ကြီးသွားတွေ လဲပြီးချိန်မှာ မဖြစ်အောင်တော့ သေချာ ဂရုစိုက်ဖို့ လိုပါမယ်။ ဒါကြောင့် သားသားမီးမီးတို့ရဲ့ သွားကျန်းမာရေး နဲ့ပတ်သက်ပြီး ဖေဖေမေမေတို့ သိထားဖို့ လိုမယ့် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

    သားသားမီးမီးတို့ရဲ့ သွားကျန်းမာရေး အကြောင်း ဖေဖေမေမေတို့ ဘာတွေ သိထားဖို့ လိုမလဲ။

    သားသားမီးမီးလေးတွေဆိုတဲ့နေရာမှာ မွေးပြီး သွားစပေါက်တဲ့ အရွယ်ကနေ အသက် ၁၀ နှစ်ကျော်ဝန်းကျင်အထိ အကျုံးဝင်ပါတယ်။ တိတိကျကျ ပြောရရင်တော့ ကြီးသွားတွေ မပေါက်ခင်အထိပေါ့။

    ဘေဘီလေးတွေက ငယ်သွားတွေပဲ ကြီးသွားတွေမှ မဟုတ်သေးတာဆိုပြီး မိဘတွေက ခပ်ပေါ့ပေါ့ နေတတ်ကြပါတယ်။ တကယ်ကတော့ သွားနဲ့ ခံတွင်း ကျန်းမာရေးက အရွယ်တိုင်းအတွက် အရေးပါသလို ငယ်ကတည်းက သွားနဲ့ခံတွင်း ကျန်းမာရေးကို စောင့်ရှောက်တတ်အောင် သင်ပေးတာ၊ သေချာလေး ဂရုစိုက်ပေးတာတွေ လုပ်ပေးမှ ဘေဘီလေးက ကျန်းမာလှပတဲ့ သွားတွေကို ပိုင်ဆိုင်ပြီး လိုအပ်တဲ့ အာဟာရ ဖြည့်တင်းမှုတွေကို လုပ်ဆောင်နိုင်တော့မှာပေါ့။

    ဒါကြောင့် ဘေဘီလေးတွေကို ငယ်စဉ်ကတည်းကစပြီး သွားနဲ့ ခံတွင်း ကျန်းမာရေးကို သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။

    သားသားမီးမီးတို့မှာ အဖြစ်များတဲ့ သွားကျန်းမာရေး ပြဿနာတွေက ဘာတွေလဲ။

    သားသားမီးမီးတို့မှာ အဖြစ်များတဲ့ သွားကျန်းမာရေး ပြဿနာတွေက ဘာတွေလဲ။

    သားသားမီးမီးတို့မှာ အဖြစ်များတဲ့ သွားကျန်းမာရေး ပြဿနာတွေက တော်တော်လေး များပါတယ်။

    ဘာတွေကြောင့် ဘေဘီတို့ရဲ့ သွားတွေ ပျက်စီးရတာလဲ။

    ကလေးတွေရဲ့ သွားတွေ ပျက်စီးရဲ့ အကြောင်းအရင်းတွေက အများကြီး ရှိသလို တစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်ပါဘူး။

    • အသက်အရွယ် တော်တော်ရတဲ့အထိ မိခင်နို့စို့လို့
    • နို့ဗူးသောက်တာ များလို့
    • အချိုအစားများလို့
    • သွားမတိုက်လို့
    • သွားတိုက်နည်း မမှန်လို့
    • သွားတိုက်ဆေး မှန်မှန်ကန်ကန် မရွေးချယ်ပေးမိလို့
    • အစားတွေ တသွပ်သွပ် စားနေလို့
    • အာဟာရပြည့်ဝအောင် မစားသုံးလို့
    • ပုံမှန် သွားကျန်းမာရေး စစ်ဆေးမှု မရှိလို့ စတဲ့ အချက်တွေကြောင့်ပါ။ ကလေးအများစု သွားပျက်စီးရတာကတော့ သွားသေချာ မတိုက်တာရယ် အချိုစားတာရယ်ကြောင့်ပါ။ လူကြီးတွေက တစ်နေ့ကို သွား (၂) ကြိမ် သေချာ တိုက်ဖြစ်နိုင်ပေမယ့် ဘေဘီလေးတွေကတော့ တစ်ကြိမ်ကိုတောင် တိုက်ဖြစ်တယ်ဆိုရုံ တိုက်ကြတာပါ။ ဒါကြောင့်ပဲ သွားပိုးစားတာ၊ ခံတွင်းနဲ့ဆိုးတာတွေ ဖြစ်ရတာပါ။

    သားသားမီးမီးတို့ရဲ့ သွားကျန်းမာရေး ကောင်းစေဖို့ ဘာတွေ လုပ်ပေးဖို့ လိုမလဲ။

    သားသားမီးမီးတို့ သွားကျန်းမာစေဖို့ ဆိုရင်

    • အချိုပါတဲ့ သောက်စရာတွေ အများကြီး မတိုက်ပါနဲ့
    • ရေများများ တိုက်ပါ
    • သကြား၊ ပျားရည်တို့လိုမျိုး ချိုတဲ့ အစားအစာတွေ မကျွေးပါနဲ့
    • ဘေဘီလေး အိပ်သွာတာနဲ့ မေမေ့နို့ကိ ဖြုတ်ပါ
    • ဘေဘီလေးရဲ့ စားစရာတွေထဲကို သကြားထည့်ကျွေးတာမျိုး မလုပ်ပါနဲ့
    • ဘေဘီလေးကို သွားမပေါက်သေးရင်တောင် သွားဖုံးလေးတွေကို အဝတ်စသန့်သန့်လေးမှာ ရေနွေးနွေးလေး ဆွတ်ပြီး ပုံမှန် သန့်ရှင်းပေးပါ။
    • ဖလိုရွိုက်ပါတဲ့ သွားတိုက်ဆေးကို ရွေးချယ်ပေးပါ။ (သင့်တင့်တဲ့ ပမာဏ ဖြစ်ဖို့တော့ လိုပါမယ်)
    • သောက်စရာတွေကို ၁ နှစ်အရွယ်မှာကတည်းက ခွက်နဲ့ သောက်တတ်အောင် လေ့ကျင့်ပေးထားပါ။
    • သွားကို မနက် တစ်ကြိမ် ည တစ်ကြိမ် တိုက်ပေးပါ။
    • အစာ စားပြီးတိုင်း ခံတွင်း သန့်ရှင်းပေးပါ။
    • သွားဆရာဝန်နဲ့ ပြသပေးပါ။
    • အာဟာရမျှတအောင် ကျွေးပါ။

    Takeaways

    သားသားမီးမီးတို့ရဲ့ သွားကျန်းမာရေး ကို ငယ်စဉ်ကတည်းက သေချာလေး ဂရုစိုက်ပေးပြီး ကျန်းမာတဲ့ သွားတွေ ပိုင်ဆိုင်အောင် လုပ်ပေးဖို့ လိုပါမယ်။ ငယ်စဉ်ကတည်းက သွားတိုက်တာကစလို့ လိုအပ်တဲ့ ခံတွင်းစောင့်ရှောက်မှုတွေကိုပါ သေချာလေး လုပ်ဆောင်ပေးဖို့ လိုပါမယ်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement