ဒေါက်တာ ဖြိုးသီဟသည် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရန်ကုန်၊ ဆေးတက္ကသိုလ် ၁ မှ ဘွဲ့ရရှိခဲ့ပြီး၊ ယင်းနှစ် မတ်လထုတ် The Voice ဂျာနယ်ပါ “ဒီမိုကရေစီအလေ့အကျင့်နှင့် မြန်မာလူမျိုး” ဆောင်းပါးဖြင့် စာပေလောကသို့ စတင်ရောက်ရှိခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် “ကမ္ဘာကြီးရဲ့တောင်ပံတစ်စုံ” နှင့် “မာန်” စာအုပ်၊ ၂၀၁၇ ခုနှစ်တွင် “အဖြေရှာရခက်တဲ့ပုစ္ဆာ” နှင့် “သားတွေကို ပြောပြပေးပါ” စာအုပ်၊ ၂၀၁၈ ခုနှစ်တွင် “ညီလေးတို့ဖတ်ဖို့” စာအုပ်၊ ၂၀၁၉ ခုနှစ်တွင် “သမီးတွေကို ပြောပြပေးပါ”၊ “ပရော်ဖက်ရှင်နယ်တစ်ယောက် ဖြစ်ဖို့ဆိုရင်” နှင့် ”ခေတ်သစ်ရဲ့ တောင်းဆိုမှုများ” စာအုပ်တို့ကို ရေးသားခဲ့ပြီး၊ လက်ရှိတွင် လူမှုကွန်ရက်စာမျက်နှာ၊ နေ့စဉ်ထုတ်သတင်းစာ၊ ကျန်းမာရေးဂျာနယ်များ၌ လူငယ်၊ အမျိုးသမီး၊ လူမှုရေး၊ ကျန်းမာရေး၊ စီမံခန့်ခွဲမှုနှင့်ပတ်သက်သော ဆောင်းပါးများ ပုံမှန်ရေးသားလျက် ရှိပါသည်။
ယခုအခါ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုတွင် Head of Training & Clinical service အဖြစ် တာ၀န်ထမ်းဆောင်လျက် ရှိပြီး Win-Win Organization ၊ Youth Doctors Healthcare Group နှင့် တစ်ကိုယ်တော် ပရဟိတသမားများ ကွန်ရက်၊ စံပယ်ဖြူကဏ္ဍတို့၏ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲနှင့် သင်တန်းများတွင်လည်း သင်တန်းပို့ချသူအဖြစ် ပါ၀င်ဆောင်ရွက်လျက် ရှိပါသည်။ ၂၀၁၇ ခုနှစ်၊ မေလမှစတင်ကာ “Power of Passion” စီမံခန့်ခွဲမှုနှင့် ကိုယ်ရည်ကိုယ်သွေး တိုးတက်ရေးသင်တန်းကိုလည်း ပူးတွဲတည်ထောင်ခဲ့ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်လိုသူများ၊ ကိုယ်ရည်ကိုယ်သွေး တိုးတက်လိုသူများအတွက် သင်တန်းများ ပို့ချလျက်ရှိပါသည်။ Brand You Academy Online Learning Platform တွင်လည်း Lead Trainer အဖြစ် တာ၀န်ယူ မျှဝေပေးနေပါသည်။
ဒေါက်တာ ဖြိုးသီဟ၏ ဆောင်းပါးများကို ပုံနှိပ်မီဒီယာများတွင်သာမက၊ လူမှုကွန်ရက် Facebook ရှိ “Dr Phio Thiha” Page နှင့် ၄င်း၏ကိုယ်ပိုင် Website ဖြစ်သော https://drphiothiha.com တွင်လည်း ဖတ်ရှုနိုင်သလို၊ ဝေဖန်အကြံပြုစာများလည်း ပေးပို့နိုင်ပါသည်။