home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

အသည်းကင်ဆာ ဖြစ်ပွားနိုင်ချေကို မြင့်မားစေသော အရာတွေက ဘာတွေလဲ

အသည်းကင်ဆာ ဖြစ်ပွားနိုင်ချေကို မြင့်မားစေသော အရာတွေက ဘာတွေလဲ

ဖြစ်ပွားနိုင်ချေမြင့်မားစေတဲ့ အန ္တရာယ်ဆိုတာဟာ ရောဂါတစ်ခု (ဥပမာ ကင်ဆာရောဂါ) ဖြစ်ပွားနှုန်းများစေတဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ဖြစ်ပွားနှုန်းများစေတဲ့အရာ တွေဟာ သင့်မျိုးရိုး၊ နေထိုင်စားသောက်မှု ပုံစံ၊ အခြားအခြေအနေတွေ ရှိခြင်း အစရှိတာတွေ ဖြစ်နိုင်ပါတယ်။ ပြုပြင်ပြောင်းလဲနိုင်တဲ့ ဖြစ်ပွားနှုန်းများစေတဲ့အရာ တွေ ရှိပါတယ် (ဥပမာ ဆေးလိပ်ဖြတ်ခြင်း)။ ဒါပေမယ့် မျိုးရိုးနဲ့ အသက်အရွယ် စတာတွေကိုတော့ ပြောင်းလဲနိုင်ခြင်း မရှိပါဘူး။

ဒါပေမယ့် ဖြစ်ပွားနှုန်းများစေတဲ့အရာ တစ်ခု (သို့) အမြောက်အမြား ရှိခြင်းဟာ သင့်မှာ အသည်းကင်ဆာဖြစ်ကိုဖြစ်မယ်လို့ မဆိုလိုပါဘူး။ အသည်းကင်ဆာ ဝေဒနာရှင်အချို့မှာ ဖြစ်ပွားနှုန်းများစေတဲ့အရာ လုံးဝမရှိခြင်း (သို့) နည်းပါးခြင်းတွေလည်း ဖြစ်နိုင်ပါတယ်။ အသည်းကင်ဆာ ဖြစ်ပွားနှုန်းများစေတဲ့ အချက်တွေ ရှိပါတယ်။

လိင်နဲ့ အသက်

သင်ဟာ ယောက်ျားလေးဆိုရင် အသည်းကင်ဆာ ဖြစ်ပွားနှုန်း ပိုများနိုင်ပါတယ်။ အသည်းကင်ဆာဟာ အမျိုးသားတွေမှာ အမျိုးသမီးတွေထက် ပိုအဖြစ်များပါတယ်။ အမျိုးသားတွေမှာ အသည်းကင်ဆာ ဖြစ်ပွားနှုန်းဟာ ၈၁ ယောက်မှာ တစ်ယောက်နှုန်း ဖြစ်ပြီး အမျိုးသမီးတွေမှာတော့ ၁၉၆ ယောက်မှာ တစ်ယောက် ဖြစ်ပါတယ်။ အသည်းကင်ဆာ အမျိုးအစားတစ်မျိုးဖြစ်တဲ့ fibrolamellar ကတော့ အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသည်းကင်ဆာ ဖြစ်နှုန်းဟာ အသက်ကြီးလာတာနဲ့အမျှ မြင့်တက်လာပါတယ်။

နာတာရှည် ဗိုင်းရပ်စ်ပိုးကြောင့် အသည်းရောင်ခြင်း

အသည်းရောင်ရောဂါပိုး ဘီနဲ့ စီကြောင့် ဗိုင်းရပ်စ်ပိုးရေရှည် ဝင်ခြင်းဟာ အသည်းကင်ဆာ ဖြစ်ပွားမှု အများဆုံး အချက်တစ်ချက်ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်တွေဟာ ကမ္ဘာအနှံ့အပြားမှာ အဖြစ်များတာကြောင့် သူတို့ဟာ အသည်းကင်ဆာကို အဖြစ်အများဆုံးကင်ဆာ ဖြစ်အောင် ပြုလုပ်ထားကြပါတယ်။

အသည်းရောင်ဘီပိုး ဟာ အထူးသဖြင့် အာရှနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အသည်းကင်ဆာရဲ့ အဖြစ်အများဆုံး အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ အသည်းရောင်ဘီပိုး နဲ့ အသည်းရောင်စီပိုး ရောဂါရှိသူတွေဟာ နာတာရှည်အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်းနဲ့ အသည်းကင်ဆာ ဖြစ်ပွားခြင်းတွေ ပိုများပါတယ်။

အသည်းရောင်ဘီ နဲ့ စီရောဂါပိုးတွေဟာ လူတစ်ယောက်ကနေ တစ်ယောက်ကို အကြောဆေးထိုးအပ်တွေ မျှဝေသုံးစွဲခြင်း၊ အကာအကွယ်မပါပဲ လိင်ဆက်ဆံခြင်း၊ ကလေးမွေးခြင်းတွေမှ တစ်ဆင့် ကူးစက်နိုင်ပါတယ်။ အသည်းရောင်ဘီပိုး ကူးစက်ခံရရင်တော့ တုတ်တွေးရောဂါလက္ခဏာတွေနဲ့ မျက်လုံး၊ အရေပြားဝါခြင်းတွေကို ခံစားရမှာဖြစ်ပါတယ်။ လူအတော်များများဟာ အသည်းရောင်ဘီပိုးကူးစက်ခံရမှု ကနေ အချိန်အနည်းငယ်အကြာမှာ ပြန်ကောင်းသွားတတ်ပေမယ့် အချို့ကတော့ နာတာရှည် ရောဂါကူးစက်ခြင်း ခံရတတ်ပြီး အသည်းကင်ဆာ ဖြစ်ပွားနှုန်း မြင့်မားတတ်ပါတယ်။ ကိုယ်ခံအားစနစ် နည်းပါးတဲ့ ကလေးတွေနဲ့ မွေးကင်းစကလေးတွေမှာလည်း ရောဂါပိုးကူးစက်ခံရရင် အသည်းကင်ဆာ ဖြစ်ပွားနှုန်း မြင့်မားတတ်ပါတယ်။

အသည်းရောင်စီပိုး ဟာ အသည်းရောင်ဘီပိုး ထက် ရောဂါလက္ခဏာ နည်းပါးပါတယ်။ ဒါပေမယ့် သူဟာ မပြင်းထန်ဘူးလို့ မဆိုလိုပါဘူး။ အသည်းရောင်စီပိုး ကူးစက်ခံရတဲ့ လူတွေဟာ နာတာရှည် ရောဂါပိုးဝင်ခြင်းကို ခံစားကြရပြီး အသည်းပျက်စီးကာ အသည်းကင်ဆာ ဖြစ်နိုင်ပါတယ်။

အခြား အသည်းရောင်ဗိုင်းရပ်စ်ပိုး (ဥပမာ အသည်းရောင် အေ၊ အီး) တွေဟာလည်း အသည်းကို ပျက်စီးစေနိုင်ပါတ်။ ဒါပေမယ့် ဒီပိုးတွေကတော့ နာတာရှည်အသည်းရောင်ခြင်းကို ဖြစ်စေခြင်း မရှိတာကြောင့် အသည်းကင်ဆာ ဖြစ်ပွားနှုန်း မမြင့်စေပါဘူး။

အသည်းခြောက်ခြင်း

အသည်းခြောက်ခြင်းဟာလည်း အသည်းကင်ဆာနဲ့ ဆက်စပ်နေပါတယ်။ အသည်းကင်ဆာလူနာအများစုဟာ အသည်းခြောက်ခြင်း အနည်းနဲ့ အများရှိတတ်ပါတယ်။ အသည်းခြောက်ရောဂါရှိသူတွေဟာ အသည်းပျက်စီးနိုင်ပြီး အသည်းမှာ အမာရွတ်ဖြစ်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ အသည်းခြောက်ရောဂါပိုးရှိသူတွေဟာ အသည်းကင်ဆာ ဖြစ်ပွားနှုန်း ပိုမြင့်ပါတယ်။

အသည်းခြောက်ခြင်းကို ဖြစ်စေတဲ့အကြောင်းရင်းများစွာ ရှိပါတယ်။ အဖြစ်အများဆုံးကတော့ အရက်အလွန်အကျွံသောက်ခြင်း (သို့) အသည်းရောင်ဘီပိုး၊ စီပိုးရှိခြင်း တွေပဲဖြစ်ပါတယ်။

မိမိခန္ဓါကိုယ်မှဆဲလ်များကို မှားယွင်းပြီး ပြန်လည်တိုက်ခိုက်တဲ့ ကိုယ်ခံအားစနစ်ရောဂါ တွေဖြစ်တဲ့ primary biliary cirrhosis ဟာ အသည်းကိုထိခိုက်စေပြီး အသည်းခြောက်စေပါတယ်။ သင့်မှာ ဒီရောဂါရှိမယ်ဆိုရင် သင့်ကိုယ်ခံအားစနစ်က အသည်းရဲ့ သည်းခြေပြွန် တွေကို တိုက်ခိုက်ကာ ပျက်စီးစေပြီး အသည်းခြောက်စေပါတယ်။ ဒီရောဂါပြင်းထန်လာရင်တော့ အသည်းကင်ဆာကို ဖြစ်စေနိုင်ပါတယ်။

အရက်အလွန်အကျွံသောက်ခြင်း

အရက်သောက်ခြင်းဟာ အသည်းခြောက်ခြင်းရဲ့ အဓိက အကြောင်းရင်းတစ်ခုဖြစ်ပြီး အသည်းကင်ဆာဖြစ်နှုန်းကို မြင့်တက်စေတဲ့အရာလည်းဖြစ်ပါတယ်။ ဖြစ်ပွားနှုန်းဟာ အရက်အလွန်အကျွံသောက်သူတွေမှာ ပိုမြင့်မားပါသေးတယ် (တစ်နေ့အရက်ခြောက်ခွက်ထက် ပိုသောက်သူ)။

အဝလွန်ခြင်း

အဝလွန်ခြင်းဟာ အသည်းအဆီဖုံးခြင်းကို ဖြစ်စေပြီး ဒါကတော့ အသည်းခြောက်ခြင်းကို ထပ်မံဖြစ်စေပါတယ်။ အရက်လုံးဝ (သို့) အနည်းငယ်သောက်သူတွေမှာ အသည်းအဆီဖုံးရာကနေတစ်ဆင့် အသည်းခြောက်ခြင်းတိုင်အောင် ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေကို အဝလွန်သူတွေမှာလည်း တွေ့ရတတ်ပါတယ်။ ဒီရောဂါကို NASH (non-alcoholic steatohepatitis) လို့ ခေါ်ပြီး သူဟာ ပြင်းထန်နိုင်ကာ အသည်းခြောက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

ဆီးချို အမျိုးအစား ၂

ဆီးချို အမျိုးအစား ၂ ရှိသူတွေဟာ အဝလွန်ခြင်း (သို့) ကိုယ်အလေးချိန်များခြင်းတွေ ဖြစ်နိုင်တာမို့ အသည်းပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဒီလူတွေမှာ အခြားအချက်တွေဖြစ်တဲ့ အရက်အလွန်အကျွံသောက်ခြင်းနဲ့ နာတာရှည် အသည်းရောင်ခြင်းတွေရှိနေခဲ့ရင် ရောဂါဖြစ်ပွားနှုန်း ပိုမိုမြင့်မားနိုင်ပါတယ်။

မျိုးရိုးလိုက်သော ဇီဝကမ္မ ရောဂါ

မျိုးရိုးဗီဇဟာ အသည်းကင်ဆာ ဖြစ်ပွားနှုန်းကို သက်ရောက်မှု ရှိပါတယ်။ အချို့ ဇီဝကမ္မရောဂါ တွေဟာ မျိုးရိုးလိုက်တတ်ပါတယ်။ ဥပမာ မျိုးရိုးလိုက်သော သံဓါတ်များသည့် ရောဂါ ဟာ ကိုယ်ခန္ဓါကို အစားအသောက်က သံဓါတ်တွေကို ပိုမို စုပ်ယူစေပါတယ်။ ကိုယ်ခန္ဓါအတွင်း သံဓါတ်များခြင်း (အသည်းအပါအဝင်) ဖြစ်စေနိုင်ပါတယ်။ အသည်းမှာ သံဓါတ်များလာရင် ဒါဟာ အသည်းခြောက်ခြင်းနဲ့ အသည်းကင်ဆာတွေကို ဖြစ်စေနိုင်ပါတယ်။

အခြားအသည်းကင်ဆာဖြစ်နှုန်း မြင့်စေနိုင်တဲ့ ရှားပါးတဲ့ ရောဂါတွေကတော့

  • Tyrosinemia
  • Alpha1-antitrypsin deficiency
  • Porphyria cutanea tarda
  • Glycogen storage diseases
  • Wilson disease တို့ပဲ ဖြစ်ပါတယ်။

Aflatoxins (မှို)

Aflatoxins တွေဟာ အသည်းကင်ဆာ ဖြစ်ပွားစေတဲ့အရာဝတ္ထုတွေပဲ ဖြစ်ပါတယ်။ သူတို့ကို ပဲ၊ ဂျုံ၊ ပဲပိစပ်၊ ပြောင်းဖူးနဲ့ ဆန်တွေမှာပါတဲ့ မှိုတစ်မျိုးကနေ ပြုလုပ်တာဖြစ်ပါတယ်။ စိုစွတ်နွေးထွေးတဲ့ ပတ်ဝန်းကျင်မှာ ထားမယ်ဆိုရင် ဒီမှိုတွေဟာ ရှင်သန်ပြီး သင်စားတဲ့ အစားအသောက်တွေထဲကို ကူးစက်နိုင်ပါတယ်။

ပူနွေးတဲ့ ရာသီဥတု ရှိတဲ့ အပူပိုင်းနိုင်ငံတွေဟာ Aflatoxins တွေ ကြီးထွားစေဖို့ ပိုမိုသင့်လျော်ပေမယ့် သူဟာ တစ်ကမ္ဘာလုံးမှာ ရှိနိုင်ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ အစားအသောက်တွေမှာ Aflatoxins ကို စစ်ဆေးကြပါတယ်။

ဒီအရာဝတ္ထုတွေနဲ့ ရေရှည်ထိတွေ့ခြင်းဟာ အသည်းကင်ဆာ ဖြစ်ပွားခြင်းရဲ့ အဓိက အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ ဒီလိုလူတွေမှာ အသည်းရောင်ဘီ သို့ အသည်းရောင်စီ ရောဂါပိုး ရှိမယ်ဆိုရင် ရောဂါဖြစ်ပွားနှုန်း ပိုများနိုင်ပါတယ်။

Vinyl chloride နဲ့ thorium dioxide (Thorotrast)

Vinyl chloride ဟာ ပလပ်စတစ်လုပ်တဲ့ ဓါတုပစ္စည်းတစ်မျိုးဖြစ်ပြီး Thorotrast ကတော့ X-rays ဓါတ်မှန် ရိုက်ရာတွင် ပုံရိပ်ပေါ်ဖို့ လူခန္ဓါကိုယ်ထဲကို ထိုးသွင်းရတဲ့ ရေဒီယိုသတ္တိကြွ ဒြပ်ပေါင်းပါသော ဆေးရည်တစ်မျိုးဖြစ်ပါတယ်။ ဒီဓါတုပစ္စည်းတွေကို ရေရှည်ထိတွေ့ခြင်းဟာ အသည်းကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ သူဟာ သည်းခြေပြွန်ကင်ဆာ ဖြစ်ပွားနှုန်း ကိုလည်း အနည်းငယ် မြင့်စေနိုင်ပါတယ်။

ဒါကြောင့် Vinyl chloride နဲ့ thorium dioxide အသုံးပြုမှုကို ကန့်သတ်ထားတဲ့ ကြိုတင်ကာကွယ်မှုတွေကို ပြုလုပ်နေကြပြီ ဖြစ်ပါတယ်။ Thorotrast ကို နောက်ထပ်အသုံးပြုခြင်း မရှိတော့ပဲ vinyl choloride အသုံးပြုမှုကို တင်းကျပ်စွာ ကန့်သတ်ထားပါတယ်။

Anabolic steroids (ကြွက်သားတက်စေသော စတီးရွိုက်ဆေး)

Anabolic steroids တွေဟာ အားကစားသမားတွေမှာ ကြွက်သားတိုးဖို့နဲ့ သန်မာစေဖို့ အသုံးပြုကြတဲ့ တရားမဝင် အရာတွေ ဖြစ်ပါတယ်။ ဒီ Anabolic steroids တွေကို ကြာရှည်အသုံးပြုခြင်းဟာ အသည်းကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ Cortisone-like steroids တွေ ဖြစ်တဲ့ hydrocortisone၊ prednisone နဲ့ dexamethasone တွေကတော့ တူညီတဲ့ ဆိုးကျိုးတွေကို မဖြစ်စေပါဘူး။

အာဆင်းနစ်

အာဆင်းနစ် ပါဝင်တဲ့ ရေတွင်းထဲက ရေတွေဟာ အချိန်အကြာကြီး ထိတွေ့မှုရှိရင် အသည်းကင်ဆာကို ဖြစ်စေပါတယ်။ ဒါဟာ အာရှ အရှေ့ပိုင်း နိုင်ငံတွေမှာ ပိုအဖြစ်များပါတယ်။

ကပ်ပါးပိုးဝင်ခြင်း

ကပ်ပါး ရောဂါပိုးဝင်ခြင်းတစ်မျိုးဖြစ်တဲ့ schistosomiasis ဟာ အသည်းပျက်စီးခြင်းကိုဖြစ်စေပြီး အသည်းကင်ဆာနဲ့ ဆက်စပ်မှု ရှိပါတယ်။ ကပ်ပါးကောင် ရောဂါပိုးကူးစက်ခြင်းတွေဟာ အာရှ၊ အာဖရိကနဲ့ တောင်အမေရိက နိုင်ငံတွေမှာ ပိုအဖြစ်များပါတယ်။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါတယ်။ ဆေးလိပ်ဟာ အသည်းကင်ဆာရောဂါကို ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်ဖြတ်ခြင်းဟာ အသည်းကင်ဆာ ဖြစ်ပွားနှုန်းကို လျှော့ချပေးနိုင်ပေမယ့် သင့်အသည်းထဲမှာ ဆေးရွက်ကြီးတွေ စုပြုံနေမယ်ဆိုရင် ဆေးလိပ်မသောက်ဖူးသူတွေထက်တော့ အသည်းကင်ဆာဖြစ်ပွားနှုန်း မြင့်ဆဲဖြစ်မှာ ဖြစ်ပါတယ်။ အသည်းကင်ဆာ ဖြစ်ပွားသူတွေရဲ့ ၂၃ ရာခိုင်နှုန်းဟာ ဆေးလိပ်သောက်ခြင်းနဲ့ ဆက်စပ်နေတာကို အင်္ဂလန်နိုင်ငံ မှာ တွေ့ရပါတယ်။

ကိုယ်ဝန်တားဆေး

ရှားပါးတဲ့အခြေအနေတွေမှာ ကိုယ်ဝန်တားဆေးတွေဟာ အသည်းမှာ ကင်ဆာမဟုတ်တဲ့ ရိုးရိုးအကျိတ်တွေကို ဖြစ်စေနိုင်ပါတယ်။ ဒီအကျိတ်တွေဟာ ကင်ဆာဖြစ်စေလားဆိုတာကိုတော့ သိရှိခြင်း မရှိပါဘူး။

Oestrogen-progestogen (အီစထရိုဂျင်-ပရိုဂျက်စတရုန်း) ဟော်မုန်းတားဆေးတွေဟာ လေ့လာမှုတွေအရ အသည်းကင်ဆာ ဖြစ်စေတယ်လို့ ဆိုပါတယ်။

လတ်တလော ကိုယ်ဝန်တားဆေးတွေဟာ အီစထရိုဂျင် ပုံစံအမျိုးမျိုး၊ ပမာဏအမျိုးမျိုးနဲ့ အီစထရိုဂျင် တွေကို အခြားဟော်မုန်းတွေနဲ့ ပေါင်းစပ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒီဆေးအသစ်တွေက အသည်းကင်ဆာ ဖြစ်ပွားနှုန်းကို မြင့်တက်စေလားဆိုတာကိုတော့ သိရှိခြင်း မရှိပါဘူး။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Translated by Phyu Mon Latt

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံ
Dr . Phyu Mon Latt မှ ရေးသားသည်။ 12/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. K Zin Thwe မှ ကျွမ်းကျင်စွာ စစ်ဆေးထားပါသည်။